Tuesday, September 29, 2009

ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ပန်ကြားလွှာ

မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ် အဖြစ်ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင် ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။
ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။
ရသေ့ ရဟန်း ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြား တော်မူသည်။ ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကိုကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မတ်ြကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။

သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက်မရှိမဖြစ် လိုအပ် သော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာ တစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသောယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက် နိုင်သောလောကနှင့် ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာ သည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသောလည်း လူလောကကြီးကို လူညွန့်တုန်းအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာ ဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သောလည်း အစာအိပ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။
ဘာသာရေးတိုင်သည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ပါသည်။ ယနေ့မျက်မှောက် ခေတ်တွင် ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။
(အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်း ပြုခဲ့ပါသနည်း)
အရှင်ရဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။
(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)
မင်းကြီးကဆိုပါသည်။
(လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော် သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူ တွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)
တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေး မကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။
အရှင်ရဌပါလာ၏အဖြေမှာ-----
၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။
သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ်ည်ဟုဖြေပါသည်။
အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကိုဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-
အရှင်ရဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမ္မဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။
၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ဝင်ရောက် လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုး ရှင်မှ ထိမ်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။
၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စစည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစာဟုပြောနေကြသောလည်း နှစ်ပေါင်း တစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထိုပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္မအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြ သောလည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေ ဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီးကြား သောအခါ အလွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက် ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ် အတည်း တို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ် လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင် များအားလုံး မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ် ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ် နေကြရသည် ကိုကြည့်ကာ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြ ရမည်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင် တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ဝိုင်းဝန်း ဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက် ကိုဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုကဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံး တို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။ ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။
ပူလောင်နေသောကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ခံမှ ဘာကိုမျှ မတောင်း ဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။


သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်
စစ်ကိုင်း

ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

တကယ်တော့ ကုသိုလ်ဆိုတာ ပစ္စည်းဥစ္စာ ရှိမှ၊ လှူနိုင်တမ်းနိုင်မှ ရအောင်လုပ်နိုင်တာ၊ ဖြစ်အောင် လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါနမလုပ်နိုင်ပေမယ့် တစ်ခြားလုပ်နိုင်တဲ့ ကောင်းတဲ့အလုပ်လေးတွေ လုပ်ရင်းနဲ့ လည်း ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါနမလုပ်လည်းပဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ ကုသိုလ်ဖြစ်ကြောင်း တရားတွေကို လုပ်နိုင်ပါက ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပါတယ်။ သိန်းနဲ့သန်းနဲ့ချီပြီး လှူနိုင်မှ မဟုတ် ပါဘူး။ ပစ္စည်းဥစ္စာကိုလှူဒါန်းပေးတဲ့ ဒါနကုသိုလ်မျိုး မလုပ်နိုင်ပေမယ့် တစ်ခြားကိုယ်တတ်နိုင်တဲ့ နည်းများ ဖြင့် ကုသိုလ်ဖြစ်အောင်၊ ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်။ ဗုဒ္ဓစာပေမှာလည်း ကုသိုလ်ဖြစ်ကြောင်းတရား၊ တစ်နည်းအားဖြင့် ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုး ဆယ်ပါးရှိကြောင်း ဖွင့်ပြပါတယ်။ အဲဒါကို စာပေက ပုညကြိယ၀တ္တုလို့ ဆိုပါတယ်။ (ပုည-ကောင်းမှုကုသိုလ်၊ ကြိယ- ပြုသင့်ပြုထိုက်သော၊ ၀တ္ထု- တည်ရာ) အဲဒီဆယ်မျိုးကတော့
၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၂။ သီလ- ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလသိက္ခာပုဒ်များ စောင့်ထိန်းခြင်း၊
၃။ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်း အားထုတ်ခြင်း၊
၎။ အပစာယန- အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူတို့အား အရိုအသေပြုခြင်း၊
၅။ ဝေယျာဝစ္စ- သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း၊
၆။ ပတ္တိဒါန- မိမိရသော၊ မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်း၊
၇။ ပတ္တနုမောဒနာ- မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း
၈။ ဓမ္မဿဝန- တရားနာခြင်း၊
၉။ ဓမ္မဒေသနာ- လာဘ်လာဘကို မငဲ့ဘဲ တရားဟောပေးခြင်း၊
၁၀။ ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မတ်စွာပြုခြင်း တို့ပဲဖြစ်ပါတယ်။

