(((ကိုယ့်အိမ်ကို ဆောက်ခြင်း)))
တခါတုန်းက လက်သမားအဘိုးအိုကြီးတဦးဟာ အသက်အရွယ် ကြီးရင့်လာတာကြောင့်
အလုပ်က အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် လက်သမားအဘိုးအိုဟာ သူ့ရဲ့
အစီအစဉ်တွေကို သူ့တပည့်တွေကို ပြောပြထားပါတယ်။ သူ့အစီအစဉ်တွေကတော့
သူ့တပည့်တွေအနေနဲ့ သူ့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောက်လုပ်ဖို့နဲ့
သူရယ် သူ့အမျိုးသမီးရယ် သူ့မိသားစုဝင်တွေနဲ့အတူ အေးအေးဆေးဆေး
သက်သက်သာသာနေထိုင်နိုင်မဲ့ အိမ်တလုံးဆောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ အဘိုးအိုဟာ
တပတ်တိုင်း တပတ်တခါ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ကြည့်ရှုစစ်ဆေးနေရပါတယ်။
ဒါပေမဲ့ အဘိုးအိုဟာ တပည့်တွေကို လုပ်ငန်းတွေ လွှဲပေးပြီး အလုပ်ကနေ အမြန်ဆုံး
အနားယူချင်နေပါတယ်။ ကန်ထရိုက်တာဟာ သူ့ရဲ့ အလွန်အင်မတန်မှ
လုပ်ငန်းကျွမ်းကျင်တဲ့ အရည်အချင်းပြည့်ဝလှတဲ့ အဘိုးအို အနားယူတော့
မယ်ဆိုတာကို သိလိုက်ရတဲ့အခါ အလွန် အင်မတန်ပဲ စိတ်သောကရောက်သွားပါတယ်။
သူ့ကို အခွင့်အရေး ပေးတဲ့အနေနဲ့ နောက်ထပ်အိမ်တလုံး ထပ်ဆောက်ပေးဖို့
အဘိုးအိုကို တောင်းဆိုလိုက်ပါတယ်။ လက်သမားအဘိုးအိုကလည်း ဆောက်ပေးပါမယ်လို့
ကတိပေး လိုက်ပါ တယ်။ ဒါပေမဲ့ အဘိုးအိုဟာ သိပ်မကြာခင်မှာပဲ သူဟာ အလုပ်ထဲမှာ
ဘယ်လိုမှ စိတ်မ၀င်စားတော့တာကို သတိပြုမိလာပါတော့တယ်။ ဒါကြောင့် အဘိုးအိုဟာ
မတတ်သာ သည့်အဆုံး အလွန်ညံ့တဲ့ ပစ္စည်းတွေကို သုံးပြီး သူ့လက်ရာတွေကို
ဖြစ်သလိုပဲ ဖန်တီးပစ်လိုက်ပါတော့တယ်။ ဒါဟာ သူ့အတွက် ဘ၀နဲ့ချီပြီး
ရင်းနှီးခဲ့ရတဲ့ သူ့ရဲ့ အသက်မွေးမှုလုပ်ငန်းကို ကံမကောင်းစွာနဲ့
အဆုံးသတ်သွားစေမယ် အရာတခုပဲ ဖြစ်ပါတယ်။ သူလုပ်ငန်း ပြီးဆုံးသွားတဲ့အခါ
အလုပ်ရှင်ဟာ သူ့အိမ်ကို ကြည့်ရှုစစ်ဆေးဖို့ ရောက်လာပါတော့တယ်။ အလုပ်ရှင်ဟာ
အိမ်ရှေ့တခါးသော့ကို လက်သမားအဘိုးအိုကို ပေးအပ်လိုက်ပြီး ဒီအိမ်ကို
အဘိုးကို ကျနော် လက်ဆောင်ပေးပါတယ်။ ဒီအိမ်ဟာ အဘိုးအိုရဲ့ အိမ်ဖြစ်ပါတယ်လို့
ပြောလိုက်ပါတယ်။ မထင်မှတ်ပဲ ဒီစကားကို ကြားလိုက်ရတဲ့အခါ အဘိုးအိုဟာ
တုန်လှုပ်ချောက်ချားသွားပါတော့တယ်။ ဘယ်လောက် ၀မ်းနည်းစရာကောင်းလိုက်ပါသလဲ၊
တကယ်လို့ အဘိုးအိုဟာ သူဟာ သူ့အတွက် အိမ်ကို သူကိုယ်တိုင်ပဲ
ဆောက်နေပါလားလို့ သိခဲ့မယ်ဆိုရင် အဘိုးအိုဟာ ဒီအိမ်နဲ့ ပတ်သက်ပြီး
အကောင်းဆုံး ပစ္စည်းတွေကို အသုံးပြုပြီး လှပသေသပ်တဲ့ လက်ရာတွေနဲ့
အကောင်းဆုံးဖြစ်အောင် သူဖန်တီးတည်ဆောက်ခဲ့မှာပါ။
အခုတော့…………………။
ပုံပြင်လေးကတော့ ဒီမှာပဲ အဆုံးသတ်သွားပါတယ်။
ဒီပုံပြင်လေးနဲ့ ထပ်တူမဟုတ်ဘူးဆိုရင်တောင် ဒီလိုအဖြစ်မျိုးတွေ စာရေးသူ
စာဖတ်သူတို့ရဲ့ တကယ်လက်တွေ့ ဘ၀တွေထဲမှာ တကယ်ရှိနိုင်မယ်လို့ ထင်ပါတယ်။
ဒီပုံပြင်လေးကို ဖတ်နေရင်းနဲ့ အတူနေသူငယ်ချင်းကို ပြောပြမိတဲ့အခါ သူက
ပုံပြင်လေးတပုဒ် ပြန်ပြောပြပါတယ်။ ပုံပြင်လို့ ပြောလိုက်ပေမဲ့
သီဟိုဠ်ကျွန်းမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လေးလေး တခုပဲဖြစ်ပါတယ်။။
တခါတုန်းက သီဟိုဠ်ကျွန်းမှာ တပည့်အခြံအရံ ပေါများတဲ့ မထေရ်ကြီးတပါး
ရှိပါတယ်။ အရွယ်ရောက်လာကြတဲ့အခါ တပည့်တွေအားလုံးဟာ တပါးပြီး တပါး
လူထွက်သွားကြတာ တပည့်ဦးဇင်းလေးတပါးပဲ ကျန်ပါတယ်။ နောက်ဆုံး တပည့်ကလည်း
တနေ့ကြတော့ သူလည်း လူထွက်ပါရစေလို့ ဆရာမထေရ်မြတ်ကြီးထံမှာ
ခွင့်တောင်းတဲ့အခါ ငါ့တပည့်ရေ… ငါ့မှာလည်း တပည့်တွေ တပါးပြီး တပါး
လူထွက်သွားကြလိုက်တာ နောက်ဆုံး မင်းတပါးပဲ ကျန်တော့တယ်။ ငါလည်း အသက်အရွယ်
ကြီးရင့်အိုမင်းလှပါပြီ။ မင်းလူမထွက်ခင် ငါ့အတွက် နေထိုင်ဖို့
ကျောင်းသင်္ခန်းလေး တဆောင်တော့ ဆောက်ပေးခဲ့ပါဦးကွာ လို့ မထေရ်ကြီးက
မိန့်ပါတယ်။ တပည့်ကလည်း အသက်အရွယ် အိုမင်းနေပြီဖြစ်တဲ့ ဆရာအရှင်မြတ်အတွက်
ကျောင်းသင်္ခန်းလေး အသစ်တဆောင် ဆောက်လုပ်ပေးပါတယ်။ ပြီးတော့ မထေရ်မြတ်ကြီးကို
ကျောင်းသင်္ခန်းလေး ဆောက်လုပ်ပြီးပြီမို့ ကြွရောက်သီတင်းသုံး ဖို့
လျှောက်ထားတဲ့အခါ ငါ့တပည့်ဆောက်တဲ့ ကျောင်းသစ်လေးမှာ ငါ့တပည့်ပဲ လူမထွက်ခင်
အရင်ဆုံး တရားအားထုတ်သွားပါဦးလို့ မထေရ်ကြီးက မိန့်တော်မူပြန်ပါတယ်။
တပည့်ဦးဇင်းကလေးလည်း သူဆောက်ထားတဲ့ ကျောင်းသစ်လေးမှာ တရားအားထုတ်လိုက်တာ
သိပ်မကြာခင်မှာပဲ ရဟန္တာဖြစ်သွားပါတော့တယ်။
သီဟိုဠ်ကျွန်းက
ဦးဇင်းလေးကတော့ ဒီဘ၀မှာ ရရှိထားတဲ့ သူ့ဘ၀အိမ်ကို သူကိုယ်တိုင်ပဲ
အကောင်းဆုံးတည်ဆောက်သွားနိုင်ခဲ့ပါတယ်။ ဒီဘ၀မှာ ရဟန္တာဖြစ်သွားပြီမို့
