Saturday, October 10, 2009

ဆုတောင်း(၆)မျိုးတရားတော် (အပိုင်း-၁)

ဆုတောင်း(၆)မျိုးတရားတော်

၁၃၆၃-ခု ဝါခေါင်လပြည့်ကျော်(၃)ရက် ညချမ်း ကာလ (၇)နာရီ မိနစ်(၃ဝ) အချိန်မှစတင်လို့ စစ်ကိုင်းမြို့ နယ် ရွာသစ်ကြီး မတောင်းတရပ်ကွက်မှ သီးနှံနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးကြတဲ့ ဒကာဦးလှ သိန်း+ ဒကာမဒေါ်ခင်ဌေးကြည်မိသားစုက ဓမ္မဒါနပြု သဖြင့် ဆင်ယင်ကျင်းပအပ်သော ဓမ္မသဘင်ကို ယခုအခါ မေတ္တာအာသီသ မေတ္တာပတ္ထနာဖြင့် စတင်ဖွင့်လှစ်ပါပြီ။
ဓမ္မသဘင်ကို အားခဲရောက်ရှိလာကြတဲ့ တရား ချစ်ခင် သူတော်စင်အပေါင်းနှင့်တကွ (၃၁)ဘုံအရပ် ဆယ် မျက်နှာ အနန္တစကြာဝဠာမှာရှိကြတဲ့ အနန္တသတ္တဝါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ်စိတ် နှစ်ပါး အေးချမ်းကြပါစေလို့ မေတ္တာဓါတ်တွေ ဖြန့်ဝေပြီး တော့ ဓမ္မသဘင်ကို စတင်ဖွင့်လှစ်ပါပြီ။

ကဏှဆိုတာ
ရွာသစ်ကြီးရဲ့ မတောင်းတရပ်မှာ ဆုတောင်း (၆)ပါး မတောင်းတတဲ့အကြောင်းကို ဟောမှာ၊ ရသေ့ နာမည်က 'ကဏှ' တဲ့။ ကဏှဆိုတဲ့ပါဠိက ဗမာလို အမည်းလို့ အမည်ရတယ်၊ ရသေ့က မည်းနေတာဘဲ ဘယ်လောက်မည်း သလဲဆိုရင် သပိတ်လိုမည်းနေတာ မီးသွေးတောင်းထဲမှာ ကျီးကန်းဝင်နေသလို မည်းနေတယ်၊ ရသေ့ကြီးက အသား မည်းသော်လည်း အသည်းဖြူတယ်လို့ ပြောနိုင်တယ်။
မတောင့်တက လူတွေလိုဘဲ အသားမည်းပေမယ့် အသည်းဖြူတယ်။ ကဏှရသေ့က မည်းလိုက်တာ၊ မည်းနက် တဲ့ မြေကွက်ပေါ်မှာ နေတယ်။ နေနေတဲ့မြေကြီးက လည်း မည်းနေတယ်၊ ဟိမဝန္တာတောင်ခြေက ကျွန်းတောကြီးထဲ မှာနေတယ်။
အဲဒီတော့ အသားကလည်းမည်းတယ်။ ပြီးတော့ မည်းတဲ့အဝတ်တွေကို ဝတ်ထားတယ်။ ရသေ့ကြီးရဲ့နေရာ ကလည်း မည်းတယ်။ အဝတ်လည်းမည်းတယ်။ အသား လည်းမည်းတယ်။
နောက်ထပ် မည်းတဲ့အစားအစားတွေကို စားနေ တယ်တဲ့။ အဝတ်မည်းတာ ဟုတ်ချင်ဟုတ်မှာပေါ့၊ သစ် ခေါက်တွေဆိုးထားတာဆိုတော့ အမည်းရောင်ဖြစ်လာမှာ ဘဲ။ ညောင်ခေါက် ပိန္နဲခေါက် ပျဉ်းကတိုးခေါက်စတဲ့ အဲဒီလို တောထဲကအခေါက်တွေ ဆိုးထားရင် ကြမ်းလည်းကြမ်း သေးတယ်၊ အဝတ်က တဖြည်းဖြည်းနဲ့ မည်းပုပ်ပုပ်ဖြစ်လာ တယ်၊ မလျှော်ဘဲထားရင် ပိုတောင်မည်းသေးတယ်။ အဝတ်မည်း၊ အသားမည်း၊ မြေကြီးမည်း၊ ဒါလည်းကိစ္စ မရှိဘူး။

မည်းတဲ့အစားအစာ
မည်းတဲ့အစားအစာ စားတယ်ဆိုတော့ ဘယ်လို အစားအစာများ စားသလဲ၊ ဒါလည်း စဉ်းစားစရာဘဲ။ ရိုးရိုး ဆန်ဘဲ ပြောင်းဘဲစားတယ်ဆိုရင်တော့ ဒါအမည်းတော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီး ရိုးရိုးတွေးကြည့်တာကတော့ ကောက်ညှင်းငချိတ်ကို ပုန်းရည်ကြီးနဲ့ နယ်စားပုံရတယ်၊ ဒါအမည်းဆုံးဘဲ ဒါထက်မည်းတာတော့ မရှိနိုင်ဘူး၊ နောက် တစ်ခုရှိသေးတယ်၊ ဘိတ်ကလာတဲ့ မုန့်တစ်မျိုးဟာ ကောက် ညှင်းငချိတ်, ပုန်းရည်ကြီး, ဒူးရင်းသီး, ထောပတ်သကြားနဲ့ လုပ်တယ်၊ မည်းနေတာဘဲ၊ အဲဒါ ဘုန်းကြီးတို့ ဘိတ်ကိုသွား တရားဟောလို့ရှိရင် တစ်ခါတစ်ခါ စားရတယ်။
စားလို့အလွန်ကောင်းတယ်။ အဲဒါ ဘာမုန့်လဲဆိုလို့ ရှိရင် 'မုန့်ကုလားမည်း'တဲ့၊ မုန့်မည်းဆို တော်ရောပေါ့၊ ကုလားမည်းတဲ့။ ကုလားမည်းဆိုတော့ ကုလားဖြူရှိသေး လားလို့ မေးစရာဖြစ်တယ်၊ အဲဒီတော့ ကုလားကအဖြူ လည်း ရှိမှာပေါ့။

တကယ်ဖြူတဲ့ကုလားတွေ
အိန္ဒိယပြည်မှာ တကယ်ဖြူတဲ့ ကုလားတွေ အများ ကြီးရှိတယ်၊ ဘုံဘေတို့လို ပန်ဂျပ်တို့လိုနော် ရာသီဥတုလဲ ကောင်းတယ်။ လူတွေလည်း ပစ္စည်းဥစ္စာ ချမ်းသာတယ်၊ အဲဒီလောက် အသားမည်းပြီးတော့ ဆင်းရဲတဲ့ လူတွေ အလွန်များပြီးတော့ အသားမည်းတဲ့ တိုင်းပြည် အိန္ဒိယမှာ ရှိတယ်။
အဲဒီလို ရာသီဥတုကောင်းဆိုတာ မပူပြင်းဘူး။ မိုးကလည်း မကြာမကြာရွာတယ်၊ သစ်တောကလည်း စိမ်းနေတယ်။ ဖုန်မထဘူး၊ နောက်တစ်ခုက မြောက်ပိုင်းနဲ့ အနောက်ပိုင်းအိန္ဒိယမှာ ဟိမဝန္တာတောင်ခြေတစ်ဝိုက်မှာ အေးတယ်။ ဆီးနှင်းတွေနဲ့ အေးပြီဆိုတော့ အဝတ်တွေကို တစ်ကိုယ်လုံးလုံအောင် ထူထူဝတ်လေ့ရှိတယ်၊ အဲဒီက လူတွေက အများအားဖြင့် အသားဖြူတယ်။
တစ်နှစ်လုံးပူပြီးတော့ အိုက်စပ်စပ်ဖြစ်နေတဲ့ အရပ်ကလူတွေက အသားမည်းတတ်တယ်။ အင်္ကျီချွတ်ပြီး တော့ တစ်ချို့နေသေးတာဘဲ ပြီးတော့လည်း ချွေးနဲ့ဖုန်နဲ့ လေနဲ့နေနဲ့ ထိတွေ့နေတော့ ဒီအသားက ဖြူဖို့ရန်ခက်တယ်။
အဲဒါကြောင့် အိန္ဒိယပြည် ပန်ဂျပ် ဘုံဘေတို့ နယူးဒေလီတို့ ဒါဂျီလင်တို့ဆိုတဲ့ ဟိမဝန္တာတောင်နားက မြို့တွေကို ရောက်သွားလို့ရှိရင် ညနေစောင်းအချိန် သစ်ပင် ဥယျာဉ်ကောင်းတဲ့ နေရာတွေမှာ တစ်ခါတစ်လေ လမ်း လျှောက်သွားပြီးကြည့်လိုက်ရင် ကုလားအထီးရော အမရော ဖွေးနေတာပဲ။ နတ်ပြည်က နတ်သားနတ်သမီးတွေများ ဆင်းလာသလားအောင့်မေ့ရတယ်။ ရုပ်ကလည်းချောတယ်။ အသားကလည်း ဖြူတယ်။ ဒီလို အဖြူတွေလည်းရှိ တယ်။
အခု ကဏှကအသားမည်းတယ်၊ အဝတ်မည်း တယ်၊ အစားမည်းတယ်၊ နေရာမည်းတယ်။

အနှစ်ကိုးပါး (အပိုင်း-၁၈)

ဇိမ်ခံဖို့နဲ့ ညှဉ်းဆဲဖို့ အားထုတ်နေကြတယ်
အဲဒီလိုသူတပါးဆီက ပစ္စည်းကို အတင်းယူဖို့ချည်း ကြိုးစားနေတဲ့ လူထုကြီးဟာ ကမ္ဘာမှာ အများကြီးပဲ။ အဲဒီ လိုဆင်းရဲတဲ့ လူတွေကစပြီးတော့ အထက်နည်းနည်း နည်း နည်း တက်တက်ပြီး ကြည့်လိုက်ပေါ့။
ဒါ့ကြောင့် ရတဲ့ပုဂ္ဂိုလ်တွေကလဲ ဘယ်လောက်ပဲ ရရ၊ မကျေနပ်ကြဘူး။ အဲဒါ လောဘ။ အဲဒီရတာတွေကို စည်းစိမ်ခံ၊ ကိုယ်ရသလို သူများကို မရစေချင်ဘူး။ အဲဒါ မစ္ဆရိယ။ မရှိဘူး, မရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကလဲ ရတဲ့ လူတွေ အပေါ်မှာ မကျေနပ်တဲ့ ဣဿာ(မနာလိုမှု)၊ အဲဒီ ဣဿာ ရဲ့ နောက်နားကနေ ''မင်းတို့တော့ ချလိုက်ဦးမယ်''ဆိုတဲ့ ဒေါသ။ တစ်ဘက်စွန်းပဲ။
မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ် ဝါဆိုလပြည့်နေ့ မိဂဒါဝုန်မှာ မြတ်စွာဘုရားရှင် ၅-ယောက်သော ပုဂ္ဂိုလ်တို့ ကို စတင်ဟောဖော် ကြွေးကြော် တော်မူခဲ့တဲ့ဒေသနာက ဓမ္မစကြာ။ အဲဒီတရားတော်ထဲမှာ အစွန်း ၂-ခုဆိုတာကို မိန့်တော်မူထားပါတယ်။တစ်ဘက်က ဇိမ်ခံဖို့ အားထုတ်နေတာ။ တစ်ဘက်က ညှင်းဆဲမယ်လို့ အားထုတ်နေ တာ။ ကိုယ့်ကိုယ်ကို ညှင်းဆဲရုံတင်မကဘူး၊ သူတပါး ညှင်းဆဲဖို့အားထုတ်တာက ပိုများတယ် ထင်တာပဲ။
အတ္တကိလမထာနုယောဂေါ၊ ကိုယ့်ကိုယ်ကို ညှင်း ဆဲဖို့အားထုတ်တယ်။ကိုယ့်မှာ ဒေါသနဲဣဿာဖြစ်ရင် ကိုယ့်ကိုယ်ကို ညှင်းဆဲပြီသား။ သူတပါး ညှင်းဆဲတာက နောက်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုညှင်းဆဲတဲ့ အလုပ်ဟာ ကိုယ့်ဒုက္ခ ကိုယ့်ကိုကိုယ် ဖန်တီးနေတာပဲ။
ကမ္ဘာမှာ ''စနစ်တွေ ဘယ်လောက်ပဲ များပါတယ်၊ ဝါဒတွေ ဘယ်လောက်ပဲများပါတယ်''ပြောပြော၊ အဲဒီနှစ်စု ထဲ အကုန်ဝင်နေတယ်။မြတ်ဗုဒ္ဓက အဲဒီအစွန်း ၂-ခုကို ရှောင်သွားတယ်။ ဒီအစွန်း နှစ်ဘက်ကိုလဲ ရှောင်ဖို့ရန် တိုက်တွန်းခဲ့တယ်။ဗုဒ္ဓဘာသာဖြစ်ခွင့် ရလိုက်တော့ အဲဒီအစွန်း၂-ဘက်ကို လွတ်အောင် ရှောင်နိုင်ကြတယ်။ ရှောင်တတ် ကြတယ်။

သာသနာဟာ အမြဲတမ်း ပြောင်းရွှေ့နေတယ်
ဒါ့ကြောင့် မြန်မာလူမျိုးတွေ မြန်မာပြည်က ပုဂ္ဂိုလ် တွေ ချမ်းသာနေကြတာဟာ အဲဒီအစွန်းနှစ်ခုကို လွတ် အောင် ရှောင်နိုင်ကြလို့ပါပဲ။
ကမ္ဘာမှာ အဲဒီအစွန်းနှစ်ဘက်ကို လွတ်အောင် မရှောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ သိပ်ကို ဒုက္ခဖြစ်နေကြတယ်။
ဆဋ္ဌသံင်္ဂါယနာတင်တဲ့ အချိန်တုန်းက ထေရဝါဒ သာသနာထွန်းကားတဲ့ နိုင်ငံဆိုလို့ မြန်မာရယ်၊ သီဟိုဠ်ရယ်၊ ကမ္ဘောဒီးယားရယ်၊ လာအိုရယ်၊ ယိုးဒယားရယ်ဆိုပြီး ၅-နိုင်ငံပဲ ရှိတယ်။
ဗုဒ္ဓဘာသာ သာသနာကြည်ညိုတဲ့ နိုင်ငံတွေ အများကြီးထဲက ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ကို နှစ်ပေါင်း (၂၅ဝဝ)စလုံး မပြုမပြင်ပဲနဲ့ ပကတိအတိုင်း ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ လာခဲ့တဲ့ ထေရဝါဒသာသနာ ထွန်း ကားတဲ့ နိုင်ငံသည် ဒီ ၅-နိုင်ငံပဲ။
သာသနာဟာ အမြဲတမ်းပြောင်းရွှေ့နေကြတယ်။ အိန္ဒိယပြည်မှာ အခု ပြောပြီးပြီ၊ သာသနာ့မှတ်တိုင်ပဲ ကျန် တော့တယ်။
ဗုဒ္ဓဂါယာက ဗောဓိပင်ကြီးအကြောင်း အခုနက ပြောပြီးပြီ။ မဟန့်တို့က အကုန်လုံး ဝင်နှောင့်ယှက်ထားတာ။ သန့်ရှင်းအောင် မနည်းလုပ်ယူရတယ်။ ဒီကနေ့ မှတ်တိုင် အဖြစ်ပဲ ကျန်တော့တယ်။ နောက်ပြီးတော့ ဟိုဘက်က မိဂဒါဝုန်စေတီတော်ကြီးလဲ ပြိုလို့။ ရွှေဆိုရင် တစမှ မရှိ တော့ဘူး။ ရာဇဂြိုဟ်ဆိုလို့ရှိရင်လဲ အထိမ်းအမှတ် အဖြစ် အုတ်ရိုးပဲ ရှိတော့တယ်။ သာဝတ္ထိမြို့ ဇေတဝန်ကျောင်း ဆိုတာလဲ အုတ်ရိုးပဲရှိတော့တယ်။ ဒီတော့ သာသနာဟာ နေရာ ရွေ့ရွေ့ သွားတယ်။
ရွေ့တယ်ဆိုရင် တော်သေးတာပေါ့။ လုံးဝ မကွယ်ပျောက်ဖို့ အရေးကြီးတယ်။ ဘာသာခြားတွေရဲ့ ခြေလှမ်းကို သတိထားဖို့ လိုတယ်။
တိဘက်တွေဆိုရင် တိုင်းပြည်ပါ ပျောက်သွားတယ်။ တိဘက်ဗုဒ္ဓဘာသာလူမျိုးတွေဟာ နီပေါနဲ့ အိန္ဒိယမှာ ခိုနေကြတယ်။ တိဘက်နိုင်ငံရယ်လို့ ကမ္ဘာမှာ ရှိကိုမရှိတော့ ဘူး။
နောက်ပြီးတော့ ဟိုဘက်က မွန်ဂိုလီယား ဆိုလို့ရှိ ရင်လဲ ရှိတော့ရှိတယ်။ ဒါပေမဲ့ ကမ္ဘာမှာ မထင်ရှားဘူး။ အညတရ ဖြစ်နေတယ်။ ဂျပန်ကျပြန်တော့ ''မဟာယာန''။ အရှေ့ဘက်ကတော့ အဲဒီလို ဖြစ်နေတယ်။
ဒီကနေ့ခေတ်မှာ အားရစရာ တစ်ခုကောင်းတာက အမေရိကတို့ အင်္ဂလန်တို့ ဥရောပတို့မှာ သာသနာ ရောက်နေခြင်းပဲ။ ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်ဖို့တော့ လိုသေးတယ်။
မြတ်စွာဘုရား ဆုံးမတော်မူတဲ့ အဆုံးအမအတိုင်း ကျင့်ကြံအားထုတ်တော် မူကြတဲ့အတွက်ကြောင့် ချမ်းသာခွင့် ရကြတာ။

အစွန်းလွတ်အောင်နေ ကမ္ဘာကြီးချမ်းသာတယ်
ဘုန်းကြီး စင်္ကာပူနှင့် သီဟိုဠ်နိုင်ငံမှာ တရားဟောတုန်းက အစွန်း ၂-ပါးမှ လွတ်အောင်နေဖို့ အဓိက ဟော ခဲ့ပါတယ်။
ခုနက ပြောခဲ့တဲ့ ကမ္ဘာ့အုပ်စုကြီးနှစ်ခု ပဋိပက္ခ ဖြစ်နေတာကို ငြိမ်းချမ်းအောင် ဘယ့်နှယ့်လုပ်မလဲ၊ သူတို့က ''မေတ္တာတရားနဲ့လုပ်ရမယ်''လို့ ပြောလိမ့်မယ် ထင်ထားတာ။ အဲဒီနေရာမှာ ဘုန်းကြီးက မေတ္တာတရား ထပ်မပြောတော့ဘူး။ ပြောရင် သက်သက်လွတ်ပုဂ္ဂိုလ်နဲ့ တွေ့ရင် ခက်နေဦးမှာ။
''အစွန်းလွတ်အောင်နေ၊ ကမ္ဘာကြီးချမ်းသာတယ်'' ဆိုပြီး ဘုန်းကြီးက ဟောလိုက်တယ်။ အားလုံးငြိမ်နေတာ ပဲ။ တချို့ကလည်း ဦးခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေကြတယ်။

ပိဋကတ်တော်လာ အနှစ်သုံးပါး
ပိဋကတ်သုံးပုံကို အဆီ ညှစ်ထုတ်လိုက်တဲ့အခါ တရား သုံးမျိုးထွက်လာတယ်။
၁။ ရတနာသုံးပါး
၂။ လက္ခဏာသုံးပါး
၃။ သိက္ခာသုံးပါး
ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ဒီသုံးခုကို ''ရတနာ''လို့ခေါ် တယ်။ ''ရတနာ''လို့ ခေါ်ခြင်းရဲ့ အကြောင်းတွေ ရှိပါတယ်။
''ရတနာ''ခေါ်ရခြင်း၏အကြောင်း
စိတ္တီကတံ မဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ။
အနောမသတ္တပရိဘောဂံ၊ ရတနံ တေန ဝုစ္စတိ။
စိတ္တီကတံစ၊ ဆန်းကြယ်သော သဘောရှိသည်၏ အဖြစ်လည်းကောင်း။ မဟဂ္ဃဉ္စ၊ တန်ဖိုးကြီးမားသည်၏ အဖြစ် ကြောင့်လည်းကောင်း။ အတုလံ၊ တုလို့မရ အတုမဲ့ တဲ့ သဘောလည်းကောင်း။ ဒုလ္လဘဒဿနံ၊ တွေ့ရခဲ ကြုံရခဲ ဆုံရခဲ မြင်ခဲတဲ့ သဘောလည်းကောင်း။ အနောမသတ္တ ပရိဘောဂံ၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့မှ သုံးဆောင်ထိုက်သည့် အဖြစ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဣမေဟိ ကာရဏေ ဟိ၊ ဤအကြောင်းတို့ကြောင့်။ ရတနန္တိ၊ ရတနာဟူ၍။ ဝုစ္စတိ၊ မုချကိန်းသေ ဆိုအပ်ပါပေ၏။
စိန် ရွှေ ငွေစတဲ့ ပစ္စည်းတွေကို ''ရတနာ''လို့ခေါ် တယ်။ ရတနာခေါ်ထိုက်တဲ့ အကြောင်း ၅-ပါးရှိတယ်။
၁။ စိတ္တီကတ၊ ဆန်းကြယ်တဲ့သဘောခြင်း။
၂။ မဟဂ္ဃ၊ တန်ဖိုးကြီးမားခြင်း။
၃။ အတုလ၊ အတုမရှိခြင်း (အတူမရှိခြင်း)။
၎။ ဒုလ္လဘဒဿနံ၊ တွေ့ဖို့ရန်ခက်ခဲခြင်း။
၅။ အနောမသတ္တ ပရိဘောဂံ၊ မြတ်သော သူတို့မှ သာလျှင် သုံးစွဲထိုက်ခြင်းတို့ဖြစ်ပါတယ်။
ထိုနည်းတူစွာပါပဲ။ ဗုဒ္ဓ ဓမ္မ သံဃာ ဆိုတဲ့ ဒီ ရတနာ သုံးပါးဟာလဲပဲ အလွန်ဆန်းကြယ်ပါတယ်။ အလွန့် အလွန် တန်ဖိုးကြီးပါတယ်။ တုလို့လဲ မရကြပါဘူး။ တွေ့ရခဲ ကြုံရခဲပါတယ်။ မြတ်သော သူတို့မှသာလျှင် ဖူးတွေ့ရ တယ်။ ဒါ့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာကို ရတနာလို့ခေါ်တယ်။

အနှစ်ကိုးပါး (အပိုင်း-၁၇)

ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းက ဘာဆုတောင်းလဲ။ ဒါန၊ သီလ၊ သမာဓိ၊ ပညာ အဲဒီ ကောင်းမှုလေးမျိုး တစ်မျိုး မျိုး ပြုကျင့်ပြီးရင် ကိုယ်လုပ်ထားတဲ့ ကောင်းမှုအားလျော်စွာ ရထိုက်တဲ့ အခွင့်အရေးကို ကိုယ့်ဟာကိုယ် တောင်းတာ။ ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ရထိုက် တဲ့ အခွင့်အရေးကို တောင်းတာ။
တောင်းတာက တစ်စုံတစ်ယောက်က ပေးမှာကို မျှော်လင့်ပြီးတော့ တောင်းနေတာမဟုတ်ဘူး။ ကိုယ့်လုပ် အားအတိုင်း ကိုယ်ဖြစ်ချင်တာကို ဖွင့်ထုတ်ပြီးတော့ ဆိုခြင်း ပါပဲလို့ ပြောလိုက်တယ်။
ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ကိုယ် ရထိုက်တာကို ရချင်တဲ့ဆန္ဒကို ဖော်ကျူးလိုက်တာပါပဲ။
''တစ်စုံတစ်ယောက်က ကိုယ့်ကို ချပေးလိမ့် မယ်လို့ မျှော်လင့်ပြီးတော့ တောင်းနေတဲ့ ဆုတောင်း မျိုး မြန်မာမှာ မရှိဘူး''လို့ ဘုန်းကြီးက ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်တော့ ''မြန်မာတွေရဲ့ ဆုတောင်း က အဆင့်အတန်းမြင့်တယ်၊ မြန်မာတွေရဲ့ ဆုတောင်းက လက်စသတ်တော့ သူတို့အကျင့်ပေါ်မှာ သူတို့ ပြန်တည် တယ်''လို့ သူတို့တတွေ သဘောကျသွားကြတယ်။
အခြားဘာသာများက တောင်းတဲ့ဆုကတော့ ကိုယ့် အကျင့်တရားအပေါ်မှာ မတည်ပဲနဲ့ တစ်စုံတစ် ယောက် သောပုဂ္ဂိုလ်က ပေးမလားဆိုပြီးတော့ တောင်း တာ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ''ယုံကြည်မှုနဲ့ အသိ ဥာဏ်ကို ညီမျှစွာ ပေါင်းစပ်ပြီးတော့ ကျင့်ယူရတဲ့တရား'' ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့ မြန်မာပြည်က ဗုဒ္ဓဘာသာ ဝင် သူတော်စင်တွေဟာ ဒီလို အသိဥာဏ်မျိုးတွေကို သိခွင့် ရ၊ ဤကဲ့သို့သော ယုံကြည်မှုမျိုးတို့ကို ယုံကြည်ခွင့်ရ၊ ဤကဲ့သို့သော စရဏတရားတွေကို ကျင့်ခွင့်ရနေကြတာ ဟာ ငါတို့ ကံကောင်းလိုက်တာလို့ ကိုယ့်ဘဝရဲ့အဖိုးတန်ပုံကို နားလည်ကြပါ။