ဒီပုညကြိယာဝတ္ထုဆယ်ပါးကို ကြည့်မယ်ဆိုရင် ကုသိုလ်ဖြစ်ဖို့၊ ကုသိုလ်ရဖို့ဆိုတာ မခက်ပါဘူး။ ဒီဆယ်ပါးထဲ မှာ ကိုယ်ကဘာမှ မရင်းနှီးရ၊ အားမစိုက်ရဘဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ လူတိုင်း စိတ်ထားတတ်မယ်ဆိုရင် ဒီဆယ်ပါးထဲက တစ်ခုမဟုတ်၊ တစ်ခုဖြစ်နေပြီး နေ့စဉ်ကုသိုလ်တစ်ခုခု ရနေကြ မယ်ဆိုတာ အထူးပြောဆိုရာ မလိုလောက်အောင်ပါပဲ။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဆင်းရဲလို့၊ ငွေကြေးမပြည့်စုံ လို့ အလှူဒါန မလုပ်နိုင်ပေမယ့် သူများလှူတဲ့အလှူကို သာဓုခေါ်ပေးရုံနဲ့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွား၊ ကောင်းကျိုးဖြစ်သွားအောင် လုပ်လို့ရပါတယ်။ သူများအလှူမှာ သွားရောက်ပြီး ၀ိုင်းဝန်းဝေယျာဝစ္စပြုပေးရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။ ပြီးတော့ အလှူပွဲမှာ ဟောကြားတဲ့တရားတော်ကို နာယူနိုင်၊ နာယူပြီး ပြန်လာတဲ့အခါ ကိုယ်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း စသူတို့ကို တစ်ဆင့်ပြန်ဟောပြောပေး၊ ပြန်လည်အမျှဝေပေးရင်လည်း ကုသိုလ်ထပ်ဖြစ်စေပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးချဲ့ ပြောနိုင် ပါတယ်။ သေချာတာက ကုသိုလ်ရဖို့ လွယ်တယ်ဆိုတာပါ။ နောက်ပြီး ဘာမှမရင်းလိုက်ရဘဲ အလွယ်ရတဲ့ ကုသိုလ်လေးတစ်ခု ဒီဆယ်မျိုးထဲမှာ ပါပါတယ်။ အဲဒါက အပစာယနဆိုတဲ့ မိမိထက် အသက်သိက္ခာဂုဏ်ကြီး သူတွေကို အရိုအသေပြုတဲ့ အချက်ပါ။ သွားရင်းလာရင်းနဲ့လည်း ရောက်လေရာအရပ်တွေမှာ သက်ကြီး ရွယ်အိုများကို ကူညီပေးလိုက်ရုံ၊ ရိုရိုသေသေ လေးလေးစားစား ပြုပေးလိုက်ရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုး ဖြစ်သွားစေပါတယ်။ ဒီလိုလုပ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် သက်ကြီးရွယ်အိုများအား အရို အသေပြုပေးတဲ့အတွက် ဂါရ၀မင်္ဂလာဖြစ်စေပြီး အရိုအသေပြုတာဟာ တစ်ဘက်ကပြန်ကြည့်ရင် ကိုယ့်ကိုယ် ကို နှိမ့်ချတာဖြစ်တဲ့အတွက် နိဝါတ မင်္ဂလာလည်း ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ဖို့၊ ကောင်းကျိုးဖြစ်ဖို့ဆိုတာ အဲဒီလောက် လွယ်တာပါ။ ဒီထက်တစ်ဆင့်တက်ပြီး ခိုင်မာတဲ့ ကောင်းကျိုးဖြစ်ဖို့ကတော့ ဒါနမလုပ်ဘဲရတဲ့ သီလဆောက်တည်ခြင်းနဲ့ ဘာဝနာပွားများခြင်းပါ။ သီလကုသိုလ်ကတော့ ငွေကြေးမလိုပါဘူး။ ဒါပေမယ့် ထိန်းရခက်ပါတယ်။ ကိုယ့်ကိုယ်ကို အရင်းစိုက်ရတဲ့ ကုသိုလ်ပါ။ ရင်းရတာနဲ့လည်း တန်အောင် ဒီသီလကုသိုလ်ကလည်း ထိန်းသိမ်းတဲ့သူတွေကို အကောင်းဆုံးအကျိုးတွေကို ဖြစ်စေပါတယ်။ အနီးစပ်ဆုံး ကတော့ သီလလုံခြုံတဲ့သူဟာ သေပြီးနောက်ဘ၀မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ် လေးပါး မလားစေနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မရှိလို့မလှူနိုင်ဖြစ်အောင် ဆင်းရဲနေပေမယ့် ချမ်းသာသူ တွေထက် သာစေနိုင်တဲ့အချက်က ကိုယ်ကျင့်သီလကို လုံခြုံအောင်ထိန်းသိမ်းခြင်းပဲလို့ ဆိုတာပါ။ အနေ စုက် ပေမယ့် ရွှေထုတ်တဲ့မြပ၀ါလို့ ဆိုရအောင် မရှိလို့ ဒါနမလုပ်နိုင်ပေမယ့် အကျင့်သိက္ခာကတော့ မြင့်မြတ် လုံခြုံအောင် ကြိုးစားသင့်ပါတယ်။ မရှိလို့ဒါန မလုပ်နိုင်တဲ့ကြားက ကိုယ်ကျင့်သီလပါ မလုံခြုံဘူးဆိုရင်တော့ ဒီလိုလူမျိုးအတွက် ကောင်းကျိုးရဖို့ဆိုတာ မလွယ်ပါဘူး။ ထို့အတူ ဘာဝနာကုသိုလ်ကလည်း လုပ်တတ်ယူ တတ်ရင် လွယ်ပါတယ်။ နေ့စဉ် မေတ္တာပို့ပေးတာတို့၊ ဂုဏ်တော်ပွားတာတို့စတာတွဟာ ငွေကြေးမကုန်ဘဲ ကောင်းကျိုးရစေတဲ့ အရာတွေပါ။ ဒီထက်တစ်ဆင့်တက်ပြီးတော့ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းလည်း ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစည်များကို သတိလေးလိုက်လိုက်ကပ်ပြီး မှတ်တတ်တဲ့ အလေ့အကျင့်လေးတွေ လုပ်ကြည့်ပါက ကုသိုလ်တရားဖြစ်ဖို့ အရမ်းလွယ်ပြီး ဘ၀မှာ နေရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ခန္ဓာရဲ့ ဒုက္ခကို သိသွားတဲ့ သူတစ်ယောက်ဟာ အပြင်လောကမှ ကြုံရတဲ့ ဒုက္ခဆိုတာ အသေးအဖွဲလေးဖြစ်သွားပြီး ခံနိုင်ရည်ရှိသွားပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း သတိ ကပ်နေထိုင်သွားမယ်ဆိုရင် ဘာဝနာကုသိုလ်ဆိုတာ အကုန်အကျနည်းပြီး အလွယ်တကူဖြစ်စေမှာပါ။ ဒါပေ မယ့် သူလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့သဘော ရှိပါတယ်။ တကယ်တော့ ကုသိုလ်ရဖို့ လွယ်တယ်ဆိုပေမယ့် ဒီကုသိုလ်ကို လိုချင်တဲ့ပုဂ္ဂိုလ်၊ လိုချင်တဲ့စိတ်ရှိမှ လွယ်တာပါ။ ဒီလိုစိတ်မရှိလို့ကတော့ ဘယ်လောက်ပဲလွယ်လွယ်၊ ကုသိုလ်ရစေတဲ့တရားများ ဘယ်လောက်ပဲများများ ကောင်းကျိုးရဖို့ မလွယ်ပါ ဘူး။ ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက ကုသိုလ်ဖြစ်ဖို့ လွယ်တယ်ဆိုတဲ့ အချက်ပါ။ ငွေကြေး မတတ်နိုင်လို့ ဒါနမလုပ်နိုင်ပေမယ့် ဒီဒါနကလွဲပြီး ကျင်တဲ့သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ လူကြီးသူမ အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေကို အရိုအသေပြုတဲ့ကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်၊ အမျှပေး၊ အမျှဝေတဲ့ ကုသိုလ်၊ တရားနာရတဲ့ကုသိုလ်၊ ကိုယ်သိတာကို ပြန်လည်မျှဝေတဲ့ကုသိုလ်၊ အယူဝါဒကို မှန်ကန်စေတဲ့ ကုသိုလ်တွေကို ရအောင်လုပ်နိုင်ပါတယ်။ ဒီအချက်တွေကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါ တယ်။ ဘာမှမရင်းရဘဲ ကောင်းမှုတွေ၊ ကောင်းကျိုးတွေ ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဒါလေးကတော့ အသေးအဖွဲလေးပဲဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ သူများအလှူမှာသွားပြီး အောက်ခြေသိမ်း ဝေယျာဝစ္စတွေ လုပ်နေရတယ်ဆိုပြီး အတွေးမငယ်လိုက်ပါနဲ့၊ လမ်းသွားရင်း သက်ကြီးရွယ်အိုများကို အထုတ်သယ်ပေး၊ လမ်းဖြတ်ကူးပေးလိုက်တာလေးဟာ ဘာမှအကျိုးမရှိပါဘူးလို့ အတွေးမမှားလိုက်ပါနဲ့ ဒါတွေဟာ စိတ်ထား ကောင်းကောင်းနဲ့ အရိုးခံလုပ်ပေးလိုက်တာဆိုရင် သိန်းသန်းချီပြီးလှူတဲ့ သူတွေထက် ကုသိုလ်ပိုဖြစ်စေ၊ ကောင်းကျိုးပိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးတွေဟာ ဘာမှမရင်းဘဲ ရလိုက်တဲ့ ကုသိုလ်လေးတွေပါ။ အသေးအဖွဲကုသိုလ်လေးဆိုပြီးလည်း အထင်မသေးလိုက်ပါနဲ့ အသေးလေးတွေ စုလိုက်တဲ့အခါ အကြီးကြီးဖြစ်ပြီး ပစ္စုပ္ပန် သံသရာကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကုသိုလ် ဖြစ်ဖို့လွယ်သလောက် ကုသိုလ်ဖြစ်ဖို့ဆိုတာလည်း လိုချင်တယ်၊ စိတ်ထားတတ်တယ်၊ လုပ်တတ်တယ်ဆိုရင် အလွယ်လွန်ပါတယ်လို့ ဆိုခြင်းပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ ပုညကြိယ၀တ္ထုဆယ်ပါးထဲမှာ ကိုယ့်အတွက် အလွယ်ရနိုင်တဲ့ ကုသိုလ်တွေအများကြီး ရှိတဲ့အတွက် ကုသိုလ်ရဖို့အတွက် အဝေးကြီးသွားပြီး ရှာစရာမလိုဘဲ မိမိအနီးမှာရှိတယ်ဆိုတာ သဘောပေါက်ဆင်ခြင်၍ ကုသိုလ်ကောင်းမှုများကို အလွယ်တကူရအောင် ကြိုးစားကြဖို့ သတိပေးတင်ပြလိုက်ရပါတယ်။