နောင်သံသရာအတွက် အိမ်အသစ်ဆောက်စရာ မလိုတော့ပါဘူး။
တကယ်တော့
စာရေးသူတို့တတွေဟာ နေ့စဉ်နေ့တိုင်း အချိန်နဲ့ အမျှ ကိုယ့်ဘ၀ကို
တည်ဆောက်နေကြတဲ့ ဘ၀လက်သမားဆရာတွေပဲ ဖြစ်တယ်ဆိုရင် မှားမယ် မထင်ပါဘူး။
ကိုယ်တိုင်နေထိုင်ဖို့ ကိုယ်အိမ်ကို ပြန်ဆောက်ကြတဲ့အခါ
ကိုယ်တကယ်အသုံးပြုနိုင်တဲ့ အကောင်းဆုံးအရည်အသွေးတွေကို မခိုမကပ်
မထိန်ချန်ထားပဲ ကိုယ့်ဘ၀အိမ်ထဲ ထည့်ဆောက်ကြဖို့ အရေးကြီးမယ်လို့ ထင်ပါတယ်။
တကယ်တော့ လူတော်တော်များများဟာ ကိုယ့်အိမ်ကိုပြန်ဆောက်တဲ့နေရာမှာ
ကိုယ်အမှန်တကယ် အသုံးပြနိုင်တဲ့ အကောင်းဆုံးအရည်သွေးတွေကို နည်းနည်းပဲ
ထည့်သုံးတည်ဆောက်ကြတာ များမယ်လို့ ထင်ပါတယ်။ တခါတလေကြတော့
တချို့တချို့သောသူတွေဟာ အော် ငါတို့ဟာ ငါတို့နေဖို့ ကိုယ့်ဘ၀အိမ်ကို
ကိုယ်တိုင်တည်ဆောက်နေကြတဲ့ ဘ၀လက်သမားဆရာတွေဖြစ်တယ်ဆိုတာကို တောင် တွေးမှ
တွေးကြည့်မိကြပါရဲ့လားလို့ စဉ်းစားနေမိပါတယ်။ တကယ်လို့သာ ဒီလို
လေးလေးနက်နက်တွေးမိမယ်ဆိုရင် ဒီထက်အရည်အသွေး ပိုပြည့်တဲ့ အရာတွေကို
အသုံးပြုပြီး ကိုယ့်ဘ၀အိမ်ကို အကောင်းဆုံး တည်ဆောက်ကြမယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ စာရေးသူတို့တတွေဟာ ဘယ်လိုမှ နောက်ကြောင်းပြန်လှည့်ဖို့
မဖြစ်နိုင်တော့ပါဘူး။ လူသားအားလုံးဟာ ကိုယ်အိမ်ကို တည်ဆောက်နေကြတဲ့
ဘ၀လက်သမားဆရာတွေဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ သံတွေကို တူနဲ့
နေ့စဉ်ထုရိုက်နေကြပါတယ်။ ပျဉ်ပြားတချပ်ကို ချခင်းထားပါတယ်။ ပြီးတော့
နံရံတခုကို စိုက်ထူထားတတ်ကြပါတယ်။ တကယ်တော့ ဘ၀ဆိုတာ ကိုယ့် project ကို
ကိုယ်တိုင်ပုံဖော်ရတဲ့ အရာတခုပဲ ဖြစ်ပါတယ်။ ဒီနေ့ လုပ်ဆောင်လိုက်တဲ့
အမူအရာတွေ ရွေးချယ်မှုတွေအားလုံးဟာ မနက်ဖြန်မှာ နေထိုင်ဖို့ အိမ်တလုံးကို
ကူညီဆောက်လုပ်ပေးခြင်းလည်း ဖြစ်ပါတယ်။
ကိုယ်နေမဲ့အိမ်ကို
ကိုယ်တိုင်တည်ဆောက်ကြရမှာမို့ အကောင်းဆုံးအရည်အသွေးတွေကို အသုံးပြုပြီး
ကိုယ့်အိမ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်တတ်ကြဖို့ လိုအပ်ပါတယ်လေ။
သီဟိုဠ်ဇာတ်လမ်းပြောပြတဲ့ အတူနေမိတ်ဆွေ ဦးဝိလာသ(ဘုံဘေ)ကို ကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ပြောပါရစေ။
(သီတဂူအရှင်သစ္စဥာဏ)
(13/12/2011)