ကမ္ဘာမှာ အုပ်စုကြီး(၂)စုရှိတယ်

တို့တိုင်းပြည်မှာ လေယာဉ်ပျံလဲ မလုပ်နိုင်သေး ဘူး။ မော်တော်ကားလဲ မလုပ်နိုင်သေးဘူး။ ဒုံးပျံကြီးလဲ မဆောက်နိုင်သေးဘူး။ အထပ် ခြောက်ဆယ်လောက်ရှိတဲ့ တိုက်ကြီးတွေလဲ မရှိသေးဘူး။ တိုင်းပြည်က တယ်ပြီးတော့ အောက်ကျနောက်ကျနိုင်တာပဲလို့ ဒီလိုများ သွားပြီးတော့ မတွက်ပါနဲ့။ ကမ္ဘာမှာအုပ်စုကြီး (၂)ခုရှိနေတယ်။ တစ်အုပ်စုက အလွန်ကိုပဲ ကြီးပွားတိုးတက်ချမ်းသာ ပြီးတော့ စည်းစိမ်ခံ ဖို့ရန် ကြိုးစားနေတဲ့ လူစုကြီး။

သိပ် တိုးတက်နေတယ်။ သိပ်ကြီးပွားနေတယ်။ ပစ္စည်းတွေ အမျိုးမျိုးထုတ်လုပ်နေတယ်။ အဲဒီပုဂ္ဂိုလ်တွေက စည်းစိမ်ခံဖို့ချည်း ကြိုးစားနေကြတယ်။ သူတို့က တစ်ပိုင်း။ နောက်တစ်အုပ်စုကတော့ စည်းစိမ်ကို မခံစား နိုင်ဘူး။ စားစရာလဲ မလောက်တလောက်၊ ဝတ်စရာလဲ မလောက်တလောက်၊ နေဖို့ကလဲပဲ ကျိုးတိုးကျဲတဲ။ အဲဒီလို စားရေး၊ နေရေး၊ ဝတ်ရေးတွေ ချို့တဲ့ နေတဲ့ ဒီလူစုကလဲ 'ဟိုလူတွေဟာ မတရားသဖြင့် ချမ်းသာ တယ်ဆိုပြီး'တော့ ချမ်းသာတဲ့လူစုကြီးကို အံတကြိတ်ကြိတ် ဖြစ်နေကြတယ်။ သူတို့က တစ်အုပ်စု။

ကြီးပွားတိုးတက်လို့ စည်းစိမ်ခံနေတဲ့ လူစုမှာ ''လောဘ'' နှင့် ''မစ္ဆရိယ (ဝန်တိုမှု)''တရားက ပြဋ္ဌာန်းနေ တယ်။
လောဘက သိပ်ရချင်တယ်။ ရဖို့ချည်း သိပ် အား ထုတ်တယ်။ မစ္ဆရိယတရားက သူတို့ရတာတွေကို ဘယ်သူ့ ကိုမှ ဝေမပေး ချင်ဘူး။ သိပ်ဆင်းရဲနေတဲ့ လူစုမှာတော့ ''ဒေါသ''နဲ့ ''ဣဿာ'' (သူတပါး စည်းစိမ်ကို မနာလိုမှု)က လွှမ်းမိုးနေ ပါတယ်။
ကမ္ဘာမှာ အဲဒီလို ဟိုဘက်ဒီဘက် အစွန်းထွက်နေ ကြတယ်။ အစွန်းသို့ ရောက်နေကြတယ်။

ပြင်းထန်နေသော ပဋိပက္ခ (၂)ခု

အိန္ဒိယပြည်ကြီးမှာ သိပ်ချမ်းသာတဲ့ လူတွေကို ကြည့်လိုက်တော့ သိပ်ဇိမ်ခံကြတယ်။ သိပ်ဆင်းရဲတဲ့ လူ တွေကို ကြည့်လိုက်ပြန်တော့လဲ အမှိုက်ပုံလေးထဲ ကောက် စားနေကြတယ်။ ဒီလို ဖြစ်နေတယ်။ ဗောဓိပင်နားမှာ နေ့တိုင်းနေ့တိုင်း မနက်စော စောသွားရင် အရှေ့ဘက်နားမှာ သူတောင်းစား တစ်ရာ လောက် တန်းနေတယ်။ အနောက်ဘက်ပေါက်နားမှာလဲ တစ်ရာလောက် တန်းနေတယ်။

တစ်ယောက်ကို ငါးပြားလောက် သွားမပေးနဲ။ တစ်ရာလောက် ဝိုင်းပြီးတောင်းတော့တာပဲ။ ထွက်လို့ကို မရဘူး။ ကြောက်စရာတောင်ကောင်းလိုက်တာ။ ပေးချင် လျက်နဲ့ အဲဒါမပေးခဲ့ရဘူး။ လူစေ့အောင်လဲ ဘုန်းကြီးက မပေးနိုင်ဘူး။
တချို့သူတောင်းစားကတော့ ခေတ်မီလိုက်တာ။ ဘယ်လိုခေတ်မီသလဲဆိုတော့ လက်ထဲမှာ ခွက်ကလေးကိုင် ထားပြီး '' I am blind, I am blind ကျွန်ုပ် မျက်စိမမြင်ပါ, ကျွန်ုပ် မျက်စိမမြင်ပါ''လို့ ပြောပြီးတော့ တောင်းတယ်။ အဲဒီလို ခေတ်မီတဲ့ သူတောင်းစားလဲ ရှိသေးတယ်။

ဒီပဋိပက္ခနှစ်ခုဟာ ပြင်းထန်နေရင်တော့ ကမ္ဘာ့ ငြိမ်းချမ်းမှုဆိုတာ မရနိုင်ဘူး။ ဘာ့ကြောင့်လဲ၊ အစွန်း ရောက်နေလို့။လမ်းညွှန်ခ ငါးကျပ်ပေးရမယ်တဲ့၊ ဒီကနေ့ မြန်မာပြည်က လူတွေကတော့ တယ်ပြီးတော့ တော်ကြတယ်။ ချမ်းသာတဲ့ လူတွေကလဲ ကံ၊ ဥာဏ်၊ ဝီရိယရှိလို့ ချမ်းသာတာပဲဆိုပြီး ကျေနပ်လို့။ ကောင်းလိုက်တာ။ ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကျပြန်တော့လဲ တို့ ကံ၊ ဥာဏ်၊ ဝီရိယ နည်းလို့ ဆင်းရဲတာ။ ဆင်းရဲတဲ့လူကလဲ တရား သဘောကို ကောင်းကောင်းသိတယ်။ ဒီလို နားလည်တော့ ချမ်းသာတဲ့ လူတွေအပေါ်မှာ ဒေါသ, ဣဿာ မဖြစ်ကြ တော့ဘူး။မြန်မာပြည်မှာ ချမ်းသာနေကြတဲ့ ပုဂ္ဂိုလ်တွေကလဲပဲ ဆင်းရဲတဲ့ ပုဂ္ဂိုလ်တွေကို တတ်နိုင်သမျှ စွန့်ကြဲကြတယ်။ ဆန်တဆုပ်၊ ရေတမှုတ်ဆိုတာ မြန်မာပြည်မှာ ဘယ်နေရာ တောင်းတောင်း ရတယ်။ လိုချင်တိုင်း ရတယ်။ နိုင်ငံခြားမှာ သစ်ပင်ရိပ် ကလေးတောင် သွား မခိုလေနဲ့၊ သစ်ပင်ရိပ်ကလေး သွားခိုမိတာနဲ့ ''ငါ့သစ်ပင်ရိပ် မင်းလာခိုတာ၊ ပေး ငါးကျပ်'' ဆိုပြီး ဒီလိုတောင်းတာ။

ဘုန်းကြီးတို့ ဗာရာဏသီမှာ တည်းခိုမည့်ကျောင်း ရှာမတွေ့လို့မော်တော်ကားနဲ့တလည်လည် ဖြစ်နေတော့ လမ်းပေါ်မှာ ကားရပ်ပြီး လမ်းဘေးနားက လူပျိုအရွယ် ကုလားလေး သုံးလေးယောက်ကို လှမ်း မေးတယ်။ မေးတော့ သူတို့က လမ်းဘေးကနေ ''ဘယ်လမ်းကို သွား''လို့ လမ်းညွှန်တယ်။ အဲဒီအခါမှာ ဒရိုင်ဘာက ဂီယာ ကောက်ထိုးပြီး မောင်းထွက်မလို့ ဟန်ပြင်တော့ ရှေ့ တည့်တည့်က လာရပ်တယ်၊ ''ပေး ငါးကျပ်''တဲ့ ။ ''ဟာ မင်းကို ဘာလို့ပေးရမှာတုန်း'' ဆိုတော့ ''ခင်ဗျား မေးလို့ ကျုပ်တို့ လမ်းပြရတယ်၊ အဲဒီလမ်းပြခအတွက် ၅-ကျပ် ပေးရမယ်'' တဲ့။ မခက်ဘူးလား။

ဆုတောင်းခြင်းနဲ့ဗုဒ္ဓဘာသာ
မြန်မာပြည်မှာသာဆိုရင် အိမ်အရောက်တောင် လိုက်ပို့လိုက်ဦးမယ်။ ရှိတာတောင် ချကျွေးလိုက်ဦးမယ်။ ''သြော် သူတို့ခရီးသည်တွေ အဝေးကြီးက လာကြတာ။ တတိုင်း တပြည်က လာကြတာ။ ပင်ပန်းနွမ်း နယ်လာကြ တယ်။ ရေလေးသောက်ပါဦး။ ထမင်းလေးစားပါဦး။ ဒီနေရာလေး ထိုင်ပါဦး''လို့တောင် ဖိတ်ကြဦးမယ်။ ဒီတော့ ဘုန်းကြီး စိတ်ထဲက သဒ္ဓါတရား ကုန်သွား တယ်။ အဲဒီကောင်ကို မပေးချင်တော့ဘူး။ ဒါကြောင့် ဒရိုင် ဘာကိုပြောလိုက်တယ်၊ ''အဲဒီကောင် ပြတဲ့လမ်းက မမောင်း နဲ့ကွာ၊ ဒီ့ပြင်လမ်းက မောင်း'' ဆိုပြီးတော့ အခြားလမ်းက မောင်းလာခဲ့တယ်။
အဲဒီကောင်ကလဲ နောက်ကနေ လိုက်ပြီးတော့ ''ဘာဘာ ဘာဘာ''နဲ့ဆိုပြီး လိုက်လာတယ်။ ''ဘာတုန်းကွ'' ဆိုတော့ ''ပေး ငါးကျပ်''တဲ့။ ''မင်းပြတဲ့လမ်း ငါတို့ မမောင်း ဘူးကွာ၊ ဘာပြုလို့ ပေးရမှာလဲ''လို့ ပြောပစ်ခဲ့တယ်။

မြတ်စွာဘုရား၏ နောက်ဆုံး ပစ္ဆိမဘ၀တွင် ခံစားတော်မူခဲ့ရသော ၀ိပါက်တော် (၁၂)ပါး

(၁) မြတ်ဗုဒ္ဓ ဒုက္ကရစရိယာအကျင့်ကို (၆) နှစ်တိတိကျင့်ရခြင်း၏ အကြောင်းရင်း

ဥရုဝေဠ တောဝမြိုင်ခွင် ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်
အားကုန်ခမ်းလို့ ညိုးနွမ်းငြိုငြင်၊ပင်ပန်းရေးဝဋ်ကျွေးဘယ့်ကြောင့်ထင်?

ကဿပဘုရား ထင်ရှားပွင့်သော်၊ ဇောတိပါလ နာမအကျော်၊
ပုဏ္ဏားမာန်တက် နှုတ်မြွက်အာဘော်၊ ၀စီပြင်း ရှေးရင်းဝိပါက်တော်။

(၂) ပရိသတ်အလယ် စိဉ္စမာဏအမျိုးသမီး၏ စွပ်စွဲခြင်းကို ခံရခြင်း၏ အကြောင်းရင်း

စိဉ္စမာဏ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော ဆိုပြောအလွန်၊
လက်သည်ထားလို့ ဘုရားကိုညွှန်၊ စွပ်စွဲခဲ့ အဘယ့်ဝိပါတ်ဝန်?

သောက်စားလွန်ကျူး ယစ်မူးပျော်ရွှင်၊
သေသောက်သမားဖြစ်ငြားယခင်၊
ရဟန္တာာမြတ် ဆွမ်းရပ်သည်မြင်
အကျင့်ယုတ် ဖွင့်ထုတ်စွပ်စွဲအင်။

(၃) သုန္ဒရီ ပရိဗိုဇ်မ (ပရိဗ္ဗာဇက)၏ ထင်ယောင် ထင်မှားဖြစ်အောင် စွပ်စွဲခြင်းကို ခံတော်မူရခြင်း၏ အကြောင်းရင်း

တိတ္ထိစေခိုင်း မိုက်ရှိုင်းဒုဿီ၊
ထင်ရောင်ထင်မှား ပြုငြားသုန္ဒရီ၊
လူရှင်အပေါင်း ယုံကြောင်းပွေလီ၊
ရှင်တော်ထွက် ဘယ်ဝဋ်ရှေးကမှီ?

မုနာဠိဟု မည်ရှိလောင်းတော်၊
သောက်စားမောက်ကြွား မှောက်မှားရွှင်ပျော်၊
ရှင်ပစ္စေက ဗုဒ္ဓမြင်သော်၊
ဒုဿီပဲ စွပ်စွဲဝဋ်ကြွေးပေါ်။

(၄) တိတ္ထိတို့၏ လူများသံသယ၀င်အောင် စွပ်စွဲခံရခြင်း၏ အကြောင်းရင်း

သုန္ဒရီမိုက် သတ်လိုက်သေရာ၊
တိတ္ထိအသင်း သတင်းလွှင့်ကာ၊
တပည့်များနှင့် ဘုရားကိုသာ၊
လူးအများ ယုံမှားဘယ်တွက်သာ?

လောင်းတော်ရသေ့ ပျော်မွေ့စံရာ၊
ရသေ့တစ်ဦး ဈာန်မြူးကွန့်လာ၊
ငြူစူစိတ်ထား ပွားများဣဿာ၊
အကျင့်ယုတ် ဖွင့်ထုတ်ခဲ့ပြစ်ပါ။

(၅) အရှင်ဒေ၀ဒတ္တ၏ ကျောက်မောင်းဆင် လုပ်ကြံခံရခြင်းကို ခံတော်မူရခြင်း၏ အကြောင်းရင်း

ဂိဇ္ဈတောင်စောင်း ကျောက်မောင်းဆင်ကာ၊
ဒေ၀ဒတ်ယုတ် ခလုတ်အသာ၊
သူဖြုတ်ချလို့ ဗုဒ္ဓခြေမှာ၊
ကျောက်လွှာငြိ ဒဏ်ထိ ဘယ်ဝိပါ?

သူကြွယ်မျိုးဇာတ် ဖြစ်လတ်ခါလေ၊
ညီကိုလှည့်ဖျား ခေါ်သွားခဲ့ပေ၊
ကျောက်ခဲနှင့်ညှပ် ထုသတ်ကြိတ်ချေ၊
ရှေးဝိပါက် အဆက်ပါခဲ့ပေ။

(၆) အရှင်ဒေ၀ဒတ် လုပ်ကြံသော ကျောက်တုံးမှ ဖြာထွက်လာသော ကျောက်လွှာဖြင့် ထိပါးခြင်းကြောင့် မြတ်စွာဘုရား၏ ခြေမတော်သွေးစိမ်းတည်ကာ ကိုက်ခဲသောဝေဒနာကို ခံစားရတော်မူခဲ့ခြင်း၏ အကြောင်းရင်း

ကျောက်လွှာထိပါး မြတ်ဖျားထွက်တင်၊
တည်နေ၀ပ်ကိန်း သွေးစိမ်းအရှင်၊
ခြေမတော်ထဲ ကိုက်ခဲနာကျင်၊
ဝိပါက်ဟောင်း အကြောင်းဖော်စေချင်?

သူငယ်ဖြစ်ခိုက် လမ်း၌မြူးရွှင်၊
ရှင်ပစ္စေက ဝေးမှမြင်လျှင်၊
ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်၊
သွေးယိုဆင်း ရှေးရင်းဝိပါက်ပင်။

(၇) နာဠာဂိရိဆင်ဖြင့် လုပ်ကြံခံတော်မူရခြင်း၏ အကြောင်းရင်း

ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး ခရီးအလယ်၊
ဒေ၀ဒတ်မိုက် လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့ ဆင်ဝှေ့ဘယ်ဝဋ်နွယ်?

ဆင်ထိန်းဆင်ကျောင်း အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက လမ်းဝအဆုံ။
ဒေါသထားလို့ ပြစ်မှားသုံမှုန်၊
ဆင်နှင့်တိုက် ၀ဋ်လိုက်စေဖို့ကြုံ။

(၈) ကျောက်လွှာထိခိုက်ခြင်းကြောင့် ခံစားရသော ဝေဒနာကို ဇီဝကဆေးသမား၏ ဓားခွဲမှုကို ခံတော်မူရခြင်း အကြောင်းရင်း

ကျောက်လွှာထိချက် သွေးထွက်ဆူပူ၊
ခြေမတော်ဦး ထွတ်ဖူးတစ်ဆူ၊
သွေးညိုကိန်းလို့ ကျိန်းစပ်တော်မူ၊
ဇီဝက ခွဲရ ဘယ်ဝဋ်ဟူ?

ပဒေသရာဇ် မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား ဖောက်ပြားမဖွယ်၊
လူရှင်လတ်လတ်သတ်ဖြတ်ပြန်တယ်၊
ဓားဝိပါက် အဆက်သူကနွယ်။

(၉) ခေါင်းကိုက်ဝေဒနာ ခံစားတော်မူရခြင်း၏ အကြောင်းရင်း

သုံးလူ့ထွတ်ထား မြိုက်မှူးသျှောင်ကေ၊
ရံဖန်ခေါင်းထဲ ကိုက်ခဲရပေ၊
ဝေဒနာဝဋ် မလွတ်ကုန်ချေ၊
ဘယ်ဝိပါက် အဆက်ဖော်ပါလေ?

ရှေးခါထပ်လောင်း မကောင်းကံဆော်၊
တံငါမျိုးဇာတ် ဖြစ်လတ်သနော်၊
ငါးများ ဦးခေါင်း ထုထောင်းလေသော်၊
ဝမ်းမြောက်မိ လိုက်ဘိဝါပါက်တော်။

(၁၀) ခါကိုက်ဝေဒနာ ခံစားတော်မူရခြင်း၏ အကြောင်းရင်း

အထွတ်ဆုံးဟု သုံးလူ့ထိပ်ပန်၊
ခါးတော်ကိုက်ခဲ အသည်းအသန်၊
ဝေဒနာများ ခံစားရံဖန်၊
အဘယ်ကြောင်း ကံဟောင်းဖော်ထုန်ရန်?

လက်ဝှေ့သတ်ကောင်း အလောင်းဖြစ်သော်၊
ပြိုင်ပွဲဆိုင်ပွဲ နိုင်မြဲအကျော်၊
နိုင်လျှင်ခါးရိုး တိုးချိုးမြေပေါ်၊
အသတ်ကောင်း ဇာတ်ဟောင်းဝိပါက်တော်။

(၁၁) ၀မ်းသွေးသွန်ရောဂါ ခံစားတော်မှုရခြင်း၏ အကြောင်းရင်း

ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်၊
ဝမ်းတော်လွန်သွား ရွှေအားမသန်၊
ခွေယိုင်နွမ်းလို့ မြန်းခဲ့နိဗ္ဗာန်၊
ပြောင်းစေကြောင်း ကံဟောင်းဘယ်သို့ဖန်?

ရောဂါကုစား သမားဥာဏ်ကျယ်၊
သူဌေးသားအား ဆေးဝါးကုတယ်၊
ခ မပေးလို့ ဟိုရှေးဘုန်းကြွယ်၊
ဝမ်းသွားဆေး တိုက်ကြွေးဝဋ်ဟောင်းလည်။

(၁၂) ဝေရဉ္စာပြည်တွင် ၀ါကပ်စဉ် အစာရေစာငတ်ဘေးနှင့် ကြုံ၍ မုယောဆွမ်းကြမ်း ဘုဉ်းပေးရခြင်း၏ အကြောင်းရင်း

ဝေရဉ္ဇတိုင်း သမိုင်းအကျော်
ဝါတော်ကပ်တော့မာရ်နတ်နိုးဆော်
မုယောဆွမ်းမို့ကြမ်းကြမ်းထော်ထော်
ဘုဉ်းပေးရရှေးက၀ိပါတ်တော်
မထင်မရှားမျိုးသားဖြစ်တုံ
ရဟန်းတော်များဆွမ်းစားခိုက်ကြုံ
ဆွမ်းစာကြမ်းလို့ပြစ်မှားဆိုပုံ
ဝစီတွက်ဝိပါက်တော်လို့ယုံ

နိဗ္ဗာန်ဆိုသည်မှာ

နိဗ္ဗာန်သည် စိတ်ကူးယဉ် သဘောတရားတစ်ခု မဟုတ်ပေ။ ယင်းသည် မည်သည့် လောကီအာရုံနှင့်မျှ နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သည့် အဆုံးစွန်သော ပြီးပြည့်စုံမှု တစ်ရပ်သာ ဖြစ်သည်။ နိဗ္ဗာန်ဟူသည် မည်သို့သောအရာဖြစ်သည်ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းစွာနားလည်ရန် မဖော်ပြနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် ပထမအကြောင်းမှာ အသုံးပြုသည့် ဘာသာစကား၏ ကန့်သတ်ချက်ကြောင့်ဖြစ်ပြီး၊ ဒုတိယအကြောင်းမှာ စာရေးသူကိုယ်တိုင် နိဗ္ဗာန်၏အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ရန် လုံလောက်သည့် ကျင့်ကြံအားထုတ်မှု မရှိသောကြောင့် ဖြစ်နိုင်သည်။

ပွါးများအားထုတ်ခြင်းမရှိဘဲ မည်သည့်ဘာသာစကားဖြင့်မဆို နိဗ္ဗာန်၏ အဓိပ္ပါယ်မှန်ကို အပြည့်အစုံ ဖော်ဆောင်နိုင်မည်မဟုတ်ချေ။
အဓိပ္ပါယ်ဖွင့်ဆိုရုံမျှသည် တခါတရံ၌ ဖတ်ရှုလေ့လာသူများအား အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူလျက် မှားယွင်းခြင်းဆီသို့ ဦးတည် သွားသည်။

နေ့စဉ်ဘ၀၌ ဆက်သွယ်ရေးအတွက် လူတို့သည် ဘာသာစကားကို အသုံးပြုကြရသည်။ ဘာသာစကားမရှိဘဲ တွေ့ကြုံသိရှိမှု တစ်စုံတစ်ရာကို မရှင်းပြနိုင်ချေ။ အရသာ၊ ခံစားမှု၊ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု စသည်ကို ထုတ်ဖော်ပြောဆိုရန် စကားလုံးများ လိုအပ်သည်။

သို့ရာတွင် နိဗ္ဗာန်၏ အဓိပ္ပါယ်ကိုမှု စကားလုံးမျှဖြင့် အဓိပ္ပါယ်ဖော်ပြရန် မဖြစ်နိုင်ချေ။ အကြောင်းမှု ဘာသာစကားဟူသည်ပင် အမည်နာမ တစ်ခုမျှသာ ဖြစ်သောကြောင့်တည်း။ ဓမ္မအရသာနှင့် နိဗ္ဗာ၏ အနှစ်သာရကား အဆုံးစွန် ပရမတ္ထတရားဖြစ်၍ ဘာသာစကား၏ နယ်နိမိတ်ကို ကျော်လွန်သည်။ ဗုဒ္ဓ၀ါဒရှုထောင့်အရမှု အစစ်အမှန်တရား၌ အမည်သတ်မှတ်မှုမရှိ၊ ဘာသာ စကားမရှိ။

နိဗ္ဗာန်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်း အမှန်အတိုင်းဆုံးဖြတ်ရန် လုံလောက်စွာ မရှင်းလင်းနိုင်ကြသောကြောင့် ဗုဒ္ဓ ဘာသာမဟုတ်သူ ပညာရှင်အချို့က နိဗ္ဗာန်ကို " နတ္ထိက၀ါဒ = ဘ၀ဆုံးပြတ် ချုပ်ငြိမ်းဝါဒ " အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုပန်း ခဲ့ကြသည်။