ဗုဒ္ဒဘာသာသမိုင်း

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော် မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီ ဥယျာဉ် ၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။) (၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရ စရိယာ -ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။

ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။

ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်း တော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ် တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်း ရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင် မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာ တာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လ ကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။
ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ် အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါ သည်။

ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယ သင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင် ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောက မင်းဖြစ်ပါ သည်။
တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောက မင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော် များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါ သည်။ ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ် အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင် ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ် သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။ အဖွဲ့ဝင်ဆရာတော် အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက် အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေး ဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။


Friday, September 25, 2009

အနှစ်ကိုးပါး (အပိုင်း-၁၆)

ဗုဒ္ဓဘာသာသည် religion မဟုတ်

ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂျင်း)လို့ ဆိုနိုင်ပါသလား''လို့မေးတယ်။ religion ဆိုတာ ''ဘာသာတရား''လို့ ဒီလိုဆိုကြတာကိုး။
Buddhism is not religion.
ဗုဒ္ဓဘာသာဟာ ရီးလီးဂျင်းမဟုတ်ဘူး။
''Religion. မဟုတ်ရင် အရှင်ဘုရား ဘာလို့ ပြောချင်တုန်း''။ ဒီတော့ ဘုန်းကြီးက ပြောလိုက်တယ်။ ''ဗုဒ္ဓ ဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ''။''Religion ကတော့ ကျင့်စဉ်မဟုတ်ဘူးလား'' တဲ့ သူက ထပ်မေးတယ်။
Religion ဟာ ကျင့်စဉ်မဟုတ်ပါဘူး။ Religion ဆိုတဲ့ ဘာသာမှာ ကျင့်စဉ်ကို မပါဘူး။ Religion လို့ခေါ်တဲ့ ဘာသာတိုင်းမှာ ကျင့်စဉ်မပါဘူး။