၎င်းအဆိုအရ နိဗ္ဗာန်ဟူသည် လုံးဝ ဘ၀ချုပ်ငြိမ်းပြတ်စဲသွားခြင်းထက်ပို၍ ဘာမျှအထူးအဓိပ္ပါယ်မရှိဟု ဆိုသည်။ သို့သော် အဆိုပါ ဘ၀ချုပ်ငြိမ်းပြတ်သွားမှုဝါဒမှာ ဗုဒ္ဓ၀ါဒ၏ မူရင်းရည်ရွယ်ချက် မဟုတ်ချေ။ များစွာ ဆန့်ကျင်နေကြောင်း တွေ့ရသည်။ ထို့အပြင် တစ်ချို့က နိဗ္ဗာန်ကို သုညတ ( ဆိတ်သုံးခြင်း ) ဟုလည်း အဓိပ္ပါယ် ဖွင့်ဆိုထားသည်များလည်း ရှိသည်။ ၎င်းအရ အရာ ခပ်သိမ်းမှာ သုညတဖြစ်ပြီး သက်ရှိ၊ သက်မဲ့အားလုံးသည် သုညတဖြစ်သည်။

နိဗ္ဗာန်တွင် ရုပ်၊ နာမ်ခန္ဓာ(၅)ပါး ဘာမျှ မရှိဟု ဆိုရာ၌ အချို့သော ဗုဒ္ဓဘာသာဝင်များသည် နိဗ္ဗာန်သို့ သွားရမည်ကိုပင် စိုးရွံ့ သလိုလို ဖြစ်နေကြသည်။ သူတို့သည် ကောင်းမွန်သော ခံစားမှုများကို လိုချင်သည်။ ယခုကဲ့သို့ ကောင်းတာများကို ခံစားတတ် သော ဘ၀များကို ထပ်လိုချင်သေးသည်။

နိဗ္ဗာန်သို့ ရောက်သွားပါက အားလုံးပြီးဆုံးသွားမည်ဟူသော အဖြစ်မျိုးကို သူတို့ မလိုချင်သေးပေ။ သူတို့သည် မျက်စိလေးလည်း ရှိချင်သေးသည်၊ မျက်စိရှိမှ လှတာလေးတွေ မြင်နိုင်ဦးမည်။ လှတာလေးတွေလည်း မြင်ချင်ကြသေးသည်။ နားလည်းရှိချင်သေး သည်၊ နားရှိမှာ အသံသာသာယာယာလေးတွေလည်း ကြားနိုင်မည်။ ကြားလည်း ကြားချင်ကြသည်။ အလားတူ ပင် သူတို့သည် တစ်ခုခုကို ရှိစေချင်နေသည်။

ထိုကဲ့သို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် အစရှိသည့် ရုပ်၊ နာမ်ခန္ဓာတွေ ဘာမျှမရှိဆိုသည့်အခါ နိဗ္ဗာန်သည် ဘာများ ပျော်ရွှင်စရာများ၊ ကောင်းမွန်သော ခံစားမှုများ ရှိအံ့နည်း။ လိုချင်ဖွယ် မရှိတော့။ ထိုသို့သော သူများအား အိပ်ပျော်နေသော ဘုရင်ကြီး တစ်ပါး၏ ဥပမာဖြင့် ရှင်းပြထားဖူးသည်။

ပင်ပန်းသည့် ခရီးရှည်မှ ရောက်ပြီးနောက် တစ်နေကုန်အိပ်မောကျနေသော ဘုရင်တစ်ပါးရှိသည်။ ၎င်းအိပ်မောကျနေစဉ် အခြွေ အရံများက ညစာအတွက် အရသာအရှိဆုံး အစားအစာနှင့် ဇိမ်ကျသည့် ထိုင်ခုံစားပွဲများ၊ တီးမှုတ် ကခုန် ဖျော်ဖြေမည့် မောင်းမ၊ မိဿံများ ကို ပြင်ဆင်ထားသည်။

စားဖွယ်၊ သောက်ဖွယ်တို့ဖြင့် အဆင်သင့်ဖြစ်သောအခါ ဘုရင်ကြီးအား နှိုးတော်မူလေ၏။ အခြွေအရံများ၏ အပြုအမူကြောင့် ဘုရင်ကြီးနှစ်သက်ခံရမည့်အစား မိမိကိုယ်နှိုးသည့်အတွက် ၎င်းတို့အား ဘုရင်က ကြိမ်းမောင်းသည်။ ထိုအခါ အခြွေအရံများက အရှင်မင်းကြီး၊ အဘယ်ကြောင့် ကျွန်ုပ်တို့ကို စိတ်ဆိုးပါသနည်း။

အမှန်စင်စစ် ကျွန်ုပ်တို့သည် အရသာအရှိဆုံးအစားအစာဖြင့် ( ပြင်ဆင်ထားသည့် ) ဤညစာအတွက် နှိုးရခြင်း ဖြစ်ပါသည်။
အမှန်စင်စစ် အရှင်မင်းကြီး အိပ်မောကျနေခြင်းသည် ပျော်ရွှင်ခံစားမှုနှင့် မသက်ဆိုင်ဘဲ ခံစားမှုမရှိသဖြင့် အိပ်မောကျနေခြင်း၌ ပျော်ရွှင်မှု မရှိနိုင်ပါ ဟုလျှောက်ထားကြသည်။

သို့ရာတွင် ငါ့ရဲ့အိပ်မက်မဲ့ အိပ်ပျော်မှုသည် အရသာမရှိသော်လည်း မောင်မင်းတို့ အရသာမွန်ထက် ငါပိုပြီး နှစ်ခြိုက်သည်။

ထိုပုံပြင်အား နမူနာယူခြင်းအားဖြင့် အာရုံခြောက်ပါးလုံး၌ မခံစားပဲ လွတ်နေခြင်းသည် အာရုံခြောက်ပါးလုံးကို ခံစားခြင်းထက် သာလွန်မှု ရှိသည်ကို သိရှိနိုင်သည်။

နိဗ္ဗာန်ပုဒ်၏ အတိကျဆုံးနှင့် အခိုင်လုံဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဘ၀ဆုံးပြတ်ချုပ်ငြိမ်းသွားခြင်း မဟုတ်ချေ။ အကြွင်းမဲ့ လွတ်မြောက်မှု၊ မည်သည့်အရာနှင့်မျှ ဖော်ညွှန်းခွင့် မရှိသည့် လွတ်မြောက်မှု ဖြစ်သည်။

တစ်ချို့သော မဟာယာနဗုဒ္ဓဘာသာများ၏ အယူအဆတွေမှာ သူတို့က နိဗ္ဗာန်ဆိုတာ နေရာဌာန တစ်ခုရယ်လို့ ယုံကြည်ထား ကြတယ်။
ဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ကို ကိုးကွယ်သူတွေ လက်ခံထားတဲ့ ထာဝရ အသက်ရှင်ရာ ကောင်းကင်ဘုံနဲ့သဘောချင်းအတူ တူပါပဲ။ အနောက်အရပ်မှာ တည်ရှိပြီး အမြဲတမ်းရှင်သန်နိုးကြား သက်ရှိထင်ရှား စံပယ်တော်မူနေတဲ့ အာဒိဗုဒ္ဓလို့ခေါ်တဲ့ ထာဝရ ဘုရားသခင်ကြီး ရှိနေတယ်လို့ ယုံကြည်ထားကြတယ်။ ( သွ်မ္ဘဲလား )

အဲဒီ ထာဝရဘုရားသခင် တည်ရှိရာဌာနမှာ အတူရှိနေတဲ့ ဘုရားအလောင်း ဗောဓိသတ္တတွေ၊ ၀ိဇ္ဇာဓိုရ်တွေရဲ့ လမ်းညွှန်ချက် အတိုင်း ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် ဘယ်သောအခါမှ သေဆုံးပျောက်ပျက်ခြင်း မရှိတဲ့ ထာဝရ အသက်ကို ပိုင်ဆိုင်ကြမယ်။
ဒီလို ထာဝရအသက် ပိုင်ဆိုင်သူများဟာ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိတဲ့ ထာဝရ ဘုရားသခင် စံပယ်တော်မူနေရာ နယ်မြေ ဒေသထဲကို ၀င်ခွင့်ရသွားမယ်လို့ ယုံကြည်ထားကြတယ်ဗျ။

ဂန္ဓာရီသမားတွေရဲ့ စကားနဲ့ ပြောရရင် အရှင်ထွက် ထွက်သွားတယ်ပေါ့။ ဂန္ဓာရီလမ်းလိုက်သူ အတော်များများဟာလောကီသိဒ္ဓိတွေ ပြီးမြောက်ပြီး သျှမ်ဘဲလား ဆီ အရှင်ထွက်ထွက်သွားနိုင်ဖို့ ကြိုးစားကြတာပဲ။ ဗုဒ္ဓအဘိဓမ္မာအရဆိုရင် ဘယ်သတ္တ၀ါမှ လောကရဲ့ နိယာမတရားတွေကို လွန်ဆန်နိုင်စွမ်းမရှိကြပါဘူး။

နိယာမ ငါးပါးထဲက ဗီဇနိယာမနဲ့ အညီ လူရယ်လို့ ဖြစ်လာရင် လူ့သက်တမ်းစေ့သာ နေခွင့်ရပြီး အချိန်တန်ရင် ကွယ်လွန်အနိစ္စ ရောက်ကြရမှာပါပဲ။ လူ့သဘာဝကို ကျော်လွန်ပြီး ထာဝရရှင်သန်ဖို့ ကြိုးစားနေကြတဲ့ လုပ်ရပ်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင် အချည်းအနှီး အဓိပ္ပါယ်မဲ့တဲ့ စိတ်ကူးယဉ်မှု တစ်ခုပါပဲ။

ဒါဆို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ မျှော်မှန်းတဲ့ အို၊ နာ၊ သေ ဘေးကင်းရာ နိဗ္ဗာန်ဆိုတာကရော စိတ်ကူးယဉ်ရာ မရောက်ပေ ဘူးလား။ မရောက်ပါဘူး။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်တာဟာ ထာဝရအသက်ကို ရဖို့ မဟုတ်သလို ထာဝရ သုခနယ်မြေထဲကို ရောက်သွားဖို့လည်း မဟုတ်ပါဘူး။ ဒါဆို ဘာလဲ။ စစ်မှန်တဲ့ အသိတရားတစ်ခုကို သိမြင် လိုက်တဲ့အတွက် အယူအမြင်စင်ကြယ်မှု ဖြစ်သွားတာနဲ့ တပြိုင်နက် အကျိုးဆက်အဖြစ် လောဘ၊ ဒေါသ၊ မောဟတရားတွေ ချုပ်ငြိမ်းသွားပြီး လွတ်မြောက်မှုရသကို ခံစားလိုက်ရတာပဲဗျ။

ဥပမာ-
လူတစ်ယောက်မှာ ပြည်တန်ပတ္တမြားတစ်လုံး ရှိနေတယ်ဆိုပါတော့ အဲဒီပတ္တမြားကြီးကို သူများခိုးဝှက်လုယူသွားမှာ မစိုးရိမ်ဘူးလား။
စိုးရိမ်မှာပေါ့။ အဲဒီလို ငါ့ပတ္တမြားကြီး သူများတွေ လာလုလေမလား၊ ခိုးသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထိန်းသိမ်းထားနေရ ချိန်မှာ အဖြစ်မှန်ကိုသိတဲ့ အခြားလူတစ်ယောက် ရောက်လာပြီးတော့ စိုးရိမ်မနေပါနဲ့ဗျာ၊ ခင်ဗျားရဲ့ ပတ္တမြားက အစစ်မဟုတ်ပါဘူး၊ အတုကြီးပါ၊ ဘာမှ မက်လောက်စရာ မရှိပါဘူး လို့ လာပြောရင် ပိုင်ရှင်လုပ်တဲ့သူက ဒီပတ္တမြားတုကြီးအတွက် စိုးရိမ်သောကတွေ ရှိပါအုံးမလား။ ဘယ်စိုးရိမ်တော့မလဲ။

ပတ္တမြားက အတုကြီးမှန်း သိလိုက်ရတော့ မက်မောတွယ်တာစိတ်တွေလည်း မရှိတော့ဘူး၊ ပျက်စီးဆုံးရှုံးမှာလည်းမကြောက် တော့ဘူး၊ ၀န်ထုပ်ကြီးတစ်ခုကျသွားသလို ပေါ့ပါး လွတ်မြောက်လာမှာ အမှန်ပဲ။ ဒါဟာ အမှန်ကို သိခြင်းအားဖြင့် လွတ်မြောက် ခြင်းဆိုတဲ့ အကျိုးဆက်ကို ရရှိခံစားလိုက်ရတာပဲ မဟုတ်လား။

ဒီသဘောအတိုင်းပါပဲ၊ သတ္တ၀ါတွေဟာ မိမိတို့ကိုယ်ကို အစိုးရမှု မရှိဘဲ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်နေခြင်း သက်သက်ပါပဲ လား။ ငါရယ်၊ သူရယ်၊ မိန်းမရယ်လို့ ပညတ်ချက်တွေဟာ တကယ်တော့ ဘာမှ မရှိပါဘားဆိုတာ သိသွားပြီးရင် မိမိကိုယ်ကို တွယ်တာငဲ့ကွက်တဲ့ စိတ်တွေ ရှိပါဦးမလား။ ဘယ်ရှိတော့မလဲ။
ဒီလိုတွယ်တာငဲ့ကွက်စိတ်တွေ မရှိတော့ရင် ငါအိုသွားမှာ၊ ငါနာလာမှာ၊ ငါသေရမှာကို တွေးတောပြီး ပူပင်သောက ရောက်စရာ ရှိပါဦးမလား။ ငါဆိုတာ မရှိမှန်း ကိုယ်တွေ့သိမြင်လိုက်ရပြီဆိုရင် ဒီခန္ဓာကိုယ်ကြီး အိုမှာ၊ နာမှာ၊ သေမှာ မကြောက်တော့ဘူးပေါ့ဗျာ။
အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ သဘာဝတရားတွေက " ငါ " ဆိုတာ မရှိမှန်းသိထားတဲ့ လူတစ်ယောက်ကို မချောက်ချား စေနိုင်တော့ဘူးပေါ့။

ကဲ ဒါဆိုရင် အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှ လွတ်မြောက်သွားတာပဲ မဟုတ်လား။ ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့မှ လွတ်မြောက်ရာရယ်လို့ တင်စားခေါ်ဝေါ်ကြတာကိုး။ ဒါကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်း တရား ကျင့်ကြံအားထုတ်ကြတယ်ဆိုတာဟာ ပြည်တန်ပတ္တမြားလို့ မိမိထင်မှတ်မှားနေတဲ့အရာဟာ ဘာမှတန်ကြေးမရှိတဲ့ ကျောက် နီတုံး တစ်ခုသာဖြစ်ကြောင်း မှန်ရာကို အရှိအတိုင်း သိမြင်လာအောင် ဝေဖန်ဆန်းစစ်ကြတာနဲ့ အလားသဏ္ဍာန်တူပါတယ်။

နိဗ္ဗာန်ဟူသည်ကို ဗုဒ္ဓဘုရားရှင်များ၊ ပစ္စေက ဗုဒ္ဓများနှင့် ဗောဓိဥာဏ်ကို ရရှိပြီးသည့် ဗုဒ္ဓ၏ တပည့်သာဝကများသာ နားလည်နိုင် သည်။ ဥပမာဆိုရသော် နိဗ္ဗာန်ဟူသည် ငရုပ်သီးနှင့် ပမာတူ၏။ ငရုပ်သီးကို မစားလျှင် ( သို့မဟုတ် ) စားသည့် အချိန်မတိုင်မီ အထိ ယင်း၏ အရသာကို မသိနိုင်ပေ။

အလားတူပင် နိဗ္ဗာန်ဟူသည်ကို လက်တွေ့ခံစားဖူးမှသာလျှင် ပြည့်စုံစွာ နားလည်နိုင်သည်။ ဗုဒ္ဓ၀ါဒအရ ဤဘ၀နောက်တွင် သတ္တ၀ါတစ်ယောက်အနေဖြင့် နေထိုင်ရန် နေရာဌာန သုံးဆယ့် တစ်မျိုးရှိသည်။ နိဗ္ဗာန်ဟူသည် ထိုဘုံဌာနသုံးဆယ့်တစ်မျိုးမှ လွတ်မြောက်သောတရားထူးဖြစ်သည်။ နိဗ္ဗာနဟူသော ဝေါဟာရဖြင့် ပါဠိဗုဒ္ဓဘာသာတွင် တခါတရံ နောက်ဆုံးလွတ်မြောက်မှု ၀ိမုတ္တိဓမ္မ (ဒုက္ခအလုံးစုံ လွတ်မြောက်ခြင်း) အဖြစ် ဖော်ပြကြသည်။

အဘိဓမ္ပတ္ထသင်္ဂဟကျမ်း၌ နိဗ္ဗာန်ကို ပရမတ္ထဓမ္မလေးပါးတွင် ထည့်သွင်းဖော်ပြခဲ့သည်။ " ပရမတ္ထ "ဟူသော ဝေါဟာရ၌ " ပရမ "နှင့် " အတ္တ " ဟုပုဒ်နှစ်ခုပါသည်။ " ပရမ " ဟူသည် မဖောက်ပြန်သော၊ အမြင့်ဆုံးဖြစ်သော၊ နောက်ဆုံးဖြစ်သောဟု အဓိပ္ပါယ်ရသည်။

" အတ္ထ " ဟူသည် အစစ်အမှန်တရားဖြစ်ပြီး " ဓမ္မ "ဟူသည် အရည်အသွေး၊ သဘာဝ သို့မဟုတ် အရာဝတ္ထု ဖြစ်သည်။
သို့ဖြစ်၍ " ပရမတ္ထဓမ္မများ " ဟူသည် မဖောက်ပြန်သည့် ကိုယ်ပိုင်သဘာဝနှင့် တည်ရှိနေသော အရာများ သို့မဟုတ် သဘာဝတရားများဟု ဖြစ်သည်။

အဘိဓမ္မတ္ထသင်္ဂဟကျမ်းအလိုအရ ပရမတ္တတရားများတွင် စိတ်၊ စေတသိက်၊ ရုပ်နှင့် နိဗ္ဗာန်ဟု တရားအစုလေးခု ပါရှိသည်။
ယင်းလေးမျိုးအနက် ပထမ သုံးမျိုးမှာ သင်္ခါတ(ဖြစ်ပျက်တတ်သော)တရားများဖြစ်ပြီး၊ နိဗ္ဗာန်မှာအသင်္ခတ(ဖြစ်ပျက်မဲ့)တရား ဖြစ်သည်။

ယင်းအရ နိဗ္ဗာန်ဟူသည် ဘ၀ဒုက္ခမှ နောက်ဆုံးလွတ်မြောက်သည့် အဆင့်ဖြစ်သဖြင့် ဖြစ်ပျက်သဘောရှိသောဘ၀၌ ပါဝင်ခြင်း မရှိကြောင်း ဆိုလိုသည်။

ဝေါဟာရရင်းမြစ်အရ နိဗ္ဗာနဟူသောပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါနဟူသော နှစ်ပုဒ်တို့ကို ဆက်စပ်ထားသော ဝေါဟာရဖြစ်သည်။
ဤနေရာ၌ နိ ဟူသည် မရှိခြင်း သို့မဟုတ် ထွက်ခွာခြင်း ( နိက္ခန္တတ္တာ ) ဖြစ်ပြီး၊ ၀ါန ဟူသည် တဏှာ ဖြစ်သည်။ ထို့ကြောင့် ၀ါန ဟုဆိုအပ်သော တဏှာ မှ ထွက်မြောက်ခြင်း ဟု အဓိပ္ပါယ်ရသည်။ ပါဠိသဒ္ဒါပုံစံအရ ၀ါန ရှေ့၌ နောက်ထပ် " ၀ " တစ်လုံးဆက်ထည့်ရသည်။ သို့ဖြင့် ၀ါန ပုဒ်သည် ၀ + ၀ါန = ၀ွါန ဟု ဆက်စပ်ပုဒ်ဖြစ်လာသည်။

ယင်း ၀ွါန သည် သဒ္ဒါနည်းအရ ဗ္ဗာန ဖြစ်လာသဖြင့် နိ + ဗ္ဗာန သည် ပါဠိပုံစံကျ နိဗ္ဗာန ပုဒ် ဖြစ်လာသည်။ တဏှာမှလွတ် မြောက်ခြင်းဟု အဓိပ္ပါယ်ရသည်။

သံယုတ္တနိကာယ်၊ နိဗ္ဗာနပဥသုတ် တွင် အရှင်သာရိပတ္တရာနှင့် ဇဗ္ဗုခါဒကပရိဗိုဇ် တို့၏ အမေးအဖြေ၌မိတ်ဆွေ သာရိပုတ္တ၊ နိဗ္ဗာန် နိဗ္ဗာန်ဟု ဆို၏။ ယင်းနိဗ္ဗာန်ဟူသည် အဘယ်ပါနည်း။ ( မိတ်ဆွေ ဇမ္ဗုခါဒက )၊ ရာဂကုန်ရာ၊ ဒေါသကုန်ရာ၊ မောဟကုန်ရာကို နိဗ္ဗာန်ဟု ဆိုပါ၏။

မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနမထေရ် တို့၏ အမေးအဖြေ၌
- အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက်၊ ဖီလာအရပ်တို့တွင် မည်သည့်အရပ်၌ နိဗ္ဗာန် ရှိပါသနည်း။
- ၎င်း အရပ်တို့တွင် နိဗ္ဗာန်တည်ရှိသည့်နေရာ မရှိပါ။
- မည်သည့်အရပ်တွင်မှ မတည်ရှိခဲ့လျှင် နိဗ္ဗာန်သည် မရှိသည်သာမက၊ နိဗ္ဗာန်ကို သိမြင်ပြီးသူများသည်လည်း မှားယွင်းစွာ သိမြင်ခြင်းသာဖြစ်ကြောင်း ငြင်းဆိုသည်။
အကယ်၍ နိဗ္ဗာန်ရှိသည်ဆိုလျှင် နိဗ္ဗာန်အတွက် နေရာတစ်ခုရှိရမည်။ သို့မဟုတ်ဘဲ နိဗ္ဗာန်ဖြစ်ပေါ်ရန် နေရာမရှိဟုဆိုဘိမှု ထိုးထွင်းသိမြင်ရသော နိဗ္ဗာန်ဟူသည် မရှိနိုင်။
- မင်းကြီး၊ နိဗ္ဗာန်ကို သိုမှီးသိမ်းဆည်းထားရန် နေရာမရှိပါ။ သို့တစေ နိဗ္ဗာန်သည် တည်ရှိပါ၏။ ယောနိသော မနသိကာရဖြင့် မှန်ကန်စွာ ကျင့်ကြံအားထုတ်သူသည် နိဗ္ဗာန်ကို သိမြင်၏။
မင်းကြီး၊ မီးကို ထိန်းသိမ်းထားမည့် နေရာ မရှိသော်လည်း မီးသည်တည်ရှိပါ၏။ လူတစ်ယောက် တုတ်ချောင်းနှစ်ခုကို ပွတ်တိုက်ပါက မီးကို ရရှိပါ၏။
- ဗုဒ္ဓရှင်တော်မြတ်တည်ရှိသေးပါသလား။
- တည်ရှိပါသည်။
- ရှိလျှင် ဗုဒ္ဓရှင်တော်မြတ်အား ညွှန်ပြပြီး ဤနေရာတွင် သို့တည်းမဟုတ် ထိုနေရာတွင် ရှိသည်ဟု ဆိုနိုင်ပါသလား။
- ဗုဒ္ဓရှင်တော်မြတ်သည် ပဋိသန္ဓေတစ်ဖန်မွေးဖွားရန် အနာဂတ်ဘ၀ အကြွင်းအကျန် မရှိတော့သော နိဗ္ဗာန ဓာတ်ဖြင့် ပရိနိဗ္ဗာန်စံသွားပြီး ဖြစ်၏။ နေရာ ညွှန်ပြရန် မဖြစ်နိုင်ပါ။
- ဥပမာ ဧရာမမီးတောက်ကြီးတစ်ခုကို ငြိမ်းသွားသောအခါ ယင်းမီးတောက်ကို ညွှန်ပြပြီး ဤနေရာ သို့တည်းမဟုတ် ထိုနေရာတွင် ရှိပါသည်ဟု ဆိုနိုင်ပါသလား။

ဗုဒ္ဓ၀ါဒဆွေးနွေးမှုသည် အကိုင်းလေးခုပါသည့် အဖြေမဲ့ပြဆိုခြင်းမျိုးဖြစ်သည်။
နိဗ္ဗာန်သည် တည်ရှိ၏ သို့မဟုတ် မတည်ရှိ သို့မဟုတ် တည်ရှိမတည်ရှိ နှစ်မျိုးလုံး သို့မဟုတ် တည်ရှိသည်လည်းမဟုတ် မတည်ရှိသည်လည်း မဟုတ်။
နိဗ္ဗာနအယူအဆတွင် ယင်းသည် " တည်ရှိလျက် မတည်ရှိ( ရှိလျက်မရှိ ) " ဟူသော ၀ါကျ၌ ဒွိဟ အဓိပ္ပါယ် ပါရှိနေသဖြင့် ဤအဓိပ္ပါယ်လော၊ ထိုအဓိပ္ပါယ်လောဟူသည်ကို လွယ်ကူစွာ နားမလည်နိုင်ချေ။
ထို့ကြောင့် နိဗ္ဗာန်၏ ရှင်းလင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ရှေးဦး ဗုဒ္ဓဘာသာ ပညာရှင်တို့အား မယုံကြည်လိုသည့် သံသယများကို ဖြစ်ပေါ်စေသည်။
၎င်းကို အဂ္ဂီဝစ္ဆသုတ်တွင် ရှင်းလင်း ဖော်ပြထားသည်။

အဂ္ဂီဝစ္ဆသုတ် ( ဘုရားရှင် နှင့် ၀စ္ဆအနွယ် ရှိတဲ့ ပုဏ္ဏားကြီး တစ်ယောက် အမေးအဖြေတွင် )
- အရှင် ဂေါတမ၊ ပပဉ္စချုပ်တဲ့ ကိုယ်တော် ( ခန္ဓာ ၅ ပါး ချုပ်သွားသူ၊ နိဗ္ဗာန် ရောက်သွားသူ ) ဘယ်နေရာကိုသွားသလဲ။
- ဘယ်သွားတယ်ရယ်လို့ မဟုတ်ပါဘူး ၀စ္ဆ။
- ဒါဆို ဘယ်မှ မသွားဘူးလား။
- ဘယ်မှ မသွားတာလည်း မဟုတ်သေးဘူး။
- ဒါဆို သွားတာ တချို့၊ မသွားတာ တချို့လား။( တချို့က သွားပြီး၊ တချို့က မသွားတာ )
- အဲဒီလိုလည်း မဟုတ်သေးဘူး။
- ဒါဆို သွားသည်လည်း မဟုတ်၊ မသွားသည်လည်း မဟုတ်လား။
- အဲဒါလည်း မဟုတ်သေးဘူး။
- အရှင်ဘုရား ၀ါဒကလည်း မေးသမျှ တစ်ခုမှ မဟုတ်ဘူးချည်း ပြောနေတာပဲ။ တပည့်တော်တော့ နားမလည်တော့ဘူး ဘုရား။
- ငါ့ရှင် နားလည်အောင် ဥပမာနဲ့ ပြောပြပေးမယ်။ ဟိုး မှာ မြင်နေရတဲ့ တောထဲမှာ လောင်တဲ့ မီးက ဘာမီးလဲကွယ့်။
- ဘာမီးလဲ ဆိုတော့ မြက်လောက် မြက်မီး၊ ၀ါးလောင် ၀ါးမီး၊ ထင်းလောင် ထင်းမီး၊ ခြုံပြောရရင် တောမီးပါဘုရား။
- အဲဒီ တောမီး ဘာဖြစ်လို့ လောင်တာလဲ။
- လောင်စရာ လောင်စာရှိလို့ လောင်တာပါ။
- ဒါဆို အဲဒီမီး ဘယ်တော့ ငြိမ်းမလဲ။
- လောင်စာတွေ ကုန်တဲ့အချိန် ငြိမ်းမယ်
- အဲဒီ လောင်စာကုန်လို့ ငြိမ်းတဲ့ မီး ဘယ်သွားသလဲ ( အထက်အောက်၊ တောင်၊ မြောက် ၊ ဘယ်၊ ညာ )။
- အဲဒီ မီး ဘယ်သွားတယ်လို့တော့ ပြောလို့ မရဘူး ကိုယ်တော်။
- ဒါဆို အဲဒီ မီး ဘယ်မှ မသွားဘူးလား။
- မီးက ရှိမှ မရှိတော့တာဆိုတော့ အဲဒီလိုဘယ်မှ မသွားဘူးလို့လည်း ပြောလို့ မရပြန်ဘူး။
- ဒါဆို သွားတာ တချို့ ၊ မသွားတာ တချို့လား။
- အဲဒီလိုလည်း မဟုတ်ဘူး။
- ဒါဆို သွားသည်လည်း မဟုတ်၊ မသွားသည်လည်း မဟုတ်လား။
- အဲဒီလိုလည်း ဖြေလို့ မရဘူး။
- ဒါဆို ဘယ်လို ဖြေမလဲကွယ့်။
- လောင်စာ ကုန်လို့ မီးငြိမ်း သွားတာလို့ပဲ ပြောလို့ ရမှာပါ ကိုယ်တော်
- အဲဒီလိုပဲ လောင်စာသဖွယ် ဖြစ်တဲ့ ရုပ်၊ နာမ် ခန္ဓာ ၅ ပါးနဲ့ လောင်တတ်တဲ့ ကိလေသာ(၀ဋ်)မီး၊ ကမ္မ(၀ဋ်)မီးတွေ ရှိနေသေးလို့ လောင်နေတာပါ။
အဲဒါကြောင့် နိဗ္ဗာန်ဆိုတာလည်း လောင်စာ သိမ်းလို့ မီးငြိမ်းသွားတာမျိုးပဲ။

ထင်းခုတ်သမားနှစ်ဦး

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ် နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။
ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”
“ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်

သက်သတ်လွတ်ဝါဒနှင့် ကုသိုလ်

မြန်မာပြည်မှာ သက်သတ်လွတ်စားခြင်းကို ဘုရားချီးမွမ်းတဲ့အကျင့်လိုလို၊ ဘုရားဟောထားခဲ့တဲ့ အကျင့်မြတ် တစ်ခုလိုလို၊ နောက် သက်သတ်လွတ်မစားတဲ့လူကို အကုသိုလ်အပြစ်ကြီး ကျူးလွန်နေသယောင်စသည်ဖြင့် ပြောနေကြတာ စာဖတ်ပရိတ်သတ်တို့ ကြားဘူး၊ တွေ့ဘူးမှာပါ။
တကယ်ဘုရားဟောအနေနဲ့ကတော့ သက်သတ်လွတ်စားခြင်း/ မစားခြင်းသည် မဂ်/ဖိုလ်/နိဗ္ဗာန်ရဖို့ အရေး ဟူသော သံသရာလွတ်မြောက်ရေးနှင့် ဘာမျှ မဆိုင်ပါ။ အကျင့်မြတ်တစ်ခုလည်း မဟုတ်ပါ။ အသား စားမှု နှင့်ပတ်သက်၍ ဘုရားရှင်က တဏှာအစွဲ မထားဖို့/မကပ်ငြိဖို့ပဲ ဟောခဲ့တာပါ။ ဥပမာ.. အသား တခုအပေါ်မှာ စွဲစွဲလမ်းလမ်းဖြစ်ပြီး... အဲဒီအသားမပါ မစားနိုင်တဲ့အခြေအနေမျိုးစသည်ပါ။ အသား စားကြူးတဲ့“ ပေါရိသာဒ ”ဘုရင်မျိုးပေါ့ဗျာ။ ဘယ်အစာမဆို နေ့စဉ်စားသုန်းခြင်းသည် တလံမျှလောက်ရှိသော ဒီခန္ဓာကိုယ် အသက် ဆက်လက်ရှင်သန်ရပ်တည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားသုန်းဖို့ပါ။
သက်သတ်လွတ်စားမှုနှင့်ပတ်သက်၍ ဘုရားရှင်ဟောကြားခဲ့၊ မိန့်မှာခဲ့တဲ့ ၀ိနည်းတရားနှင့် သုတ္တန်တရားတော် အတိုင်း မေမေ့လပြည့်ဝန်းလေးတင်ပြပါမယ်။ ၀ိနည်းစူဠ၀ါပါဠိတော်မှာ... ဒေ၀ဒတ်တောင်းဆိုတဲ့ “ပဉ္စ၀တ္ထု ယာစနကထာ” (တောင်းဆိုချက် -၅-ခု)ဆိုတာ ရှိပါတယ်။ ဒေ၀ဒတ်က ဘုရားရှင်ထံဆု (၅)မျိုးတောင်းခဲ့ တာပါ။ သူတောင်းခဲ့တဲ့ဆု (၅)မျိုးက-
၁။ ရဟန်းတော်များ အသက်ထက်ဆုံး တောရဆောက်တည်ပြီး တောမှာတင်နေဖို့။ (မြို့ကျောင်းမှာ မနေဖို့)
၂။ ရဟန်းဘ၀တည်နေသမျှကာလပတ်လုံး ဆွမ်းခံစားဖို့၊ (လူဒါယကာတို့ ပင့်၍ကပ်လှူသော ဆွမ်းကိုမစားဖို့)
၃။ ပံသုကူသင်္ကန်းလို့ဆိုတဲ့ စွန့်ပစ်အ၀တ်များကိုသာ ကောက်ယူပြီး လျော်ဖွတ်ချုပ်ဝတ်ဖို့၊ (လှူဒါယကာတို့ ပေးလှူသော သင်္ကန်းကိုမ၀တ်ဖို့)
၎။ ရဟန်းေးတ်ာများ အသက်ထက်ဆုံး သစ်တစ်ရင်း၊ ၀ါးတစ်ပင်အောက်မှာသာ ကျောင်းအဖြစ်နေဖို့၊ (လှူဒါယကာတို့ လှူသော ကျောင်းအရိပ်အာသအောက်မှာ မနေဖို့)
၅။ အသားငါး မစားဖို့ (သစ်သီးသစ်ရွက်စားခြင်းဟူသော သက်သတ်လွတ်ကိုသာ စားဖို့)
တကယ်လို့ အထက်ပါ (၅)မျိုးကို မလိုက်နာရင် မလိုက်နာတဲ့ ရဟန်း အပြစ်အနေနဲ့ သတ်မှတ်ပေးဖို့အထိ ဒေ၀ဒတ်က တောင်းဆိုခဲ့တာပါ။
အဲဒီလို ဒေ၀ဒတ်တောင်းဆိုတဲ့အခါ ဗုဒ္ဓဘုရားရှင်က ဒေ၀ဒတ်ကို ဘာပြန်မိန့်ကြားခဲ့သလဲဆိုတော့ --
“'အလံ၊ ဒေဝဒတ္တ။ ယော ဣစ္ဆတိ၊ အာရညိကော ဟောတု၊ ယော ဣစ္ဆတိ၊ ဂါမန္တေ ဝိဟရတု။ ယော ဣစ္ဆတိ၊ ပိဏ္ဍပါတိကော ဟောတု၊ ယော ဣစ္ဆတိ၊ နိမန္တနံ သာဒိယတု။ ယော ဣစ္ဆတိ၊ ပံသုကူလိကော ဟောတု၊ ယော ဣစ္ဆတိ၊ ဂဟပတိစီဝရံ သာဒိယတု။ အဋ္ဌမာသေ ခေါ မယာ၊ ဒေဝဒတ္တ၊ ရုက္ခမူလသေနာသနံ အနုညာတံ၊ တိကောဋိပရိသုဒ္ဓံ မစ္ဆမံသံ -- အဒိဋ္ဌံ၊ အဿုတံ၊ အပရိသင်္ကိတ''န္တိ။ ဆိုတဲ့စကားကို သုန်းပြီး ငြင်းဆိုခဲ့ပါတယ်။
ဘာလဲဆိုတော့ ဘုရားရှင်ဟာ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အလယ်လတ်လမ်းစဉ်ကို ကျင့်သုန်းသူပီပီ ဘုရားဟောတဲ့တရားအာလုံး၊ ပညတ်ချက်အားလုံးဟာ အတင်းအကျပ်လုပ်ခဲ့တာ တစ်ခုမှ မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း အလယ်လတ်သဘောပဲ ချမှတ်ခဲ့တာပါ။
၁။ “တောရဆောက်တည်လိုတဲ့ ရဟန်း တောရဆောက်တည်၊ မြို့ရွာ၌ သီတင်းသုန်းလိုတဲ့ ရဟန်း မြို့ရွာမှာ သီတင်း သုန်းနိုင်၊
၂။ တစ်သက်ပတ်လုံး ဆွမ်းခံစားးလိုတဲ့ ရဟန်း တစ်သက်ပတ်လုံး ဆွမ်းခံစားနိုင်၊ လူတို့ကပ်လှူသောဆွမ်း ဘုဉ်းပေးလိုက ဘုဉ်းပေးနိုင်၊ ၃။ ပံသုကူသင်္ကန်းဝတ်လိုက၀တ်၊ လူဒါယကာတို့လှူသော သင်္ကန်းဝတ်လိုက ၀တ်၊
၎။ သစ်တစ်ပင်၊ ၀ါးတစ်ပင်ရင် နေလိုတဲ့ ရဟန်းနေနိုင်၊ လူဒါယကာတို့ လှူသော ကျောင်း၌ နေလိုက နေနိုင်။
၅။ ကိုယ်စားဖို့ဆိုတဲ့ ရည်ရွယ်သတ်နေ သတ္တ၀ါလို့ မြင်ရင်၊ ကြားရင်၊ သံသယဖြစ်ရင် အဲဒီအသားကို မစားဖို့ပဲ မိန့်ကြားခဲ့တာပါ။ ၄င်း အစွန်း(၃)ပါးက ကင်းလွတ်ရင် အသားငါးကို စားနိုင်တယ်လို့ ဒေ၀ဒတ်ကို ပြန်မိန့်ခဲ့ပါတယ်။
ဒီမိန့်မှာချက်ကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်က သတ်သက်လွတ်စားဖို့ မပြောခဲ့၊ မမိန့်ခဲ့ပါဘူး။
အသားငါးစားမှုနှင့်ပတ်သက်လို့ တခြားထင်းရှားတဲ့သုတ်တော်ကတော့ ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်ပါဠိတော် မှာ ပါတဲ့ အာမဂန္ဓသုတ်တော်ဖြစ်ပါတယ်။ အညီဟောက်စားခြင်း (သို့မဟုတ်) အညီဟောက်နံ့-နံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဓိကကတော့ အသားငါးစားမှုနှင့်ပတ်သက်လို့ ဟောထားတဲ့ တရားတော်ပါပဲ။ ဘယ်အရာသည် တကယ်အစစ်အမှန် အသားစားခြင်း၊ အညှီဟောဖြစ်သလဲဆိုတာ ဒီသုတ်တော်မှာ ဘုရားရှင် က မိန့်ကြားထားပါတယ်။ သုတ္တန်ထဲမှာ ဘုရားရှင်ပြောထားတဲ့ ၀တ္ထုဇာတ်လမ်းက ကဿပဘုရားရှင် လက်ထက်တော်မှာ တိဿရသေ့ မေးလို့ ကဿပဘုရားရှင်က ဖြေကြားခဲ့တာကို ဘုရားရှင်က ပြန်လည် ဟောကြားထားတဲ့ တရားတော်ပါ။

တိဿရသေ့အမေး--
-ကဿပနွယ်ဖွား မြတ်စွာဘုရား ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ်ပြီး သူတစ်ပါးတို့ ပေးလှူ အပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်း စား, သလေးထမင်းကိုလည်းစားသော သင်သည် အညှီ အဟောက်ကို စားသည် မည်၏။
-ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူသော ကဿပမြတ်စွာဘုရား အညှီအဟောက်သည်
ငါ့အားမအပ်ဟု အသျှင်ဘုရားဆိုသည် မဟုတ်ပါလော?၊ သို့ပါလျက် ကောင်းစွာ စီရင်ထားသည့်ငှက်သားတို့ နှင့် (တကွ) သလေးထမင်းကို စားဘိ၏၊ ကဿပမြတ်စွာဘုရား အသျှင်ဘုရားအား ဤအကြောင်းကို မေးပါ၏၊ အသျှင်ဘုရားပြောသော အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။ ဘုရားရှင်ကို စွပ်စွဲသလိုမျိုးနဲ့ အသားငါးစားမှုနှင့်ပတ်သက်လို့ ပြဿနာမေးတာပါ။

ဘုရားရှင်အဖြေ--
၁။ တိဿရသေ့ သူ့အသက်ကို သတ်ခြင်း, နှိပ်စက်ညှဉ်းဆဲခြင်း, လက်ခြေ စသည်ကို ဖြတ်ခြင်း, နှောင်ဖွဲ့ ခြင်း, ခိုးယူခြင်း, မမှန်ဆိုခြင်း, ကောက်ကျစ်စဉ်းလဲခြင်း, လှည့်ပတ်ခြင်း, အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း, သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲခြင်း ဤသည်ကား အညှီအဟောက်တည်း၊ အသားတည်း ဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။
၂။ တိဿရသေ့ ဤလောက၌ အကြင်သူတို့သည် ကာမဂုဏ်တို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏၊ မစင်ကြယ်သော မိစ္ဆာဇီဝ(အသက်မွေးခြင်း)အဖြစ်ကို မှီကုန်၏၊ နတ္ထိကဝါဒ(ကုသိုလုပ် ကုသိုလ်အကျိုးမရှိ၊ အကုသိုလ်လုပ် အကုသိုလ်အကျိုးမရှိ)ဟူသော အယူရှိကုန်၏၊ မညီညွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုစသည်နှင့် ပြည့်စုံ၏၊ သိစေနိုင်ခဲကုန်၏၊ ထိုသူတို့၏ ဤကာမဂုဏ်တို့၌ မစောင့်စည်းမှုစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

၃။ တိဿရသေ့ အကြင်သူတို့သည် (ခြိုးခြံ၍ခေါင်းပါးသောအကျင့်) အတ္တကိလမထအကျင့် ရှိကုန်၏၊ ကြမ်းတမ်းကုန်၏၊ သူတစ်ပါး၏ ကျောက်ကုန်းသား(သူတစ်ပါးပင်ပင်ပန်းပန်းရှာမှီးထားသောအစာ)ကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏၊ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏၊ သနားခြင်း ကင်း ကုန်၏၊ အလွန်မာန်၊ မာနခက်ထန်ကုန်၏၊၊ မပေးကမ်းတတ်သော အလေ့ရှိကုန်၏၊ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။

၎။ တိဿရသေ့ အမျက်ထွက်ခြင်း, မာန်ယစ်ခြင်း, ခက်ထန်ခြင်း, ဆန့်ကျင်ဘက် ပြုလုပ်ခြင်း, လှည့်ပတ် ခြင်းငြူစူခြင်း, ဝါကြွားပလွှား၍ ပြောဆိုခြင်း, အလွန်မာန်မူခြင်း, သူယုတ်မာတို့နှင့် ပေါင်းသင်း ဆက်ဆံခြင်း ဤသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

၅။ တိဿရသေ့ ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန်၏၊ ကြွေးမြီကို ယူ၍ မပေးဆပ,် ဖျက်ဆီးတတ်သည့်အပြင် ကုန်းချောတတ်ကုန်၏၊ ဤလောက၌ တံစိုးလာဘ်စားကာ ကောက်ကျစ် စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏၊ သီလရှိယောင် အတုဆောင်တတ်ကုန်၏၊ အမိအဖစသည်တို့ အပေါ်၌ ကြမ်းတမ်းသော အမှုကို ပြုကုန်၏၊ ထိုသူတို့၏ ကောင်းသော အလေ့စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။

၆။ တိဿရသေ့ ဤလောက၌ အကြင်သူတို့သည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့် စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကို ယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏၊ သီလ မရှိကုန်၊ ကြမ်းတမ်းသော အမှုရှိကုန်၏၊ ကြမ်းသော စကားရှိကုန်၏၊ ရိုသေခြင်း ကင်းကုန်၏၊ ထိုသူတို့၏ မစောင့်စည်းခြင်းစသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။
၇။ တိဿရသေ့ အကြင်သူတို့သည် သတ္တဝါတို့၌ မက်မောကုန်၏၊ မုန်းတီးဆန့်ကျင်ကုန်၏၊ ပြစ်မှား လွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏၊ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏၊ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏၊ ထိုသူတို့၏ ဤမက်မောမှု စသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။
၈။ တိဿရသေ့ ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည်း(ဦးခေါင်းတုံးထား)ခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန် အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ရဟန်းပရိက္ခရာ သစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း, မီးကို လုပ်ကျွေးခြင်းတို့သည် လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘောရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သော အကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဥုံဖွစသည်ဖြင့် ပူဇော်သော အကျင့်တို့သည် လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ အလွန်ပူပြင်းသောနွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။

၉။ တိဿရသေ့ (အကြင်သူသည် ) မျက်စိဣနြေ္ဒ၊ နားဣနြေ္ဒ၊ နှာခေါင်းဣနြေ္ဒ၊ လျာဣနြေ္ဒ၊ ကိုယ်ကာယ ဟူသောဣနြေ္ဒ၊ စိတ်ဟူသောဣနြေ္ဒ ဤ ဣနြေ္ဒ (စောင့်စသည်းခြင်း)ခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ယင်းဣနြေ္ဒတို့ကို သတိဉာဏ်ဖြင့် စောင့်စည်းသည်တို့ကို ပြုလျက် အားထုတ်၏၊ သစ္စာလေးပါးတရား၌ တည်၏၊ ဖြောင့်မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏၊ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏၊ ဆင်းရဲအားလုံးကို ပယ်၏၊ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ်၊ ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။

ဤသို့ ကဿပမြတ်စွာဘုရားရှင်သည် အညှီအဟောက်ဟူသော အသားငါးစားမှုနှင့် ပတ်သက်ပြီး အစစ် အမှန်ဖြစ်တဲ့ အညှီအဟောက်အများကို ထုတ်ဖော်ပြပြီး တရားနှလုံးသွင်းဖို့ ဆက်လက်ဟောကြားခဲ့ပါတယ်။

ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏ ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာ အညှီ အဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍ နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ခွင့်တောင်းကာ ရဟန်းပြုသွား၏။ ((ဤ-post-ကို ဖတ်ပြီး ရှင် ရဟန်း မဟုတ်တဲ့ စာဖတ်ပရိတ်သတ်များ ရဟန်းပြုခိုင်းတာတော့ ဟုတ်ဘူးနော်။ ))ဤသုတ်တော်ကိုလေ့လာခြင်းဖြင့်လည်း ဘုရားရှင်သည် သက်သတ်လွတ်စားမှုကို ချီးမွမ်းအားပေးထားခြင်း မရှိတွေ့ရမှာဖြစ်သလို, တပ်မက်မှုတဏှာတရားပယ်ဖို့ကိုသာ အဓိကမိန့်ကြားထားတာကို စာဖတ်သူ တွေ့မြင်ရမှာပါ။
ယနေ့ခေတ် သက်သတ်လွတ်ဝါဒသည် သာသနာပြုယောင်ယောင် လုပ်နေကြတဲ့ ပုဂ္ဂိုလ်များ ထွင်ထားသော မမှန်ကန်သော ကျင့်စဉ်တစ်ခုမျှသာ ဖြစ်တယ်ဆိုတာ ကောက်ချက် ချလို့ရပါတယ်။
သားငါးစားခြင်းရှောင်ကြဉ်မှ ကိုယ့်ကျန်းမာရေးစသည်နှင့် အဆင်ပြေမယ်ဆိုရင် ရှောင်ကျဉ်ဖို့ပါ။ သက် သတ်လွတ်ဝါဒသည် ဘုရားဟောထားခဲ့တဲ့ ကျင့်စဉ်မဟုတ်ဘူးဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။
ဒီအသားငါးစားတာကို ကျင့်စဉ်တခုအနေနဲ့ ယူဆကြတဲ့ပုဂ္ဂိုလ်တွေအတွက် ဖြူးဆရာတော်ဘုရားကြီးရဲ့ “သွေးနဲ့ရေးတဲ့သာသနာ” တရားတော်ထဲမှာလည်း ဆရာတော်ကြီက “သက်သတ်လွတ်စားလို့ ကုသိုလ် တစ်မှုံမှ မရဘူး”စသည်ဖြင့် ပြတ်ပြတ်သားသားပြောထားပါတယ်။ တခြားသာသနာနှင့် မပတ်သက်တဲ့ အကျင့်တွေကိုလည်း အဲဒီတရားတော်ထဲမှာ ပြတ်ပြတ်သားသား ဟောထားပါတယ်။
မေမေ့လပြည့်ဝန်းလေးငယ်ဆရာတစ်ပါးပြောဘူးတာကတော့… “မင်းတို့ သက်သတ်လွတ်စားချင်းရင် မီးကျည်းခဲသာ စားတဲ့”။ တကယ်စဉ်းစားကြည့်ရင် ဟုတ်တယ်နော်.. “အသက်သတ်တာလွတ်တာက မီးကျည်းခဲပဲရှိတာ”။
လူတွေက အပြောကိုက မှားနေတာ- “သားကြီး၊ ငါးကြီးစားလွတ်တယ်”လို့ ပြောရင်မှန်အုန်းမယ်။ သက်သတ် လွတ်ဆိုတော့.. ဆန်တို့၊ သစ်သီးသစ်ရွက်တွေထဲမှာလည်း မြင်ရ၊ မမြင်ရ ပိုးတွေပါသေးတယ်။ စဉ်းစားဖို့ပါ။
နောက် အသားငါးစားမှုနှင့်ပတ်သက်လို့ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မလေးရှားက ကေသျှရီဓမ္မာနန္ဒ(K.Sri. Dhammananda) ဆရာတော်ဘုရားကြီးက (Vegetarianism)ဆိုပြီး ခေါင်းစဉ်တစ်ခုနဲ့ ရေးထားတာ ရှိပါတယ်။ အဲဒီထဲမှာ ဆရာတော်ဘုရားကြီး မှတ်ချက်ချထားတာလေးတစ်ခုက-
"One should not judge the purity or impurity of man simply by observing what he eats." လို့ဆိုထားပါတယ်။ “လူတစ်ယောက်ရဲ့ အကုသိုလ်အညစ်အကြေး စင်ကြယ်မှု/မစင်ကြယ်မှုကို အသားငါး စားတဲ့/မစားတဲ့ ဥပဒေ(သို့) ပေတံနဲ့ ဆုံးဖြတ်လို့ / တိုင်းတာလို့ မရဘူး၊”လို့ ဆိုထားတာပါ။
အဲဒီတော့ အားလုံးကို ကောက်ချက်ချလိုက်ရင် အသားငါးကို ကိုယ့်ကျန်းမာရေးစသည်နဲ့ မတည့်ရင် ရှောင်နိုင်ပါတယ်။ ဘုရားဟောကျင့်စဉ်ဆိုပြီးတော့ မမှတ်ယူသင့်ပါဘူး။ ဘုရားဟောထားတာက သတ္တ၀ါ တစ်ကောင်ဟာ ကိုယ့်အတွက် သတ်နေတာလို့ဆိုပြီး “မြင်မယ်၊ ကြားမယ်၊ သံသယဖြစ်နေမယ်”ဆိုရင် အဲဒီအသားကို မစားဖို့ ရဟန်းတော်တွေကို မှာခဲ့တာပါ။ နောက်-အဓိကအချက်ကတော့ ကိုယ်စားတဲ့ မည်သည့်အစာအာဟာရပေါ်မဆို တပ်မက်စွဲလမ်းမှု မရှိဖို့ အဓိကပါ။ ကိုယ့်ခန္ဓာကိုယ် ဆက်လက် ရပ်တည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားဖို့ပါပဲ။ အသားငါးလွတ်ဟူသော “သက်သတ်လွတ်ဝါဒသည် ဘုရားဟော မဟုတ်ဘူးဆိုတာ” မှတ်သားဖို့၊ လိုက်နာဖို့၊ သိစေဖို့ ..ဘုရားဟောအတိုင်း ရေးသားခြင်းမျှပါ။

Tuesday, September 29, 2009

ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ပန်ကြားလွှာ

မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ် အဖြစ်ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင် ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။
ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။
ရသေ့ ရဟန်း ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြား တော်မူသည်။ ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကိုကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မတ်ြကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။

သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက်မရှိမဖြစ် လိုအပ် သော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာ တစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသောယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက် နိုင်သောလောကနှင့် ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာ သည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသောလည်း လူလောကကြီးကို လူညွန့်တုန်းအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာ ဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သောလည်း အစာအိပ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။
ဘာသာရေးတိုင်သည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ပါသည်။ ယနေ့မျက်မှောက် ခေတ်တွင် ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။
(အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်း ပြုခဲ့ပါသနည်း)
အရှင်ရဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။
(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)
မင်းကြီးကဆိုပါသည်။
(လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော် သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူ တွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)
တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေး မကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။
အရှင်ရဌပါလာ၏အဖြေမှာ-----
၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။
သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ်ည်ဟုဖြေပါသည်။
အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကိုဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-
အရှင်ရဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမ္မဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။
၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ဝင်ရောက် လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုး ရှင်မှ ထိမ်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။
၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စစည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစာဟုပြောနေကြသောလည်း နှစ်ပေါင်း တစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထိုပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္မအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြ သောလည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေ ဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီးကြား သောအခါ အလွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက် ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ် အတည်း တို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ် လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင် များအားလုံး မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ် ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ် နေကြရသည် ကိုကြည့်ကာ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြ ရမည်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင် တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ဝိုင်းဝန်း ဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက် ကိုဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုကဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံး တို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။ ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။
ပူလောင်နေသောကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ခံမှ ဘာကိုမျှ မတောင်း ဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။


သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်
စစ်ကိုင်း

ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

တကယ်တော့ ကုသိုလ်ဆိုတာ ပစ္စည်းဥစ္စာ ရှိမှ၊ လှူနိုင်တမ်းနိုင်မှ ရအောင်လုပ်နိုင်တာ၊ ဖြစ်အောင် လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါနမလုပ်နိုင်ပေမယ့် တစ်ခြားလုပ်နိုင်တဲ့ ကောင်းတဲ့အလုပ်လေးတွေ လုပ်ရင်းနဲ့ လည်း ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါနမလုပ်လည်းပဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ ကုသိုလ်ဖြစ်ကြောင်း တရားတွေကို လုပ်နိုင်ပါက ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပါတယ်။ သိန်းနဲ့သန်းနဲ့ချီပြီး လှူနိုင်မှ မဟုတ် ပါဘူး။ ပစ္စည်းဥစ္စာကိုလှူဒါန်းပေးတဲ့ ဒါနကုသိုလ်မျိုး မလုပ်နိုင်ပေမယ့် တစ်ခြားကိုယ်တတ်နိုင်တဲ့ နည်းများ ဖြင့် ကုသိုလ်ဖြစ်အောင်၊ ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်။ ဗုဒ္ဓစာပေမှာလည်း ကုသိုလ်ဖြစ်ကြောင်းတရား၊ တစ်နည်းအားဖြင့် ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုး ဆယ်ပါးရှိကြောင်း ဖွင့်ပြပါတယ်။ အဲဒါကို စာပေက ပုညကြိယ၀တ္တုလို့ ဆိုပါတယ်။ (ပုည-ကောင်းမှုကုသိုလ်၊ ကြိယ- ပြုသင့်ပြုထိုက်သော၊ ၀တ္ထု- တည်ရာ) အဲဒီဆယ်မျိုးကတော့
၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၂။ သီလ- ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလသိက္ခာပုဒ်များ စောင့်ထိန်းခြင်း၊
၃။ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်း အားထုတ်ခြင်း၊
၎။ အပစာယန- အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူတို့အား အရိုအသေပြုခြင်း၊
၅။ ဝေယျာဝစ္စ- သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း၊
၆။ ပတ္တိဒါန- မိမိရသော၊ မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်း၊
၇။ ပတ္တနုမောဒနာ- မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း
၈။ ဓမ္မဿဝန- တရားနာခြင်း၊
၉။ ဓမ္မဒေသနာ- လာဘ်လာဘကို မငဲ့ဘဲ တရားဟောပေးခြင်း၊
၁၀။ ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မတ်စွာပြုခြင်း တို့ပဲဖြစ်ပါတယ်။

ဒီပုညကြိယာဝတ္ထုဆယ်ပါးကို ကြည့်မယ်ဆိုရင် ကုသိုလ်ဖြစ်ဖို့၊ ကုသိုလ်ရဖို့ဆိုတာ မခက်ပါဘူး။ ဒီဆယ်ပါးထဲ မှာ ကိုယ်ကဘာမှ မရင်းနှီးရ၊ အားမစိုက်ရဘဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ လူတိုင်း စိတ်ထားတတ်မယ်ဆိုရင် ဒီဆယ်ပါးထဲက တစ်ခုမဟုတ်၊ တစ်ခုဖြစ်နေပြီး နေ့စဉ်ကုသိုလ်တစ်ခုခု ရနေကြ မယ်ဆိုတာ အထူးပြောဆိုရာ မလိုလောက်အောင်ပါပဲ။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဆင်းရဲလို့၊ ငွေကြေးမပြည့်စုံ လို့ အလှူဒါန မလုပ်နိုင်ပေမယ့် သူများလှူတဲ့အလှူကို သာဓုခေါ်ပေးရုံနဲ့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွား၊ ကောင်းကျိုးဖြစ်သွားအောင် လုပ်လို့ရပါတယ်။ သူများအလှူမှာ သွားရောက်ပြီး ၀ိုင်းဝန်းဝေယျာဝစ္စပြုပေးရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။ ပြီးတော့ အလှူပွဲမှာ ဟောကြားတဲ့တရားတော်ကို နာယူနိုင်၊ နာယူပြီး ပြန်လာတဲ့အခါ ကိုယ်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း စသူတို့ကို တစ်ဆင့်ပြန်ဟောပြောပေး၊ ပြန်လည်အမျှဝေပေးရင်လည်း ကုသိုလ်ထပ်ဖြစ်စေပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးချဲ့ ပြောနိုင် ပါတယ်။ သေချာတာက ကုသိုလ်ရဖို့ လွယ်တယ်ဆိုတာပါ။ နောက်ပြီး ဘာမှမရင်းလိုက်ရဘဲ အလွယ်ရတဲ့ ကုသိုလ်လေးတစ်ခု ဒီဆယ်မျိုးထဲမှာ ပါပါတယ်။ အဲဒါက အပစာယနဆိုတဲ့ မိမိထက် အသက်သိက္ခာဂုဏ်ကြီး သူတွေကို အရိုအသေပြုတဲ့ အချက်ပါ။ သွားရင်းလာရင်းနဲ့လည်း ရောက်လေရာအရပ်တွေမှာ သက်ကြီး ရွယ်အိုများကို ကူညီပေးလိုက်ရုံ၊ ရိုရိုသေသေ လေးလေးစားစား ပြုပေးလိုက်ရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုး ဖြစ်သွားစေပါတယ်။ ဒီလိုလုပ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် သက်ကြီးရွယ်အိုများအား အရို အသေပြုပေးတဲ့အတွက် ဂါရ၀မင်္ဂလာဖြစ်စေပြီး အရိုအသေပြုတာဟာ တစ်ဘက်ကပြန်ကြည့်ရင် ကိုယ့်ကိုယ် ကို နှိမ့်ချတာဖြစ်တဲ့အတွက် နိဝါတ မင်္ဂလာလည်း ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ဖို့၊ ကောင်းကျိုးဖြစ်ဖို့ဆိုတာ အဲဒီလောက် လွယ်တာပါ။ ဒီထက်တစ်ဆင့်တက်ပြီး ခိုင်မာတဲ့ ကောင်းကျိုးဖြစ်ဖို့ကတော့ ဒါနမလုပ်ဘဲရတဲ့ သီလဆောက်တည်ခြင်းနဲ့ ဘာဝနာပွားများခြင်းပါ။ သီလကုသိုလ်ကတော့ ငွေကြေးမလိုပါဘူး။ ဒါပေမယ့် ထိန်းရခက်ပါတယ်။ ကိုယ့်ကိုယ်ကို အရင်းစိုက်ရတဲ့ ကုသိုလ်ပါ။ ရင်းရတာနဲ့လည်း တန်အောင် ဒီသီလကုသိုလ်ကလည်း ထိန်းသိမ်းတဲ့သူတွေကို အကောင်းဆုံးအကျိုးတွေကို ဖြစ်စေပါတယ်။ အနီးစပ်ဆုံး ကတော့ သီလလုံခြုံတဲ့သူဟာ သေပြီးနောက်ဘ၀မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ် လေးပါး မလားစေနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မရှိလို့မလှူနိုင်ဖြစ်အောင် ဆင်းရဲနေပေမယ့် ချမ်းသာသူ တွေထက် သာစေနိုင်တဲ့အချက်က ကိုယ်ကျင့်သီလကို လုံခြုံအောင်ထိန်းသိမ်းခြင်းပဲလို့ ဆိုတာပါ။ အနေ စုက် ပေမယ့် ရွှေထုတ်တဲ့မြပ၀ါလို့ ဆိုရအောင် မရှိလို့ ဒါနမလုပ်နိုင်ပေမယ့် အကျင့်သိက္ခာကတော့ မြင့်မြတ် လုံခြုံအောင် ကြိုးစားသင့်ပါတယ်။ မရှိလို့ဒါန မလုပ်နိုင်တဲ့ကြားက ကိုယ်ကျင့်သီလပါ မလုံခြုံဘူးဆိုရင်တော့ ဒီလိုလူမျိုးအတွက် ကောင်းကျိုးရဖို့ဆိုတာ မလွယ်ပါဘူး။ ထို့အတူ ဘာဝနာကုသိုလ်ကလည်း လုပ်တတ်ယူ တတ်ရင် လွယ်ပါတယ်။ နေ့စဉ် မေတ္တာပို့ပေးတာတို့၊ ဂုဏ်တော်ပွားတာတို့စတာတွဟာ ငွေကြေးမကုန်ဘဲ ကောင်းကျိုးရစေတဲ့ အရာတွေပါ။ ဒီထက်တစ်ဆင့်တက်ပြီးတော့ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းလည်း ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစည်များကို သတိလေးလိုက်လိုက်ကပ်ပြီး မှတ်တတ်တဲ့ အလေ့အကျင့်လေးတွေ လုပ်ကြည့်ပါက ကုသိုလ်တရားဖြစ်ဖို့ အရမ်းလွယ်ပြီး ဘ၀မှာ နေရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ခန္ဓာရဲ့ ဒုက္ခကို သိသွားတဲ့ သူတစ်ယောက်ဟာ အပြင်လောကမှ ကြုံရတဲ့ ဒုက္ခဆိုတာ အသေးအဖွဲလေးဖြစ်သွားပြီး ခံနိုင်ရည်ရှိသွားပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း သတိ ကပ်နေထိုင်သွားမယ်ဆိုရင် ဘာဝနာကုသိုလ်ဆိုတာ အကုန်အကျနည်းပြီး အလွယ်တကူဖြစ်စေမှာပါ။ ဒါပေ မယ့် သူလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့သဘော ရှိပါတယ်။ တကယ်တော့ ကုသိုလ်ရဖို့ လွယ်တယ်ဆိုပေမယ့် ဒီကုသိုလ်ကို လိုချင်တဲ့ပုဂ္ဂိုလ်၊ လိုချင်တဲ့စိတ်ရှိမှ လွယ်တာပါ။ ဒီလိုစိတ်မရှိလို့ကတော့ ဘယ်လောက်ပဲလွယ်လွယ်၊ ကုသိုလ်ရစေတဲ့တရားများ ဘယ်လောက်ပဲများများ ကောင်းကျိုးရဖို့ မလွယ်ပါ ဘူး။ ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက ကုသိုလ်ဖြစ်ဖို့ လွယ်တယ်ဆိုတဲ့ အချက်ပါ။ ငွေကြေး မတတ်နိုင်လို့ ဒါနမလုပ်နိုင်ပေမယ့် ဒီဒါနကလွဲပြီး ကျင်တဲ့သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ လူကြီးသူမ အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေကို အရိုအသေပြုတဲ့ကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်၊ အမျှပေး၊ အမျှဝေတဲ့ ကုသိုလ်၊ တရားနာရတဲ့ကုသိုလ်၊ ကိုယ်သိတာကို ပြန်လည်မျှဝေတဲ့ကုသိုလ်၊ အယူဝါဒကို မှန်ကန်စေတဲ့ ကုသိုလ်တွေကို ရအောင်လုပ်နိုင်ပါတယ်။ ဒီအချက်တွေကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါ တယ်။ ဘာမှမရင်းရဘဲ ကောင်းမှုတွေ၊ ကောင်းကျိုးတွေ ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဒါလေးကတော့ အသေးအဖွဲလေးပဲဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ သူများအလှူမှာသွားပြီး အောက်ခြေသိမ်း ဝေယျာဝစ္စတွေ လုပ်နေရတယ်ဆိုပြီး အတွေးမငယ်လိုက်ပါနဲ့၊ လမ်းသွားရင်း သက်ကြီးရွယ်အိုများကို အထုတ်သယ်ပေး၊ လမ်းဖြတ်ကူးပေးလိုက်တာလေးဟာ ဘာမှအကျိုးမရှိပါဘူးလို့ အတွေးမမှားလိုက်ပါနဲ့ ဒါတွေဟာ စိတ်ထား ကောင်းကောင်းနဲ့ အရိုးခံလုပ်ပေးလိုက်တာဆိုရင် သိန်းသန်းချီပြီးလှူတဲ့ သူတွေထက် ကုသိုလ်ပိုဖြစ်စေ၊ ကောင်းကျိုးပိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးတွေဟာ ဘာမှမရင်းဘဲ ရလိုက်တဲ့ ကုသိုလ်လေးတွေပါ။ အသေးအဖွဲကုသိုလ်လေးဆိုပြီးလည်း အထင်မသေးလိုက်ပါနဲ့ အသေးလေးတွေ စုလိုက်တဲ့အခါ အကြီးကြီးဖြစ်ပြီး ပစ္စုပ္ပန် သံသရာကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကုသိုလ် ဖြစ်ဖို့လွယ်သလောက် ကုသိုလ်ဖြစ်ဖို့ဆိုတာလည်း လိုချင်တယ်၊ စိတ်ထားတတ်တယ်၊ လုပ်တတ်တယ်ဆိုရင် အလွယ်လွန်ပါတယ်လို့ ဆိုခြင်းပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ ပုညကြိယ၀တ္ထုဆယ်ပါးထဲမှာ ကိုယ့်အတွက် အလွယ်ရနိုင်တဲ့ ကုသိုလ်တွေအများကြီး ရှိတဲ့အတွက် ကုသိုလ်ရဖို့အတွက် အဝေးကြီးသွားပြီး ရှာစရာမလိုဘဲ မိမိအနီးမှာရှိတယ်ဆိုတာ သဘောပေါက်ဆင်ခြင်၍ ကုသိုလ်ကောင်းမှုများကို အလွယ်တကူရအောင် ကြိုးစားကြဖို့ သတိပေးတင်ပြလိုက်ရပါတယ်။

ဗုဒ္ဒဘာသာသမိုင်း

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော် မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီ ဥယျာဉ် ၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။) (၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရ စရိယာ -ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။

ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။

ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်း တော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ် တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်း ရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင် မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာ တာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လ ကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။
ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ် အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါ သည်။

ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယ သင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင် ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောက မင်းဖြစ်ပါ သည်။
တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောက မင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော် များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါ သည်။ ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ် အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင် ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ် သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။ အဖွဲ့ဝင်ဆရာတော် အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက် အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေး ဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။


Friday, September 25, 2009

အနှစ်ကိုးပါး (အပိုင်း-၁၆)

ဗုဒ္ဓဘာသာသည် religion မဟုတ်

ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂျင်း)လို့ ဆိုနိုင်ပါသလား''လို့မေးတယ်။ religion ဆိုတာ ''ဘာသာတရား''လို့ ဒီလိုဆိုကြတာကိုး။
Buddhism is not religion.
ဗုဒ္ဓဘာသာဟာ ရီးလီးဂျင်းမဟုတ်ဘူး။
''Religion. မဟုတ်ရင် အရှင်ဘုရား ဘာလို့ ပြောချင်တုန်း''။ ဒီတော့ ဘုန်းကြီးက ပြောလိုက်တယ်။ ''ဗုဒ္ဓ ဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ''။''Religion ကတော့ ကျင့်စဉ်မဟုတ်ဘူးလား'' တဲ့ သူက ထပ်မေးတယ်။
Religion ဟာ ကျင့်စဉ်မဟုတ်ပါဘူး။ Religion ဆိုတဲ့ ဘာသာမှာ ကျင့်စဉ်ကို မပါဘူး။ Religion လို့ခေါ်တဲ့ ဘာသာတိုင်းမှာ ကျင့်စဉ်မပါဘူး။
Religion မှာ ယုံကြည်ခြင်း၊ ရှိခိုးခြင်း၊ ဆုတောင်းခြင်းတို့ပဲရှိတယ်။မကောင်းတာတွေအကုန်လုပ်၊ အပြစ်မှလွတ်ဖို့ရန် ဆုတောင်း။ ကောင်းမှုတွေလုပ်ချင်လဲလုပ်၊ မလုပ်ချင်လဲနေ၊ ချမ်းသာသုခကို ဘုရား သခင် က ချပေးပါလို့ ဆုတောင်း။ ယုံကြည်မှုနှင့် ဆုတောင်းခြင်းသာလျှင် ပဓာန ထားတဲ့ဘာသာကို Religionလို့ ခေါ်ပါတယ်။ ယုံကြည်မှုနှင့်ဆုတောင်းမှုကို ပဓာနမထားပဲနဲ့ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာသည် ဗုဒ္ဓဘာသာပါ။ အဲဒီလူက ထပ်မေးတယ်။ ''ဗုဒ္ဓဘာသာသည် Philosophy (ဖီလိုဆိုဖီ) လို့ ဆိုရင်ကော ဆိုနိုင်ပါသလား''တဲ့။ ''မဆိုနိုင်ပါဘူး။ ဗုဒ္ဓဘာသာကို Philosophy လို့လဲ တစ်ဘက်သတ် မပြောနိုင်ပါဘူး။ Philosophy ဆိုတာ အသိ သက်သက်ပဲ ဖြစ်တယ်။ Philosophy မှာ အကျင့် (စရဏ)မပါဘူး''။
Religion က ယုံကြည်မှုသက်သက်။ Philosophy က အသိဥာဏ်သက်သက်။ အဲဒီနှစ်ခုစလုံးမှာ ''အကျင့် တရား'' မပါကြဘူး။
ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနှင့် အသိဥာဏ် ပေါင်းစပ်ပြီးတော့ ကျင့်ရတဲ့တရား။
ယုံကြည်မှုနဲ့ အသိဥာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိရဲ့နှလုံးသားထဲက ယုတ်မာတဲ့ ကိလေသာတွေ အကုန်လုံး ရှင်းသွားတယ်။ အဲဒီယုတ်ညံ့တဲ့ ကိလေသာတွေ ရှင်းသွားတဲ့အခါ ချမ်းသာသုခကို တကယ်ရတာပါပဲ။
''မိမိရဲ့ယုတ်ညံ့မှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင် လုပ်ရပါတယ်။ မိမိစိတ်ဓာတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင်ကြိုးစား ယူရပါတယ်။ အလွန်တန်ခိုး ထက်မြက်တဲ့ စိတ်စေတသိက်တို့ကို အသုံးချကျင့်ရတာဟာ ဗုဒ္ဓဘာသာပဲ''လို့ ဘုန်းကြီးက ပြောလိုက်ပါတယ်။
နယူးဒေလီမှာ နေ့ခင်းပိုင်း ဟောတဲ့တရားပွဲမှာ အဲဒီမေးခွန်းကို ဖြေပြီးတော့ အဲဒီနေ့မှာပဲ အိန္ဒိယရေဒီယို အသံလွှင့်ဌာနက လာပြီးတော့ တောင်းတယ်။ ''တပည့်တော်တို့ ရေဒီယိုမှာ အသံလွှင့်ချင်လို့ အရှင်ဘုရား တရား တစ်ပုဒ်တော့ အသံသွင်းပေးခဲ့ပါဘုရား''တဲ့။ ဒီတရားပွဲလဲပြီးရော အဲဒီမေးခွန်းကို အခြေခံ ပြီးတော့ ဘုန်းကြီးက စာတမ်းတစ်ခု ဘုန်းကြီးရေးတယ်။ ည ၁ဝ-နာရီအထိ မပြီးဘူး။
မပြီးတော့ အသံလွှင့် ဌာနကို ''မနက်ဖန်ခါကျမှ အသံသွင်းကြစို့''လို့ပြောလိုက်ပြီး ဆက်ရေးတယ်။ အရုဏ် တက်ခါနီး ၃-နာရီလောက်ကျတော့မှ ဒီစာတမ်းဟာ ပြီးသွားပါတယ်။ စာမျက်နှာ ၇-မျက်နှာ ရှိတယ်။
နောက်တစ်ရက် ညနေစောင်းတော့ အိန္ဒိယ ရေ ဒီယိုမှာ အဲဒီမေးခွန်းကို အခြေခံပြီးတော့မှ ဗုဒ္ဓဘာသာသည် Religion မဟုတ်ဘူးဆိုတဲ့အကြောင်းကို ရှင်းလင်း ဖော်ပြတဲ့ ဟောပြောချက်ကို အသံသွင်းပေးခဲ့တယ်။
အဲဒီနေ့ညနေ (၁၃၄၃-ခု၊ တပေါင်းလပြည့်နေ့ ညနေ)က အဲဒီတရားတွေလွှင့်သွားတယ်။ တပေါင်းလ ပြည့်နေ့လွှင့်တော့ ဘုန်းကြီး သိပ်ကြိုက်သွားတယ်။ ဘုန်းကြီးရဲ့ မွေးနေ့ကိုး။

ယုံကြည်မှုတွေ လွန်ကဲရင် အလွဲယုံကြည် တယ်။
အသိဥာဏ်တွေ လွန်ကဲရင် ကောက်ကျစ် တယ်။
သဒ္ဓါ၊ ပညာ၊ ဤနှစ်ဖြာ ညီညွတ်စွာ ပေါင်း စပ်ပြီးတော့ အကျင့်နဲ့သွားရတယ်။
သဒ္ဓါ ပညာ ညီမျှစွာတွဲ။ ပြီးတော့မှ ''စရဏ (အကျင့်)''နှင့် ထပ်မံ၍ ပေါင်းစပ်တဲ့အခါ ကျတော့ ''ဝိမုတ္တိ'' ဆိုတဲ့ လွတ်မြောက်မှုကို ကောင်းစွာရတယ်။
ကိုယ်တိုင်ကျင့်ရတဲ့ စရဏကို အသာလေး ဖယ် ထား၊ ကိုယ်တိုင်ဘာမှမကျင့်ပဲနဲ့ ဆုချည်းထိုင်တောင်း နေ မယ်ဆိုရင် ဗုဒ္ဓဘာသာက လက်မခံဘူး။

ဒါဖြင့် ဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးတော့ ဆုမတောင်းဘူးလားလို့ မေးရင်၊ တရား ပွဲတွေမှာ မေးလဲ မေးတ
တ်ပါတယ်။ ''ဗုဒ္ဓဘာသာမှာ ဆုတောင်း ရှိတာပေါ့''လို့ ဘုန်းကြီးတို့က ဖြေပါတယ်။ ''ဒါပေမဲ့ ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းဆိုတာဟာ တန်ခိုးရှင်တစ်ယောက်ထံမှာ တောင်းတဲ့ဆု မဟုတ်ဘူး။ ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ထံမှာ တောင်းတာ မဟုတ်ဘူး။ ဘုရားရှင် ကိုယ်တော်မြတ်ထံက တစ်စုံတစ်ခုကို မျှော်လင့် လို့ ''တပည့်တော်ကို ဒါလေးပေးပါ၊ တပည့်တော်ကို ဒါလေးပေးပါ''လို့ တောင်းတာ မဟုတ်ဘူး''။

(အပိုင်း-၁၇)မျှော်

အနှစ်ကိုးပါး(အပိုင်း-၁၅)

ဥုံ မဏိ ပဒ္မေ ဟုံနှင့် ပစ္စယော
ဒီတော့ ဒီတိဘက်ကိုယ်တော်ကြီး တစ်ကိုယ်လုံး နံနေတာ တခြားမဟုတ်ဘူး။ ချမ်းလွန်းလို့ ရေမချိုးတာရယ်၊ မုန်ညင်းဆီ တကိုယ်လုံး လိမ်းထားတာရယ်၊ အဝတ်တွေက အထူကြီးထပ်ပြီးတော့ ဝတ်ထားတာရယ်၊ အဲဒီ အကြောင်း သုံးပါးကြောင့် ဒီကိုယ်တော်ကြီး နံနေတာလို့ ဘုန်းကြီးက သဘောကျသွားတယ်။နံပေမယ့် သူ့မန္တာန်ရချင်တာနဲ့ အနားကပ်ပြီးတော့ နားစွင့်လိုက်တော့မှ မန္တာန်ရဲ့အသံကို ဘုန်းကြီး ရလိုက်ပါတယ်။
''ဥုံ မဏိ ပဒ္မေ ဟုံ''တဲ့။
အဲဒါ တိဘက်ဘုန်းကြီး ရွတ်တဲ့မန္တာန်။ ထပ်ခါ ထပ်ခါ ရွတ်ပြီးတော့ လက်ထဲက သတ္ထုဗူးကလေးကို ယမ်းပြီး တော့ သူက လှုပ်နေတာ။ ဒါပဲ ထပ်ခါ ထပ်ခါ ရွတ်နေတယ်။ ''မန္တာန်တော့ရပြီ''ဆိုပြီးတော့ ဒိုင်ယာယီထဲ ရေး မှတ်ထားလိုက်တယ်။
မှတ်ထားပြီးတော့ ဘုန်းကြီးလဲ ဒီရတနာဃရ ရွှေအိမ်ထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို ပဋ္ဌာန်းဒေသနာ တော်နဲ့ ပူဇော်ချင်တာ။ ဒီကိုယ်တော်ကြီးကလဲ ပြီးပဲ မပြီးနိုင်ဘူး။ သူဘယ်တော့ ပြီးမလဲလို့ စောင့်နေတာ မပြီးဘူး။ ''မပြီးလဲနေတော့ကွာ၊ ငါလဲ တစ်ထောင့်ကထိုင်၊ မင်းလဲ တစ်ထောင့်က ထိုင်'' ဆိုပြီး ၁၂- တောင်လောက်ရှိတဲ့ တိုက်ကလေးထဲ သူက တစ်ထောင့်က ထိုင်၊ ဘုန်းကြီးလဲ ထောင့်တစ်နေရာ ဝင်ထိုင်ပြီး တော့ ဘုရားကိုယ်တော်မြတ် ကို အားပါးတရ ရှိခိုးပူဇော်ကန်တော့ပြီး ဗောဓိပင်ဘက် လှည့်ပြီးတော့ ဘုန်းကြီး က ပဋ္ဌာန်းဒေသနာကို ရွတ်ပါ တယ်။
''ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော''လို့ ရွတ် လိုက်တာ။
လွန်လေပြီးတဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက ဘုရားရှင်ကိုယ်တော်မြတ် ဤနေရာမှာ ထိုင်နေ တော်မူပြီးတော့ ပဋ္ဌာန်းဒေသနာတော်ကို ဒီလို ဆင်ခြင် သုံးသပ်တော်မူခဲ့လို့ ရောင်ခြည်တော်ခြောက်ပါး ကွန့်မြူးတော်မူခဲ့ ပါတယ်။ အာရုံယူပြီးတော့ ဘုန်းကြီးက ပဋ္ဌာန်းကို ခပ်တိုးတိုး ရွတ်နေတာ။
ဟိုဘက်က ကိုယ်တော်ကြီး ရွတ်နေတဲ့ ''ဥုံ မဏိ ပဒ္မေ ဟုံ''က နားထဲဝင်ဝင်လာတယ်။ ကိုယ်ရွတ်နေတဲ့ ပဋ္ဌာန်း ပျောက်ပျောက်သွားတယ်။ ခက်တော့တာပဲ။ ''ဥုံ မဏိ ပဒ္ဒမေ ဟုံ'' အသံက ကျယ်ကျယ်လာ၊ ကိုယ့်ပဋ္ဌာန်းက ပျောက်သွား။
''ငါတော့ သူ့ကိုနိုင်အောင်ချမှ ဖြစ်မယ်'' ဆိုပြီးတော့ ယခုပလ္လင်ပေါ်က ရွတ်သလိုပေါ့။ အသံကို ခပ်ကျယ်ကျယ် ထုတ်ပြီးတော့ ဘုန်းကြီးက တအား အော်တော့တာကိုး။
ဟေတုပစ္စယောတိ ဟေတူ ဟေတုသမ္ပယုတ္တကာ နံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စ ယော။
တိုက်ကလေးထဲမှာ သူက ''ဥုံ မဏိ ပဒ္မေ ဟုံ''၊ ဒီဘက်က ''ပစ္စယော'' ''ပစ္စယော'' နဲ့ တအားကြီး ချနေတော့ သူ စိတ်ပျက်သွားတယ် ထင်တယ်။ လက်ထဲက ခုနက အုန်းမှုတ်ခွက်လိုဟာလေး အသာချ၊ တင်ပျဉ်ခွေ ထိုင်ပြီး တော့ ဘုန်းကြီးကို ကြည့်နေတယ်။

''ဥုံ မဏိ ပဒ္မေ ဟုံ''ရဲ့ အဓိပ္ပာယ်
သူ့ ''ဥုံ မဏိ ပဒ္မေ ဟုံ''ကို မရွတ်တော့ဘူး။ ထိုင်ကြည့်နေတယ်။ အဲဒီတော့မှ ဘုန်းကြီးက မြတ်စွာဘုရားအား အားပါးတရ ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဆိုပူဇော်ပြီး ထပြီးတော့ သူ့ကို နှုတ်ဆက်တယ်။
''ကိုယ်တော် ဘယ်တိုင်းပြည်က လာသလဲ'' လို့ အင်္ဂလိပ်လို မေးကြည့်တော့ သူ ပြန်မပြောဘူး။ သူလဲ မတတ်ဘူး။ ဘုန်းကြီးကလဲ တိဘက်စကား မတတ်ဘူး၊ ပါဠိလို မေးကြည့်တော့လဲ မရဘူး။
ရတနာဃရ ရွှေအိမ်က ထွက်လာခဲ့ပြီးတော့ တည်းခိုတဲ့ကျောင်း ရောက်တဲ့အခါ နီပေါက ဘုန်းကြီးတို့နဲ့ အတူတူ လိုက်လာတဲ့ နီပေါဘုန်းကြီးတစ်ပါးကို ဘုန်းကြီးက မေးကြည့်တယ်။
''အရှင်ဘုရား တပည့်တော် တိဘက်ကိုယ်တော်ကြီးဆီက မန္တာန်တစ်ခုရခဲ့တယ်။ အဲဒီမန္တာန်ရဲ့အဓိပ္ပာယ်ကို ပြောပြစမ်းပါ'' ဆိုတော့ သူက ပြောပြတယ်။
''ဥုံမဏိ ပဒ္မေ ဟုံ ဆိုတာ အခြားမဟုတ်ပါဘူး၊ မဏိဆိုတာ အရှင်ဘုရားတို့ သိပါတယ်။ ပတ္တမြား။ မြေကြီး ကထွက်တဲ့ ကျောက်မျက်ရတနာအားလုံးတို့တွင် ပတ္တမြားဆိုတဲ့ ကျောက်မျက်ရတနာဟာ သူတို့ တိဘက် တိုင်းပြည် မှာတော့ ''အမြတ်ဆုံးရတနာပဲ''တဲ့။
''မြေကြီးထဲကထွက်တဲ့ ကျောက်အားလုံးတို့တွင် ပတ္တမြားဆိုသောကျောက်သည် အမြတ်ဆုံး ဖြစ်သလိုပဲ လူသားထဲက ပေါက်ဖွားလာတဲ့ ဗုဒ္ဓဟာလဲပဲ လူသားတကာ လူသားတို့တွင် အမြတ်ဆုံးလူသားတစ်ယောက်ပဲ၊ အဲဒါကြောင့် ''မဏိ''ဆိုတာ မြတ်ဗုဒ္ဓကို တင်စားပြောတာ''တဲ့။အလွန်လျှို့ဝှက်တဲ့ဂါထာ။
ပဒ္မေဆိုတာက ပဒုမ္မာကြာ၊ ''ပဒုမ''ကို သူတို့က ပီပီ မရွတ်ဘူးတဲ့။ ပဒ္မေလို့ ရွတ်တယ်တဲ့။ ''ဟုံ''ဆိုတာက ''ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်''တဲ့။ ပဒ္မေ-ပဒုမ္မာကြာထဲ ကနေ။ ဟုံ-ဖြစ်လာတယ်။
ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ်တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ပေါ်ပေါက်လာပါတယ်။ မယ်တော် မာယာက ဖွားတာမဟုတ်ပါဘူး။ သူတို့က ပဒုမ္မာကြာထဲက ပေါ်ပေါက်လာပါတယ်တဲ့။
''ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ်တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ဖြစ်ထွန်းပေါ်ပေါက်လာသလိုပဲ အကျွန်ုပ်ရဲ့ နှလုံးအိမ်မှာလဲပဲ ဗောဓိဥာဏ်သည် ဖြစ်ထွန်းပါစေ''။ ''အဲဒီ အဓိပ္ပာယ်ကိုဆောင်တဲ့ မန္တာန်ပါပဲ''တဲ့။
''အဲဒီမန္တာန်ရွတ်ပြီးတော့ ဗောဓိဓာတ် ယူတာ။ သူတို့က ဗောဓိ ဥာဏ်ရဖို့ရန် သူတို့က မန္တာန်ရွတ်တာ''တဲ့။
''မန္တာန်ရွတ်လို့ ဗောဓိဥာဏ် ရမယ်တဲ့လား''။ စဉ်း စားကြည့်။ သဘာဝ မကျဘူး။
ဗောဓိဥာဏ်ရအောင် ဘာလုပ်ရမလဲ။ ဗုဒ္ဓရဲ့ အကျင့် ကိုကျင့်ပေါ့။ မဂ္ဂင်ရှစ်ပါး၊ သိက္ခာသုံးပါး ကျင့်ပေါ့။
သိက္ခာသုံးပါးကို အကျင့်တရား ဘေးဖယ်ထားပြီး တော့ အဲဒီတိဘက်ကိုယ်တော်ကြီးက ဗောဓိÓဏ်ကို မန္တာန် နဲ့ ယူတယ်တဲ့။ ဘာမှ အဓိပ္ပါယ်မရှိဘူး။သူတို့ ပုတီးစိပ်လဲ အဲဒါပဲ။ တိဘက်ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျားအားလုံး ပုတီးနဲ့ချည်းပဲ။ ဗောဓိ ပင်တပတ်လည် ပုတီးစိပ်လဲ တခြားဘာမှ မစိပ်ဘူး။
''ဥုံ မဏိ ပဒ္မေ ဟုံ''ဆိုပြီး ပုတီး လုံးရေတွေကို ချနေတာပဲ။ ဘုန်းကြီးတို့ကတော့ ''အရဟံ...အရဟံ''နဲ့ ဒီလိုသွားတာ။ ဒီတော့ ပုတီးစိပ်တာလဲ မန္တာန်ပဲ။ ဗောဓိဥာဏ် ရအောင် အားထုတ်တာလဲ မန္တာန်ပဲ။ ဘယ်မှာလဲ၊ သိက္ခာ သုံးပါးဆိုတာ။သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဆိုတာ ဟန်ပဲရှိတယ်၊ တကယ်အမှန် မရှိဘူး။
ဒါကြောင့် ဘုန်းကြီးတို့ ပရိသတ်များရဲ့ နှလုံးသား ထဲမှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးစုံ ရှိပါတယ်။
ဟိုမှာကတော့ သိက္ခာသုံးပါးရှိတယ်ဆိုပေမဲ့ တချို့ ရှိတယ်။ တချို့မရှိဘူး။ အပြည့်အစုံ မရှိရှာကြဘူး။

ချီးကျူးစရာ အချက်တော့ရှိတယ်
ဘာကိုတော့ ကျေးဇူးတင်ရမလဲဆိုလို့ရှိရင် ဘုရား ကိုယ်တော်မြတ်ကို ကြည်ညိုတယ်ဆိုတဲ့ နေရာမှာတော့ သူတို့ကို ချီးကျူးရမယ်။ အဲဒီလို ဘုရားကို ကြည်ညိုတဲ့စိတ်ကလေး ရှိနေတာသည်ပင်လျှင် သူတို့အတွက် အဖိုးတန်လှပြီလို့ ချီးကျူးရမယ်။ အဲဒီစိတ်ကလေး ပျောက်ရင်တော့ ကုန်ရော။ ဗုဒ္ဓ ဘာသာဟာ မကျန် တော့ဘူး။ အဲဒီစိတ်ဓာတ်ကတော့ သူတို့ မှာ သိပ်ခိုင်မာကြတယ်။ ဘာကြောင့် ဘုရားကို ကြည်ညိုတဲ့စိတ် ပြင်းပြ သလဲ ဆိုလို့ရှိရင် ဘုရားကိုယ်တော်မြတ်ကို ရှိခိုးတဲ့နေရာမှာ ခုနက ပြောပြထားတယ်။
မတ်တပ်ရပ်ကနေပြီးတော့ ခေါင်းပေါ် မြှောက်၍ လက်အုပ်ချီ နဖူးသို့ တစ်ဆင့်ချ၊ မေးစေ့သို့ တစ်ဆင့်ချ၊ ရင်ဘတ်သို့ တစ်ဆင့် လျှော့ပြီးတော့ လက်နှစ်ဘက်ကို ဆန့် ပြီးတော့ ရှေ့ပစ်ပြီး၊ ဝမ်းလျားမှောက်ချလိုက်တာ။
နောက်တစ်ခါ ပြန်ထ၊ ဒီအတိုင်း ရှိခိုး။ နောက် တကြိမ် ပြန်ထ ဒီအတိုင်းရှိခိုး၊ အဲဒါမြေကြီးပေါ်က သမံ တလင်းပေါ်မှာ။ မြက်ပေါ်မှာဆိုရင် ရှေ့ပိုင်းတစ်ကိုယ်လုံးဟာ ပေ ကျံနေတာပဲ။ ဆောင်းတွင်းကြီး ချမ်းချမ်း စီးစီးနဲ့ အဲဒီလိုရှိခိုး နေတဲ့ လူတွေ ဗောဓိပင်နားမှာ အများကြီးပဲ။ မတ်တတ်ထလိုက်၊ ဖုံးကနဲ ဝမ်းလျား မှောက်လိုက် မတ်တတ်ထလိုက် ဖုံးကနဲ ဝမ်းလျားမှောက်လိုက် ဒီလို လုပ် နေကြတဲ့လူတွေဟာ နည်းတာ မဟုတ်ဘူး။ အင်္ဂလိပ်တွေ လဲ အဲဒီအထဲဝင် လုပ်ကြတာပဲ။ အမေရိကန်တွေလဲ ဒီဂိုဏ်း ထဲဝင် ဒီလိုလုပ်ကြ တာပဲ။ အဲဒီလို ရှိခိုးနေကြတဲ့ လူထုကြီးတွေကိုကြည့် ပြီး တော့ ဘုန်းကြီး စဉ်းစားမိတယ်။ ''သြော် သဒ္ဓါ တရားများ ကောင်းလိုက်တာ၊ ဘုရား ကြည်ညိုလို့ ရှိခိုးတယ်ဆိုတဲ့နေရာ မှာ ဒီလောက်ကို သူတို့က အားပါးတရကြီး ရှိခိုးကြတာပဲ'' လို့ တွေးမိတယ်။ဘုန်းကြီးတို့ မြန်မာများ ရှိခိုးတာကတော့ တံ တောင်ဆစ်ဟာ မြေကြီးကိုထိချင်မှထိ၊ ဒူးကလဲ ထိချင်မှထိ၊ အဆင်မပြေဘူး။တစ်ချို့ရှိခိုးကြတာဆိုရင် နွေရာသီ ပူပူလောင် လောင် လမ်းပေါ်က ရေညှောင့်ကောင်နဲ့ တယ်ပြီးတော့ တူတာပဲ။ ကြည့်လို့ မကောင်းဘူး။ထိခြင်း ၅-ပါးဆိုတဲ့ ရှိခိုးနည်း ပေးထားတယ် မဟုတ်လား။ သူတို့ ရှိခိုးတာက ဝမ်းလျားမှောက်ထားတာ။ ငါးပါး မကဘူး၊ အကုန်လုံးထိနေတယ်။ ဘုန်းကြီးတို့ ပရိသတ်များလဲ ထိခြင်း ၅-ပါး ထိ အောင် ကြိုးစားကြစမ်းပါ။
''လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ ဦးချ လေ''။ဒကာကြီးများဆိုလို့ရှိရင် ဆောင့်ကြောင့်ထိုင်ပြီး တော့ လက်အုပ်ချီလိုက်၊ ပြီးတော့မှ လက်ချ၊ လက်ဖဝါး နှစ်ဘက်ထောက်ပြီးတော့ ဒူးနှစ်ဘက်ချ။ ပြီးတော့မှ တံ တောင် နှစ်ဘက် ကျပါစေ။အဲဒီတံတောင်နှစ်ဘက်သာမကျရင် ခုနက ရေ ညှောင့်ကောင်အတိုင်းပဲ။
ဘုန်းကြီးတို့ မြန်မာတွေ သဒ္ဓါတရား ဘယ်လောက် ပဲ ကောင်းတယ်ပြောပြော၊ တိဘက်က ဒကာတွေ ဒကာမ တွေ ဦးချတာမျိုးကိုတော့ မလုပ်နိုင်ကြဘူး။

ရှစ်သောင်းလေးထောင် ဦးချနိုင်ယင်
ဦးချတဲ့နေရာမှာ အဲဒီလို သဒ္ဓါတရား သိပ်ကောင်း တော့ တစ်ချို့လူများကိုတော့ ဘုန်းကြီးက သနားမိတယ်။
ဗိုက်စူစူကြီးတွေနဲ့ ဝပြီးနေတဲ့ တိဘက်အဘိုးကြီး တွေ အဘွားကြီးတွေ အဲဒီဘုရားအနားမှာ ရှိခိုးတာကြည့် ပြီးတော့ ဘုန်းကြီးသနားတယ်။
မတ်တတ်ရပ်ပြီးတော့ ခုနက ပြောသလို လက် နှစ်ဘက်မြောက်၊ လက်အုပ်ချီ၊ နဖူးပေါ် တင်ပြီးတော့မှ မေး စေ့ချ။ ပြီးတော့ ရင်ဘတ်ထိအောင်ချ၊ ရှေ့လက်ပစ်ပြီး တော့ ဝမ်းလျားလဲ မှောက်လိုက်ရော။ အဲဒီ ဗိုက်ကြီး စူပြီး ဝနေတဲ့ အဘိုးကြီးနဲ့အဘွားကြီးဟာ တကတဲ တစ်မျိုးကြီးကို ဖြစ်နေတာပဲ။ ဘောလုံးပေါ်မှာ တက်ပြီး တော့ မှောက်ထား သလို ဖြစ်နေတယ်။ လိမ့်တိမ့် လိမ့်တိမ့်နဲ့ ဖြစ်နေတယ်။ သူတို့က ဂါဝန်အရှည်ကြီး တွေဝတ်ကြတာဆိုတော့ တစ်မျိုးကြီးပဲ။ သူတို့ရှိခိုးနေတာ နောက်ကနေ သွားပြီးတော့ မကြည်ညိုလိုက် ကြပါနဲ့။ ရှေ့ကနေကြည့်ပြီး ကြည်ညိုမယ်ဆိုရင် တော် တော် ကြည်ညိုစရာကောင်းတယ်။ ရှေ့နားမှာ ပုတီး လေးက ချထားတယ်။ လက်ဖျားနဲ့ ထိပ်နားမှာ ပုတီးလုံးလေးက ချထားတယ်။ တစ်ကြိမ်ဦးချပြီးရင် သူတို့က ပုတီးတစ်လုံးဆွဲ လိုက်တယ်။ တစ်ကြိမ်ပြီးတိုင်း ပုတီးတစ်လုံး ဆွဲလိုက်တယ်။
တော်တော်လေး အချိန်ကြာတော့ အဘိုးကြီး တစ် ယောက် နဖူးက ချွေးတွေ ကျလာတယ်။ နဖူးက ချွေးတွေ သုတ်ပြီးတော့ ဦးချ။ ဒီတိဘက်အဘိုးကြီးတွေ အဘွားကြီး တွေကို ငါမေးလို့ ရမှာမဟုတ်ဘူး။ သူတို့က တိဘက်လိုပြော ရင် ငါက တိဘက်လိုနားမလည်တော့ မဖြစ်သေးဘူး။
မေးလို့ရတဲ့ အီတလီက လူကို သွားမေးမှပဲဆိုပြီး တော့ မေးလိုက်တယ်။
''ဒါလောက်တောင် မင်းတို့က ကြိမ်ဖန်များစွာ တစ်မနက်လုံး တစ်နေ့လုံး တစ်ညလုံး ရှိခိုးနေကြတာဟာ့ ဘာကြောင့်လဲ။ အကြိမ်တွေ များလိုက်တာ'' လို့။ အဲဒီလူက ''တပည့်တော်တို့ ဆရာက သင်ပေး ထားတယ်၊ အကြိမ်ပေါင်း ရှစ်သောင်းလေးထောင် ရှိခိုးနိုင် ရင် အပါယ်လေးပါး တံခါးပိတ်တယ်''လို့ ပြောတယ်။
သူတို့ သဒ္ဓါတရားက ဒီလိုလာတာ။ အချို့များ ရှစ်သောင်းလေးထောင်ကျော်လို့ တစ်သိန်းတောင်ရောက် နေပြီ။သူတို့ရဲ့ သဒ္ဓါတရား ဘယ်လောက် ကောင်းသလဲ။ ''အသက်ခန္ဓာ စွန့်ချင်စွန့်ရပါစေ''ဆိုတဲ့ စိတ်ဓာတ်နှင့် ရှိခိုး နေကြတာ။ သို့သော် ဥာဏ်မပါဘူး။

အသိဥာဏ်မပါသော ယုံကြည်မှု
ဗလဝသဒ္ဓေါ၊ သဒ္ဓါတရားအားကောင်းပြီးတော့။ မန္ဒပညော၊ ပညာနည်းကြပြီဆိုရင်။ မုဓပ္ပသန္နော၊ အချည်း နှီး အကျိုးမရှိတဲ့နေရာမှာ ယုံကြည်တတ်သည်။ ဟောတိ၊ ဖြစ်ပါပေ၏။
သဒ္ဓါတရားက အလွန်အားကောင်းပြီးတော့ အသိ ဥာဏ်နည်းရင် အကျိုးမရှိ အချည်းနှီးကိစ္စတွေမှာ ယုံကြည် တတ်ကြတယ်။ ရှစ်သောင်းလေးထောင် ဝမ်းလျားမှောက်၍ ရှိခိုး ခြင်းဖြင့် အပါယ်လေးပါးမှ သူတို့ လွတ်တယ်လို့ ယုံကြည် ထားကြတယ်။ သူတို့ရဲ့ စရဏ (အကျင့်)ဆိုတာဟာ အဲဒီ လောက်ပဲ ရှိပါတယ်။

ကံကောင်းကြတဲ့ မြန်မာ
မြန်မာပြည်က ပုဂ္ဂိုလ်တွေရဲ့ စရဏပိုင်းကျတော့ ရုပ်နာမ်ရဲ့လက္ခဏာဖောက်ထွင်းသိမြင်နိုင်တဲ့အထိ ဆင်ခြင် သုံးသပ်နိုင်ကြတယ်။ အဲဒီလို အသိဥာဏ်ကောင်းစွာရတဲ့ လူ့အဖြစ်ကို ဘုန်းကြီးတို ရရှိနေကြတယ်။
အသိဥာဏ်မပါသော ယုံကြည်မှုကို အကန်းယုံ ကြည်မှုလို့ ခေါ်တယ်။ ယုံကြည်မှုမပါပဲနဲ့ အသိဥာဏ်သက် သက်ပဲဆိုလို့ရှိရင် ပန်းတိုင်မရောက်နိုင်ဘူး။အသိဥာဏ်ဘက်ကို သိပ်ဦးတည် သွားတယ်၊ သဒ္ဓါ တရားမပါဘူးဆိုရင်လဲပဲ အဲဒါ အကျင့်ထဲ မရောက်တော့ ဘူး။ ဝေဖန်နေတာနဲ့ သူအချိန်ကုန်တယ်။
အပိုင်း (၁၆) ဆက်ရန်----

Wednesday, September 23, 2009

ပရိဒေ၀ အကြောင်း

ငိုကြွေးမှုကို “ပရိဒေ၀” ဟုခေါ်၏။ ဤ ပရိဒေ၀ဟူသည် “ငိုသည်” ပင်ဖြစ်သည်။ သို့သော် ထိုငိုသံဖြစ်ခြင်၏ အကြောင်းအရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်သားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီး တော့မည်ဟု ထင်ရသောအခါ လွန်စွာ ၀မ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ခေါ် ငိုကြွေးသောအသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့ အသံကို ခေါ်ခြင်းမဟုတ်။ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမှုသည်လည်း စိုးရိမ်မှုကဲ့သို့ ကောင်းကျိုးမရသော တရားတစ်မျိုးပင်။ ချစ်ခင်သူ သို့မဟုတ် အားကိုးလောက်သူ တစ်ယောက်မျက်စိအောက်မှ ရုတ်တရက်ကွယ်ပျောက် သေဆုံးသွားသောအခါ ၀မ်းနည်းပူပန်ကြသည်မှာ ထုံးစံဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗန်စံတော်မူစဉ်က သောတာပန် အရှင်အာနန္ဒာသည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလာလို ဟစ်အော်၍ ငိုခြင်းကာ လိုရင်းစိတ်မချမ်းသာမှုထက် မိမိကို ၀ိုင်း၍ သနားအောင် မာယာဆောင်ရွက်မှုက များသလို ဖြစ်နေပါသည်။ (များသည်ဟု အတိအလင်း မဆိုလို) လူတစ်ယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှလူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေနိုင်သည်။ ချမ်းသာသုခရှိနေသူများပင် ငိုသံကြားက ချမ်းသာ သုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခ ရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သော ငိုသံကို တစ်ယောက်ကြား၊ နှစ်ယောက်ကြား၊ တစ်အိမ် ကြား၊ နှစ်အိမ်ကြားမက တစ်ရပ်လုံး တစ်ရွာလုံး ချောက်ချားအောင် အဘယ်ကြောင့် ဟစ်အော်ငိုကြွေး လိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တစ်ခုတစ်လေမျှ လက်ဆုပ်လက်ကိုင် မရှိပါ” ဟုဝန်ခံရာ ရောက်လေသည်။ ထိုကြောင့် မလွှဲသာ၍ ပရိဒေ၀မီးတောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန်ုငြိမ်းအောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံးဖြစ်ပါသည်။ ထိုထက်ပို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂတရားဖြင့် ဖြေသိမ့်ထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ့်ပုံ

ဘုရားရှင်နှင့်ယသော်ဓရာ လောင်းလျာ ၂ပါးတို့ တစ်ခုသောဘ၀၀ယ် ကုဋေများစွာ ကြွယ်ဝသော သူဌေး အဖြစ်မှ စည်းစိမ်ဥစ္စာများကို သဘောတူလှူဒါန်းလျက် ရသေ့ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မလေး၏ ရုပ်ရည်မှာ လွန်စွာထူးခြားသည့် အပြင် ပြုံးရွှင်သလိုနှင့် ခံညားသော မျက်နှာ အနေအထား ကြောင့် အများပင် ချစ်ခင်လေးစားကြ၏။ ထိုကဲ့သို့ တောထွက်လာခဲ့ရာ သူဌေးမျိုး သူဌေးနွယ် နုနယ်သော ရသေ့မလေးကာ ရှေးကလို မွန်မြတ်သော အစာကို မစားရပဲ ရသေ့ရဟန်းတို၏ စမ္မတာ သစ်ဥ သစ်သီးနှင့် သူပေးလူပေး အာဟာရများဖြင့်စာ မျှတရရှာသောကြောင့် အတော်ကြားလျှင် ၀မ်းသွေးရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာ မြို့တခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းတော်ဘုရား ဆွမ်းခံဝင်တော်မူလေသည်။ ထိုကဲ့သို့ ဆွမ်းခံဝင်နေတော်မူနေတုန်း အချိန်မှပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ရောဂါဒဏ်ကို ကြာရှည်ခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘ၀ဇတ်အသစ်လဲရရှာလေသည်။ ထိုကဲသို့ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်မျိုးမစပ်ပဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။ ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံပြန်လာလေသော် မမျှော်လင့်သော အဖြစ် အပျက်ကို ရုတ်တရက်တွေ့ရလျှင် အစွမ်းကုန်ငိုချင်ဖွယ် ကောင်းသော်လည်း ရင့်မာသော အလောင်းဘုရားပီပီ တည်ကြည်သော ဣနြေ္ဒဖြင့် ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်ပြီးလျှင် ၂ ယောက်စာ ခံယူလာသော ဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိသတ်၏ ပရိဒေ၀မီးကို ကြည်လင်အေးမြသော သြ၀ါဒရေချမ်းဖြင့် ဆွတ်ဖျန်းငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီး ဗန္ဓုလနှင့် မလ္လိကာတို့မှာ အမြွှာမွေးစားညီနောင်များဖြစ်ကြသော သားရတနာ ၃ကျိပ်၂ယောက် ထွန်းကား လေသည်။ ထူးခြားသော မိဘနှစ်ဦး၏သားများဖြစ်သည့် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဖခင် နောက်က ဘုရင့်ထံခစားဝင်ကြလေသောအခါ သူတို့လူစုနှင့်ပင် ပရိသတ်ကြီးတစ်ခု ဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင့်ထံ “တစ်နေ့ကြလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကိုလုပ်ကြံပါလိမ့်မည်။” ဟုကုန်းချောကြလေရာ နဂိုကပင် အဆင်အခြင်နည်းသော ရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ သားအဖတစ်စုကို ပရိယာယ်ဖြင့် လီဆယ်ကာ အိမ်တစ်ဆောင်မှာနေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဖတစ်စု အသတ်ခံရသည့်ညဥ့်၏ နောက်တစ်နေ့နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တရာ အမှူးရှိ သော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံထား၏။ နံနက်၌ ဆွမ်းကပ်ချိန် နီးလတ်သော် “ညဥ့်တုန်းက သားအဖအားလုံး တစ်ပြိုင်နက် ဆုံးကြောင်း” စာကို မလ္လိကာရရှိလေလျှင် ဟစ်၍သာ ငိုချင်စရာ ကောင်းသော် လည်း မျက်ရည်တစ်စက်မျှ မထွက်စေဘဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ၀ထ္တုနှစ်ရပ်၌ ဘုရားအလောင်း၏ ပရိဒေ၀ မဖြစ်ခြင်းမှာ ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့၊ မလ္လိကာ၏ ပရိဒေ၀ချုပ်တည်းနိုင်မှုကား အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် အသက် တစ်ရာမနေရသော်လည်း အမှုတစ်ရာ တွေ့ဖို့လွယ်ကူသော လောကကြီး၌ ပရိဒေ၀မီးကို အစွမ်းကုန်ငြှိမ်း သတ်နိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေ၀ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ပါရပီ မည်မျှလောက် အခြေ တည်မိပြီ” ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခမှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဒုတိယခန်း)

Tuesday, September 22, 2009

ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…

(အရှင်နာရဒမထေရ် (သီရိလင်္ကာ)၏ အင်္ဂလိပ်လို ရေးသားမှုအား အရှင်ကေလာသ (မြန်မာ)မှ မြန်မာဘာသာသို့ ပြန်ဆိုပူဇော်သည်။)
ကျွန်ုပ်တို့သည် လုံးဝညီမျှမှုမရှိသည့် ကမ္ဘာလောကနှင့် ရင်ဆိုင်နေကြရသည်။ ကျွန်ုပ်တို့သည် လူသားတို့၏ မညီမျှမှုများ ဘ၀ကံကြမ္မာ အထွေထွေနှင့် စကြာဝဠာအတွင်းရှိ သတ္တ၀ါ အဆင့်အတန်း အဖုံဖုံတို့ကို တွေ့မြင် နေကြရသည်။ စိတ်ထားကောင်းမွန်လျက် ကိုယ်ကျင့်တရား ရုပ်ပိုင်းအရည်အချင်းများနှင့် ပြည့်စုံကြွယ်ဝသည့် အခြေအနေတွင် မွေးဖွားလာသူများနှင့် မွဲတေဆင်းရဲပြီး ပျက်ဆီးယိုယွင်းသည့် အခြေအနေဖြင့် မွေးဖွားလာ ကြသူများကို တွေ့ကြရသည်။ စိတ်နှလုံးကောင်းပြီး မြင့်မြတ်သော်လည်း ၎င်း၏မျှော်လင့်ချက်ကို ဆန့်ကျင် လျက် ကံမကောင်းခြင်းနှင့် အမြဲတမ်း ဆုံတွေ့နေရသူရှိသည်။ ကောက်ကျစ်သောလောကသည် ထိုပုဂ္ဂိုလ်၏ ရည်ရွယ်ချက်များ လိုအင်ဆန္ဒများနှင့် ဆန့်ကျင်လျက် ဖြစ်စေသည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ ရိုးသားသော ဆောင်ရွက်ချက် ဘာသာတရား ကိုင်းရှိုင်းမှုတို့ ရှိလင့်ကစား ဆင်းရဲပြီး စိတ်ဆင်းရဲရသည်။ စရိုက်ဆိုးပြီး မိုက်မဲသော်လည်း ယင်းနှင့်ဆန့်ကျင်လျက် ကံကြမ္မာ၏ ချစ်မြတ်နိုးခြင်းခံရသည့် အခြားပုဂ္ဂိုလ်တစ်ယောက် လည်း ရှိပြန်သည်။ ထိုပုဂ္ဂိုလ်သည် ၎င်း၏ယုတ်နိမ့်ပြီး အကုသိုလ်ဖြင့် ဘ၀နေနည်းအစား ကောင်းခြင်းပုံစံမျိုးစုံနှင့် ကြုံဆုံရသည်။
အဘယ့်ကြောင့် တစ်ယောက်က နိမ့်ပြီး အခြားတစ်ယောက်မူ အထက်တန်းဖြစ်ရသနည်းဟု မွေးခွန်းထုတ်နိုင် သည်။ တစ်ယောက်မှု ချစ်မြတ်နိုးသူ မိခင်၏လက်တွင်းမှ ဆွဲယူခြင်းခံရပြီး၊ အခြားတစ်ယောက်မူ နှစ်အတန် ကြာ နေနိုင်လျက်၊ အခြားတစ်ယောက်မူ လူ့စည်းစိမ်ခံစားရင်း သေဆုံး သို့မဟုတ် အသက်ရှစ်ဆယ် တစ်ရာ ကြီးရင့်ချိန်၌ သေဆုံးကြသနည်း။ တစ်ယောက်မူ ဖျားနာမကျန်းမာဖြစ်ပြီး အခြားတစ်ယောက်မူ ခွန်အားဗလ နှင့် ကျန်းမာသနည်း။ တစ်ယောက်က ချောမောလှပပြီး အခြားတစ်ယောက်မူ ရုပ်ဆိုးအကျည်းတန် အားလုံး ၏ ရွံရှာခြင်း ခံရသနည်း။ တစ်ယောက်မူ စည်းစိမ်ရင်ခွင်မှာ ကြီးပြင်းရလျက် တစ်ယောက်မူ လုံးဝဆင်းရဲပြီး အမြဲဝမ်းနည်းဖွယ်နှင့် ကြုံရသည်။ တစ်ယောက်က သန်းကြွယ်သူဌေး တစ်ယောက်က လူမွဲဖြစ်ရသနည်း။ တစ်ယောက်မူ စိတ်ပိုင်းအရ အလွန်အဆင့်မြင်သူဖြစ်ပြီး တစ်ယောက်မူ ညံ့ဖျင်းသနည်း။ အချို့မှာ မွေး ကတည်းက ဘာသာဗေဒ ပညာရှင် အနုပညာရှင် သင်္ချာပါရဂူ သို့မဟုတ် ဂီတပညာရှင် ဖြစ်ရသနည်း။ အချို့မှာ မွေးရာပါ မျက်မမြင်များ၊ နားမကြားသူများ ဖြစ်ကြသနည်း။ အချို့မှာ မွေးကတည်းက ကောင်းချီး ပေးခံရပြီး အချို့မှာ အဘယ့်ကြောင့် ကျိန်စာမိကြရသနည်း။ တွေးခေါ်မြော်မြင်တတ်သူ အားလုံး၏စိတ်ကို ရှုတ်ထွေးစေသည့် ပြဿနာအချို့ ရှိကြသည်။ လောက၏ ယင်းမမျှတမှု အားလုံးနှင့် လူသားတို့၏ ဆိုခဲ့ပါ မညီမျှတမှု အထွေထွေကို မည်သို့စဉ်းစားမည်နည်း။ ယင်းတို့မှာ မျက်ကန်း အခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသလော။
ကမ္ဘာပေါ်တွင် မည်သည့်အရာမျှ မျက်ကန်းအခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသော အရာဟူ၍ မရှိချေ။ မည်သည့်အရာမဆို တိုက်ဆိုင်မှုကြောင့် ဖြစ်ရသည်ဆိုမူ သင်ဖတ်နေသော စာအုပ်သည် ဤနေရာသို့ သူ့အလိုလို ရောက်လာသည်ဟု ဆိုခြင်းထက် ပို၍မှန်မည်မဟုတ်ချေ။ အတိအကျဆိုရသော် တစ်ခုမဟုတ် တစ်ခုသော အကြောင်းတရားအတွက် မဖြစ်ထိုက်တန်ဘဲ မည်သည့်အရာမှ လူသားတို့မှာ ဖြစ်ပေါ်သည်မဟုတ်ချေ။ ယင်းသည် တာဝန်မယူသူ ဖန်ဆင်းရှင်တစ်ယောက်၏ အမိန့်ဖြစ်သလော။
ဟပ်စလေ (Huxley)က ဤသို့ ရေးသည်။ ``အကယ်၍ ဤအံ့ဖွယ် စကြာဝဠာကို တစ်စုံတစ်ယောက် (ဖန်ဆင်းသူ)က တမင်သက်သက် ဖြစ်ပေါ်စေခဲ့သည်ဟု ယူဆလျှင် ယင်းစကားလုံးများကို ကျွန်ုပ်နား လည်သမျှဖြင့် ထိုပုဂ္ဂိုလ်သည် ကောက်ကျစ်စဉ်းလဲပြီး မမျှတခြင်းထက်ပို၍ သဘောကောင်းခြင်း၊ မျှတခြင်း လုံးဝမရှိသည်မှာ လုံးဝ ထင်ရှား၏။``
အိုင်စတိုင်း (Einstein)၏ အလိုမှာ ဤသို့ဖြစ်သည်။ ``အကယ်၍ ထိုသတ္တ၀ါ (ဖန်ဆင်းရှင်ထာဝရ)သည် အနန္တတန်ခိုး ရှိသည်ဆိုမူ လူသားတို့ အပြုအမူ အတွေးအကြံ ခံစားမှုနှင့် ရည်မှန်းချက်အားလုံး အပါအ၀င် ဖြစ်ရပ်အားလုံးလည်း ထိုပုဂ္ဂိုလ်၏ လက်ချက်ပင်ဖြစ်ရမည်။ ယင်းသို့သော အနန္တတန်ခိုးရှင် ပုဂ္ဂိုလ်၏ ရှေ့မှောက်က လူသားတို့အား ၎င်းတို့၏ အပြုအမူ အကြံအစည်များအတွက် တာဝန်ရှိသည်ဟု ယူဆရန် မည်သို့ဖြစ်နိုင်မည်နည်း။ ပြစ်ဒဏ်များ ဆုလာဘ်များပေးရာက ယင်းထာဝရသည် တစ်စုံတစ်ခုသော အတိုင်း အတာအထိ မိမိကိုမိမိ စီရင်ဆုံးဖြတ်ချက်ကို ဖြတ်သန်းရေလမ့်မည်ဖြစ်။ ယင်းသည် ၎င်းဖန်တီးသည်ဟု ယူဆရသော ကောင်းခြင်း၊ ဖြောင့်မတ်ခြင်းများနှင့် မည်သို့ဆက်စပ် ပတ်သက်လိမ့်မည်နည်း။``
စပင်စာ လီဝစ်စ် (Spencer Lewis)က အောက်ပါအတိုင်းဆိုသည်။ ``ဘုရားသခင်ယုံကြည်သည့် ဘာသာ ရေး အခြေခံများအရ လူသားတစ်ယောက်သည် တမင်သက်သက် မိမိ၏ ဆန္ဒမရှိဘဲ ဖန်ဆင်းခံရပြီး ဖန်ဆင်းဆဲခဏက ထာဝရကောင်းချီးပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းကိုလည်း ခံရသည်။ သို့ဖြစ်၍ လူသည် ကိုယ်ခန္ဓတည်ဆောက်မှုဖြစ်စဉ် ပထမအဆင့်မှစ၍ နောက်ဆုံးသေသည့်ခဏတိုင်အောင် ၎င်း၏ပုဂ္ဂလိက ဆန္ဒများ၊ မျှော်လင့်ချက်များ ရည်ရွယ်ချက်များ၊ ရုန်းကန်လှုပ်ရှားမှုများ၊ သို့မဟုတ် ဆုတောင်းဝတ်ပြုမှုများကို မငဲ့ကွက်ဘဲ ကောင်းသူ၊ ဆိုးသွင်းသူ၊ ကံကောင်းသူ၊ ကံခေသူ၊ မြင့်မြတ်သူ၊ ယုတ်နိမ့်သူ ဖြစ်ရ၏။ ယင်းသို့ဖြစ်ခြင်းကား ဘာသာရေး (ယုံကြည်မှု)နှင့်ဆိုင်သော ဘုရားသခင်ယိုးမယ်စွဲဝါဒ ဖြစ်၏။``
ချားလ်စ် ဗရက်လောက် (Charles Bradlaugh) ကမူ ဤသို့ဆို၏။ ``မကောင်းမှုတည်ရှိခြင်းသည် ထာဝရ ဘုရား ယုံကြည်သူများအဖို့ ကြောက်စရာကောင်းသည့် ဆူးငြောင့်ခလုတ်ဖြစ်၏။ နာကျင်မှု၊ ၀မ်းနည်း ပက်လက် ဖြစ်ရမှု၊ လူသတ်မှု၊ ဆင်းရဲမွဲတေမှုတို့က ထာဝရကောင်းခြင်း သဘောကို ထိပ်တိုက်တွေ့စေပြီး အလုံးစုံကောင်း၊ အလုံးစုံ ပညာရှိ၊ အန္တတန်ခိုးရှင် ထာဝရဘုရားအဖြစ် ကြေငြာချက်အပေါ် အဖြေမပေးနိုင် သော စွမ်းရည်ကို စိန်ခေါ်၏။``
ရှိုပင်ဟောင်ဝါ (Schopenhauer)၏ စကားဖြင့် ဆိုရမူ ဤသို့ဖြစ်သည်။ ``မိမိကိုယ်ကို ဘာမှမဟုတ် သည့်အရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆသူ မည်သူမဆိုသည် ဘာမျှဖြစ်လာမည် မဟုတ်ဟူသည်ကိုလည်း စဉ်းစားသင့်၏။ အကြောင်းမူ ထာဝရဖြစ်သော အရာသည် ၎င်းမရှိမီကတည်းက လွန်သွားပြီးနောက် ယင်းမှတစ်ဆင့် ၎င်းအနေဖြင့် လုံးဝမရပ်မစဲ ဖြစ်ပေါ်မည်ဖြစ်သော ဒုတိယထာဝရ အရာတစ်ခု စတင်ခဲ့ပြန်လျက် ၎င်းအနေဖြင့် အလွန်စပ်ဆုပ်ဖွယ် တွေးခေါ်မှု တစ်ရပ်သို့ ကျရောက်သွား၏။ အကယ်၍ မွေးဖွားခြင်းသည် လုံးဝအစဖြစ်သည်ဆိုမူ ယင်းသို့ဖြစ်ပါက သေခြင်းသည် လုံးဝယင်း၏ အဆုံးဖြစ်ရမည်။ ဘာမျှမဟုတ်သည့် အရာဖြင့် လူကိုပြုလုပ်ခဲ့သည်ဟု ယူဆခြင်းသည် သေခြင်းတရားသည် ယင်း၏ လုံးဝအဆုံးဖြစ်သည်ဟု ယူဆခြင်းသို့ မဖြစ်မနေ ဦးတည်စေ၏။``
လူသားတို့၏ ဒုက္ခများနှင့် ထာဝရဘုရားကို မှတ်ချက်ပြုရာ၌ ပါမောက္ခ ဂျေ ဘီ အက်စ် ဟာလ်ဒန် (J.B.S. Haldane)က ဤသို့ရေးသည်။ ``လူသားတို့၏ စရိုက်လက္ခဏာ ကောင်းမွန်စေရန် ဒုက္ခကို အလိုရှိအပ်၏။ သို့မဟုတ် ထာဝရဘုရားသည် အနန္တစွမ်းအားရှိသူမဟုတ်။ ပထမအဆိုမှာ ဒုက္ခကို အနည်းငယ်မျှသာ ခံးစားကြပြီး ၎င်းတို့၏ မျိုးရိုးနှင့် ပညာရေးကံကောင်းကြသူ အချို့မှာ အလွန်ကောင်းမွန်သော သွင်ပြင်များ ရှိကြသည့် အချက်က မဟုတ်မှန်ကြောင်း ဖော်ပြပြီးဖြစ်၏။ ဒုတိယအဆိုအား ငြင်းဆိုရခြင်းမှာ အနန္တ စကြာဝဠာနှင့် အလုံးစုံ ပယ်သတ်သမျှတွင် တန်ခိုးရှင်တစ်ယောက်၏ မှန်ကန်ကြောင်း အဆိုပြုချက်ဖြင့် ဖြည့်သွင်းရန် တစ်ုခုခုသော အသိပညာ စဉ်းစားဆင်ခြင်မှု ကွက်လပ်ရှိခြင်းဖြစ်၏။ ထို့ပြင် ဖန်ဆင်းရှင် တစ်ယောက်သည် ထင်မြင်ချက်ဖြင့် သူ သို့မဟုတ် ၎င်းအလိုရှိတိုင်း ဖန်ဆင်းနိုင်၏။``
ပညာရှိ ရပ်ဆယ်လ် (Lord Russell)က ဤသို့ ဖော်ပြသည်။ ``ကမ္ဘာလောကကို ကောင်းမြတ်ပြီး အလုံးစုံသိ တန်ခိုးရှင် ထာဝရဘုရားက ဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့ကို ပြောကြ၏။ ကမ္ဘာလောကကို မဖန်ဆင်းမီက သူသည် ယင်းကမ္ဘာလောက၌ ပါဝင်မည့် နာကျင်မှုနှင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြိုတင်သိမြင်ခဲ့၏။ သို့ဖြစ်၍ ထိုထာဝရသည် ထိုအရာအားလုံးတို့အတွက် တာဝန်ရှိသူဖြစ်၏။ ကမ္ဘာပေါ်ရှိ နာကျင်ခံခက်မှုသည် (လူသားတို့ ကျူးလွန်သည့်) အပြစ်ကြောင့် ဖြစ်ရသည်ဟူသည်ကို ငြင်းခုံနေခြင်းမှာ အသုံးမကျချေ။ အကယ်၍ ထာဝရဘုရားသည် လူသားတို့ ကျူးလွန်မည်ဖြစ်သော အပြစ်များကို ကြိုသိခဲ့မူ လူသားတို့ကို ဖန်ဆင်းရန် ဆုံးဖြတ်သောအခါ ထိုပြစ်မှုအားလုံးကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ၎င်းကတာဝန်ရှိသည်မှာ ထင်ရှား၏။``
ပညာရှိ တင်နိုင်ဆန် (Lord Tennyson)က ၎င်းအသက်ကြီးပြီးမှ ရေးသော `မျှောင်လင့်ချက်ကုန်ဆုံးခြင်း (Despair) ` ကဗျာတွင် ဟေရှာယအနာဂတ္တိကျမ်း (၄၅း၇)၌ မှတ်တမ်းတင်ထားသည့်အတိုင်း ``ငါသည့် ငြိမ်သက်ခြင်း (ငြိမ်းချမ်းမှု)ကို ဖြစ်စေပြီး အမင်္ဂလာ (မကောင်းမှု)ကိုလည်း ဖန်ဆင်း၏``ဟုဆိုသော ထာဝရဘုရားသခင်အား ဤသို့ရဲရင့်စွာ တိုက်ခိုက်ထားသည်။ ``မည်သို့နည်း၊ ငါတို့အား ယင်းသို့ အလွန် ကောင်းမွန်စွာ ကယ်တင်ခဲ့ပြီးဖြစ်သော အနန္တမေတ္တာရှင်ထံ ဆုတောင်းသင့်ပါသလော၊ အမှန်ဆိုရလျှင် ထာဝရငရဲကို ဖန်ဆင်းခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ငါတို့ကို ဖန်ဆင်းခဲ့သော ငါတို့ကို ကြို၍သိခဲ့သော ကြို၍ဒဏ်ခတ်ခဲ့သော ထို့ထက် ၎င်းဆန္ဒရှိသည်ကို ၎င်းဘာသာ ပြုလုပ်ခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ကျွန်ုပ်တို့၏ ညည်းညူသံကို လုံးဝ ကြားသိတော် မမူသော သေဆုံးသူ ကြမ်းကြုတ် မိခင်အား ပို၍ကောင်းအောင် ပြုပေးပါ။``
``လူအားလုံးမှာ အပြစ်ကျူးလွန်သူများ ဖြစ်ကြပြီး အာဒမ်၏ မရှိမဖြစ် လိုအပ်သော ပြစ်မှုရှိသည်ဟူသော ဟောကြားချက်သည် မျှတမှု ကရုဏာ မေတ္တာနှင့် အကြွင်းမဲ့ ညီမျှမှု ဆိုသည်တို့အတွက် စိန်ခေါ်ချက် တစ်ရပ်ဖြစ်သည်``မှာ သေချာသည်။ အချို့သော ရှေးဟောင်းစာရေးသူများက ထာဝရဘုရားသည် ၎င်းကိုယ်ပိုင် ရုပ်သွင်ဖြင့် လူကိုဖန်ဆင်းခဲ့ကြောင်း ယုံကြည်ချက် ပြင်းပြစွာဆိုသည်။ အချို့ခေတ်သစ် တွေးခေါ်ရှင်များကမူ ယင်းနှင့် ဆန့်ကျင်လျက် လူက ထာဝရဘုရားကို ၎င်း၏စိတ်ကူးဖြင့် ဖန်ဆင်းခဲ့ကြောင်း ဆိုကြသည်။ လူ့ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ ထာဝရဘုရား အယူအဆသည်လည်း ပို၍ပို၍ ရှင်းလင်းလာသည်။ သို့ဖြစ်ရကား ယင်းသိုပ သတ္တ၀ါတစ်ယောက်အား ဤစကြာဝဠာအတွင်းမှာ ဖြစ်စေ၊ အပြင်မှာဖြစစေ တည်ရှိကြောင်း ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။

ဤပုဂ္ဂိုလ်သတ္တ၀ါမျိုးစုံသည် မျိုးရိုးစဉ်ဆက်နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သလော။ သိပ္ပံပညာရှင်တို့ ဖော်ထုတ်ခဲ့သည့် ဤဓာတု ရုပ်ပိုင်းဖြစ်စဉ်အားလုံးမှာ တစ်စိတ်တစ်ဒေသအားဖြင့် နည်းလမ်းအဖြစ် အသုံးပြုနိုင်သော အရာများဖြစ်သော်လည်း ယင်းတို့သည် ပုဂ္ဂိုလ်အသီးသီး၌ တည်ရှိသော သိမ်မွေ့သည့် ခြားနားချက်များနှင့် ကျယ်ပြန့်သည့် မတူညီမှုများအတွက် လုံးဝဥဿုံ တာဝန်ယူ(ဖြေရှင်း) နိုင်မည် မဟုတ်ချေ။ ကိုယ်ခန္ဓာအားဖြင့် တူညီပြီး တူညီသည့် မျိုးဗီဇကို ရရှိကြလျက် တူညီသည့် ပြုစုစောင့်ရှောက်မှု အခွင့်အရေး ရရှိကြသော ထပ်တူညီအမြွာများသည် အဘယ့်ကြောင့် ဗီဇစိတ်ရင်း ကိုယ်ကျင့်တရားနှင့် အသိဉာဏ်အားဖြင့် လုံးဝကွဲပြား ခြားနားရသနည်း။
မျိုးဗီဇတစ်ခုတည်းဖြင့် ယင်းကွဲပြားခြားနားမှုမျိုးစုံကို မရှင်းပြနိုင်ချေ။ အတိအကျဆိုမူ မျိုးဗီဇအကြောင်း တရားသည် ယင်း(အမြွပူး)တို့၏ ခြားနားမှု အများစုကိုထက် ဆင်တူညီမှုများကိုသာ ပိုမိုယုတ္တိရှိစွာ ဆိုသည်။ မိဘများထံမှ ဆက်ခံရရှိသည့် အလွန့်အလွန် သေးငယ်လှသည့် တစ်လက်မ၏ သန်းပေါင်းသုံးဆယ်ပုံ တစ်ပုံမျှလောက်ရှိသော ဓာတုရုပ်ဝတ္ထု မျိုးစေ့သည် လူသား၏ ရုပ်ပိုင်းတည်ဆောက်မှုအတွက် အစိပ်အပိုင်း တစ်ခုကိုသာ ရှင်းပြနိုင်သည်။ ပိုမိုရှုတ်ထွေးပြီး သိမ်မွေ့နက်နဲသည့် စိတ်ပိုင်း၊ အသိဉာဏ်၊ ကိုယ်ကျင့်တရား ခြားနားမှုတို့နှင့် ပတ်သက်၍မူ ကျွန်ုပ်တို့အနေဖြင့် အသိပညာ ပွင့်လင်းရန် များစွာလိုသေးသည်။ မျိုးဗီဇ သီအိုရီသည် ရှည်လျားသည့် မိကောင်းဖခင် မျိုးရိုးစဉ်ဆက်အတွင်း ရာဇ၀တ်သား မွေးဖွားလာခြင်း၊ မကောင်း သတင်း ကျော်စောသည့် မိသားစုက သူတော်စင် သို့မဟုတ် မြင့်မြတ်သူ မွေးဖွားလာခြင်း၊ အရွယ်နှင့် မလိုက်အောင် ထူးချွန်သည့် ကလေးများ၊ ထူးချွန်ထက်မြက်သူများနှင့် ဘာသာရေးဆိုင်ရာ ဆရာအရှင်များ မွေးဖွားလာခြင်းတို့အပေါ် နှစ်သက်ကျေနပ်လောက်အောင် အဖြေပေးနိုင်စွမ်း မရှိချေ။
ဗုဒ္ဓ၀ါဒအလိုအရ ယင်းသို့ဖြစ်ခြင်းသည် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ သဘာဝနှင့် ဖန်တီးဓမ္မတို့ကြောင့်သာမက ကျွန်ုပ်တို့၏ ပြုမူဆောင်ရွက်မှု နောက်တစ်မျိုးဆိုရမူ ကျွန်ုပ်တို့ ဆက်ခံရရှိသည့် အတိတ်က ဆောင်ရွက်ချက် များနှင့် ယခုပြုလုပ်ချက်များ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ဆောင်မှုများနှင့် ပျော်ရွင်မှု စိတ်ဆင်းရဲမှုတို့အတွက် ကျွန်ုပ်တို့ကိုယ်တိုင်တွင် တာဝန်ရှိသည်။ ကျွန်ုပ်တို့၏ ငရဲကို ကျွန်ုပ်တို့ ကိုယ်တိုင် တည်ဆောက်သည်။ ကျွန်ုပ်တို့၏ နတ်ပြည်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်ဆင်းသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကံကြမ္မာ၏ ဗိသုကာများ ဖြစ်ကြသည်။ အချုပ်အားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ ကံ(အပြုအမူ)များ ဖြစ်သည်။
အခါတစ်ပါး၌ သုဘအမည်ရှိ လုလင်ငယ်တစ်ယောက်သည် ဗုဒ္ဓထံချဉ်းကပ်ပြီး အဘယ်မည်သော အကြောင်းတရားကြောင့် လူသတ္တ၀ါများအတွက် အနိမ့်အမြင့် သဘောရှိသနည်းဟု မေးမြန်းခဲ့သည်။ ၎င်းက ဆက်လက်၍ ``အကြောင်းမှာ လူသားတို့အကြား အသက်ရှည်သူ၊ အသက်တိုသူ၊ အဆင့်အတန်းနိမ့်သူ၊ အဆင့်အတန်းမြင့်သူ၊ အသိဉာဏ် ကင်းမဲ့သူ အသိဉာဏ် ကြွယ်ဝသူများကို တွေ့ရသောကြောင့် ဖြစ်ပါ သည်``ဟု လျှောက်ထားသည်။ ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း အတိုချုပ်ဖြေကြားသည်။ ``သက်ရှိသတ္တ၀ါအားလုံးသည် ၎င်းပြုလုပ်သောကံကို ပိုင်ဆိုင်ကြ၏၊ ကံအမွေကို ခံကြရ၏၊ ကံသာလျှင် အကြောင်းတရားရှိ၏၊ ကံသာလျှင် ဆွေမျိုးဖြစ်၏၊ ကံသာလျှင် ကိုးကွယ်အားထားရာဖြစ်၏၊ ကံတရားသည် အနိမ့်အမြင့်အားဖြင့် သတ္တ၀ါအားလုံးကို ခွဲခြားပေး၏။`` ယင်းနောက် ဗုဒ္ဓရှင်တော်မြတ်က ကိုယ်ကျင့်တရား၊ ကြောင်းကျိုးနိယာမအရ ယင်းသို့သော ကွဲပြားခြားနားချက်များ၏ အကြောင်းတရားကို ရှင်းလင်းဟောကြား တော်မူသည်။
သို့ဖြစ်၍ ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ကျွန်ုပ်တို့၏ မျက်မှောက် စိတ်အခြေအနေ၊ အသိပညာ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာ ခြားနားမှုများသည် အတိတ် ပစ္စုပ္ပန် နှစ်ရပ်လုံးနှင့်ဆိုင်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ ပြုမူဆောင်ရွက်ချက်နှင့် စိတ်စေတနာများကြောင့် အဓိကဖြစ်ရသည်။ ကမ္မ(ကံ)ဟူသည် စာပေးနည်းအရ ပြုလုပ်မှုဟု အဓိပ္ပါယ်ရသည်။ သို့ရာတွင် ၎င်း၏တရားကိုယ်အရမှာ ကုသိုလ်၊ အကုသိုလ်စေတနာ ဖြစ်သည်။ ကမ္မ(ကံ)သည် ကောင်းဆိုးနှစ်မျိုးကို တည်ဆောက်သည်။ ကောင်းသောကံသည် ကောင်းသောအရာ ဖြစ်စေသည်။ မကောင်းသောကံသည် မကောင်းသောအရာကို ဖြစ်စေသည်။ ကျေနပ်နှစ်သက်မှုသည် ကျေနပ်နှစ်သက်မှုကို ဆွဲငင်သည်။ ဤသည်မှာ ကမ္မနိယာမဖြစ်သည်။ အချို့သော အနောက်တိုင်း စာရေးဆရာအချို့ ဆိုလိုချင်သကဲ့သို့ပင် ကမ္မဟူသည် ``ပြုလုပ်မှုသြဇာ လွှမ်းမိုးခြင်း``ဖြစ်သည်။
ကျွန်ုပ်တို့ စိုက်ပျိုးပြီးသည်ကို ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ ကျွန်ုပ်တို့ ကြဲချခဲ့သည်ကို တစ်ချိန်ချိန် တစ်နေရာရာတွင် ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ နောက်တစ်မျိုးဆိုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ် (ဖြစ်ခဲ့သည်)၏ အကျိုးဆက်ပြီးပြီး ကျွန်ုပ်တို့ ပစ္စုပ္ပန်(ဖြစ်ဆဲ)၏ အကျိုးဆက်ဖြစ်လိမ့်မည်။ အခြားတစ်မျိုး ဆိုရမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ်၏ အကျိုးဆက်လည်း လုံးလုံးလျားလျား မဟုတ်ဘဲ ကျွန်ုပ်တို့ ပစ္စုပ္ပန်၏ အကျိုးဆက်လည်း အကြွင်းမဲ့ ဖြစ်လိမ့်မည်မဟုတ်ချေ။ ဥပမာအားဖြင့် ယနေ့ ရာဇ၀တ်သမား တစ်ယောက်သည် မနက်ဖြန်တွင် သူတော်ကောင်း တစ်ယောက် ဖြစ်လာနိုင်သည်။ ယင်းသို့ ကွဲပြားခြားနား မှုကို ဗုဒ္ဓ၀ါဒက ကံကြောင့်ဟု ယူဆသော်လည်း အရာခပ်သိမ်းကို ကံကြောင့်ဟု ယူဆရန် မကြိုးစားချေ။
အကယ်၍ အရာခပ်သိမ်း ကံကြောင့်ဖြစ်သည်ဟု ယူဆခဲ့သော် ဆိုးသွမ်းရခြင်းမှာ ၎င်း၏ ကံကြောင့်ဖြစ်သဖြင့် ထိုလူဆိုးသည် ထာဝစဉ် လူဆိုးသာ ဖြစ်ရချိန်မည်။ ရောဂါကို ကုသဖို့ ဆရာဝန်နှင့် တိုင်ပင်ရန်ပင် မလိုတော့ချေ။ အကြောင်းမူ မိမိ၏ကံသည် ယင်းသို့သဘောရှိခဲ့သော် (ယင်းကံကပင်) ရောဂါကို ကုသမည် ဖြစ်သောကြောင့်တည်း။ ဗုဒ္ဓ၀ါဒအလိုအရ ရုပ်ပိုင်းနှင့် စိတ်ပိုင်းနယ်ပယ်တွင် တည်ရှိသော ဖြစ်စဉ်နိယာမ တရား ငါးမျိုးရှိသည်။
၁။ ကမ္မနိယာမ - ပြုလုပ်မှုနှင့် ယင်း၏အကျိုးတရား ဖြစ်စဉ် (ဥပမာ- နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အပြုအမူများသည် ကောင်းကျိုးနှင့် မကောင်းကျိုးကို ကိုယ်စားပြု၍ ဖြစ်ပေါ်စေသည်။)
၂။ ဥတုနိယာမ - ဥတုရာသီတို့၏ ဖြစ်စဉ် (ဥပမာ- လေတိုက်ခြင်း၊ မိုးရွာခြင်းတို့၏ ဥတုရာသီအလိုက် ဖြစ်ပေါ်ခြင်း သဘာဝ)
၃။ ဗီဇနိယာမ - မျိုးစေ့တို့၏ ဖြစ်စဉ် (သက်မဲ့ရုပ်ဖြစ်စဉ်)။ (ဥပမာ- ဆန်စေ့မှ ဆန်ကိုပေါက်ရောက်စေသည်။ ကြံပင်သည် ချိုသောအရသာကို ပေးသည်။ သိပ္ပံနည်းကျ ကလာပ်စည်း မျိုးဗီဇသီအိုရီနှင့် အမြွပူးနှစ်ယောက်၏ ရုပ်ပိုင်းတူညီမှုသည် ဤနိယာမအရ ဖြစ်နိုင်သည်။)
၎။ စိတ္တနိယာမ - စိတ်ဖြစ်စဉ် နိယာမ။ (ဥပမာ- စိတ်တို့၏ဖြစ်စဉ်၊ စိတ်စွမ်းအင်စသည်။)
၅။ ဓမ္မနိယာမ - ဓမ္မသဘာဝဖြစ်စဉ်၊ (ဥပမာ - နောက်ဆုံးဘ၀က ဗောဓိသတ္တတစ်ဆူ ပွင့်ပေါ်လာခြင်း ကဲ့သို့သော သဘာဝတရား၊ ကမ္ဘာ့ဆွဲငင်အားစသည်။) စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းသဘောတရားတိုင်းကို ၎င်းတို့ကိုယ်တိုင် နိယာမတစ်ခုဖြစ်သည့် အကုန်ခြုံငုံမိသော ဖော်ပြပါ ဖြစ်စဉ်ငါးမျိုးဖြင့် ရှင်းပြနိုင်သည်။

သို့ဖြစ်၍ ကံဟူသည် စကြာဝဠာအတွင်း တည်ရှိနေသည့် ဖော်ပြပါ သဘာဝနိယာမ ငါးမျိုးအနက် တစ်ခုသာဖြစ်သည်။ ကံဟူသည် သဘာဝဖြစ်စဉ် တစ်ခုမျှသာဖြစ်သည် ဆိုလိုက်သဖြင့် ယင်းသဘာဝ ဖြစ်စဉ်ကို ချမှတ်ပေးသူ ရှိရမည်ဟု မဆိုလိုချေ။ ကမ္ဘာဆွဲငင်အားကဲ့သို့သော သာမန် သဘာဝနိယာမ များသည် ယင်းသဘာဝနိယာမကို ချမှတ်မည့်သူ မလိုချေ။ ယင်းနိယာမသည် လွတ်လပ်သည့် ပြင်ပ အုပ်ချုပ်သူ အဖွဲ့၏ ၀င်ရောက်စွက်ဖက်မှု မရှိဘဲ မိမိ၏နယ်ပယ်အတွင်း ဆောင်ရွက် သည်။
ဥပမာဆိုသော် မီးသည်ပူရမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ စီမံသည်မဟုတ်ချေ။ ရေသည် မျက်နှာ ပြင်ပေါ်၌ ညီနေရမည်ဟု မည်သူတစ်ဦးတစ်ယောက်မှ အမိန့်ပေးသည် မဟုတ်ချေ။ ရေ၌ ဟိုက်ဒရိုဂျင်နှစ်ဆ အောက်ဆီဂျင်တစ်ဆ ပါရမည်ဖြစ်ပြီး အေးမြခြင်းသည် ၎င်းပိုင်ဆိုင်သော သတ္တိဖြစ်ရမည်ဟု မည်သည့် သိပ္ပံပညာရှင်ကမှ အမိန့်ပေးသည် မဟုတ်ချေ။ ယင်းတို့မှာ သူ့အလိုလို ဖြစ်နေသော သဘာဝလက္ခဏာများ ဖြစ်ကြသည်။ ကံဟူသည် ကျွန်ုပ်တို့ မျှော်လင့်ချက်မဲ့စွာ လက်မြှောက်အရှုံးပေးရမည့် စိတ်ကူးယဉ် မသိမမြင်နိုင်သော စွမ်းအင်တစ်ခု၏ ခြယ်လှယ်ခြင်းခံရသော ယုံကြည်မှု သို့မဟုတ် ယင်းသို့ခြယ်လှယ် ခံရမှုကို မျက်စိမှိတ် လက်ခံမှုလည်း မဟုတ်ချေ။ ယင်းသည် တစ်စုံတစ်ယောက်၏ ကိုယ်တိုင် အပြုအမူ အတွက် တန်ပြန်ဖြစ်ပေါ်မှု ဖြစ်သဖြင့် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကံအကြောင်းတရားကို ရှောင်လွဲရန် ဖြစ်နိုင်သည်။ မည်သည့်အတိုင်းအတာအထိ ရှောင်လွဲနိုင်သနည်း ဟူသည်မှာ ထိုပုဂ္ဂိုလ်အပေါ်၌သာ တည်မှီသည်။
ကံအကြောင်းနှင့် ပတ်သက်သော ဆွေးနွေးမှုများအတွင်း ကောင်းချီးပေးခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်း များဟူသော စကားစုများကို ထည့်သွင်းခွင့် မပြုသင့်ကြောင်း ဆိုရမည်ဖြစ်သည်။ ဗုဒ္ဓ၀ါဒအဖို့မူ ဖန်ဆင်းခံ ပုဂ္ဂိုလ်များအား စိုးမိုးပြီး ယင်းစိုးမိုးမှုကြောင့် ဆုလာဘ်နှင့် ဒဏ်ပေးတတ်သော အနန္တတန်ခိုးရှင် တည်ရှိမှုကို အသိအမှတ် မပြုချေ။ ယင်းနှင့်ဆန့်ကျင်လျက် ဗုဒ္ဓ၀ါဒီတို့သည် မိမိတို့ တွေ့ကြုံခံစားရသည့် စိတ်ဆင်းရဲမှုနှင့် ပျော်ရွှင်မှုတို့သည် မိမိတို့ ပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုတို့၏ သဘာဝရလာဒ် ဖြစ်ကြောင်း ယုံကြည်ကြသည်။ ကမ္မသဘာဝတွင် ဆက်လက်ဖြစ်ပေါ်သော တန်ပြန်ခံရသော အခြေခံရှိကြောင်း ဖော်ပြရ မည်ဖြစ်သည်။
ကံတရား၌ ရှိနေသော သဘာဝကား သင့်တော်သော အကျိုးဆက်ကို ဖြစ်ပေါ်စေမည့် ဖြစ်နိုင်ခြေဖြစ်သည်။ အကြောင်းတရားသည် ယင်း၏ အကျိုးတရားကို ဖြစ်ပေါ်စေသည်။ အကျိုးတရား၌ ယင်း၏ အကြောင်းတရား ကို ရှင်းပြသည်။ မျိုးစေ့က အသီးကိုဖြစ်ပေါ်စေသည်။ ယင်းအသီးက အစေ့နှင့်အသီးတို့ကြား အပြန်အလှန် ဆက်စပ်မှုကို ရှင်းပြသည်။ ထို့အတူပင် ကံနှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုတို့ ဆက်စပ်ပတ်သက်မှု ရှိသည်။ အကျိုးတရားသည် အကြောင်းတရား၌ ပွင့်လင်းနေပြီးဖြစ်သည်။ ကမ္မ၀ါဒကို ပြည့်စုံစွာ ယုံကြည်သူ ဗုဒ္ဓ၀ါဒီတစ်ယောက်အဖို့ ကယ်တင်ခံရရန် အခြားပုဂ္ဂိုလ်တစ်ယောက်ထံ ဆုတောင်းခြင်း မပြုဘဲ ယင်းကမ္မ၀ါဒသည် မိမိကိုယ်ကို အားကိုးရန် သင်ကြားသည့်အတွက် မိမိ၏စင်ကြယ်မှုအတွက် မိမိအပေါ် မှာသာ တည်မှီကြောင်း နှစ်နှစ်ကာကာ ယုံကြည်သည်။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အား ဖြေသိမ့်မှု၊ မျှော်လင့်ချက်၊ မိမိကိုယ်ကို မှီခိုအားထားမှုနှင့် ကိုယ်ကျင့်သီလ ဖြည့်စွမ်းမှု သတ္တိတို့ကို ပေးသည်မှာ ကံကိုယုံကြည်သည့် တရားအဆုံးအမပင် ဖြစ်သည်။ မိမိ၏လုံ့လကို ပြည့်စုံစေ၍ ၎င်း၏စိတ်ဓာတ်ပြင်းပြမှုကို ထွန်းညှိပေးပြီး ၎င်းအား ထာဝစဉ် ကြင်နာစေ၊ သည်းခံစေ၊ ညှာတာ ထောက်ထားစေသည်မှာ ကံယုံကြည်ချက်ကြောင့် ဖြစ်သည်။ မကောင်းမှုမှ ရှောင်ရှားရန် ကောင်းမှုကို ပြုလုပ်ရန်နှင့် မည်သည့် ပြစ်ဒဏ်ခက်မှုကိုမှ ကြောက်ရွံ့ဖွယ် မည်သည့် ကောင်းချီးပေးခံရမှုကိုမှ မျှော်လင့် ဖွယ်မလိုဘဲ လူကောင်းတစ်ယောက်ဖြစ်ရန် မိမိအား တိုက်တွန်းပေးသည်မှာလည်း မြဲမြံသော ဤကံယုံကြည် မှုကြောင့်ဖြစ်သည်။ ဒုက္ခပြဿနာ သို့မဟုတ် အခြားဘာသာတရားများ၏ စီမံချမှတ်ပြီးသား ကြမ္မာဟုဆိုသော အရာ၏ လျှို့ဝှက်ချက်နှင့် အထူးသဖြင့် လူသားတို့၏ မညီမျှမှုတို့ကို ဖြေရှင်းနိုင်သည်မှာ ကမ္မ၀ါဒပင်ဖြစ်သည်။ ကမ္မနှင့် ဘ၀သံသရာကို နဂိုမှန်အဆိုအဖြစ် လက်ခံသည်။

ashinsaccanyanablogspot

Followers