Religion မှာ ယုံကြည်ခြင်း၊ ရှိခိုးခြင်း၊ ဆုတောင်းခြင်းတို့ပဲရှိတယ်။မကောင်းတာတွေအကုန်လုပ်၊ အပြစ်မှလွတ်ဖို့ရန် ဆုတောင်း။ ကောင်းမှုတွေလုပ်ချင်လဲလုပ်၊ မလုပ်ချင်လဲနေ၊ ချမ်းသာသုခကို ဘုရား သခင် က ချပေးပါလို့ ဆုတောင်း။ ယုံကြည်မှုနှင့် ဆုတောင်းခြင်းသာလျှင် ပဓာန ထားတဲ့ဘာသာကို Religionလို့ ခေါ်ပါတယ်။ ယုံကြည်မှုနှင့်ဆုတောင်းမှုကို ပဓာနမထားပဲနဲ့ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာသည် ဗုဒ္ဓဘာသာပါ။ အဲဒီလူက ထပ်မေးတယ်။ ''ဗုဒ္ဓဘာသာသည် Philosophy (ဖီလိုဆိုဖီ) လို့ ဆိုရင်ကော ဆိုနိုင်ပါသလား''တဲ့။ ''မဆိုနိုင်ပါဘူး။ ဗုဒ္ဓဘာသာကို Philosophy လို့လဲ တစ်ဘက်သတ် မပြောနိုင်ပါဘူး။ Philosophy ဆိုတာ အသိ သက်သက်ပဲ ဖြစ်တယ်။ Philosophy မှာ အကျင့် (စရဏ)မပါဘူး''။
Religion က ယုံကြည်မှုသက်သက်။ Philosophy က အသိဥာဏ်သက်သက်။ အဲဒီနှစ်ခုစလုံးမှာ ''အကျင့် တရား'' မပါကြဘူး။
ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနှင့် အသိဥာဏ် ပေါင်းစပ်ပြီးတော့ ကျင့်ရတဲ့တရား။
ယုံကြည်မှုနဲ့ အသိဥာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိရဲ့နှလုံးသားထဲက ယုတ်မာတဲ့ ကိလေသာတွေ အကုန်လုံး ရှင်းသွားတယ်။ အဲဒီယုတ်ညံ့တဲ့ ကိလေသာတွေ ရှင်းသွားတဲ့အခါ ချမ်းသာသုခကို တကယ်ရတာပါပဲ။
''မိမိရဲ့ယုတ်ညံ့မှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင် လုပ်ရပါတယ်။ မိမိစိတ်ဓာတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင်ကြိုးစား ယူရပါတယ်။ အလွန်တန်ခိုး ထက်မြက်တဲ့ စိတ်စေတသိက်တို့ကို အသုံးချကျင့်ရတာဟာ ဗုဒ္ဓဘာသာပဲ''လို့ ဘုန်းကြီးက ပြောလိုက်ပါတယ်။
နယူးဒေလီမှာ နေ့ခင်းပိုင်း ဟောတဲ့တရားပွဲမှာ အဲဒီမေးခွန်းကို ဖြေပြီးတော့ အဲဒီနေ့မှာပဲ အိန္ဒိယရေဒီယို အသံလွှင့်ဌာနက လာပြီးတော့ တောင်းတယ်။ ''တပည့်တော်တို့ ရေဒီယိုမှာ အသံလွှင့်ချင်လို့ အရှင်ဘုရား တရား တစ်ပုဒ်တော့ အသံသွင်းပေးခဲ့ပါဘုရား''တဲ့။ ဒီတရားပွဲလဲပြီးရော အဲဒီမေးခွန်းကို အခြေခံ ပြီးတော့ ဘုန်းကြီးက စာတမ်းတစ်ခု ဘုန်းကြီးရေးတယ်။ ည ၁ဝ-နာရီအထိ မပြီးဘူး။
မပြီးတော့ အသံလွှင့် ဌာနကို ''မနက်ဖန်ခါကျမှ အသံသွင်းကြစို့''လို့ပြောလိုက်ပြီး ဆက်ရေးတယ်။ အရုဏ် တက်ခါနီး ၃-နာရီလောက်ကျတော့မှ ဒီစာတမ်းဟာ ပြီးသွားပါတယ်။ စာမျက်နှာ ၇-မျက်နှာ ရှိတယ်။
နောက်တစ်ရက် ညနေစောင်းတော့ အိန္ဒိယ ရေ ဒီယိုမှာ အဲဒီမေးခွန်းကို အခြေခံပြီးတော့မှ ဗုဒ္ဓဘာသာသည် Religion မဟုတ်ဘူးဆိုတဲ့အကြောင်းကို ရှင်းလင်း ဖော်ပြတဲ့ ဟောပြောချက်ကို အသံသွင်းပေးခဲ့တယ်။
အဲဒီနေ့ညနေ (၁၃၄၃-ခု၊ တပေါင်းလပြည့်နေ့ ညနေ)က အဲဒီတရားတွေလွှင့်သွားတယ်။ တပေါင်းလ ပြည့်နေ့လွှင့်တော့ ဘုန်းကြီး သိပ်ကြိုက်သွားတယ်။ ဘုန်းကြီးရဲ့ မွေးနေ့ကိုး။

ယုံကြည်မှုတွေ လွန်ကဲရင် အလွဲယုံကြည် တယ်။
အသိဥာဏ်တွေ လွန်ကဲရင် ကောက်ကျစ် တယ်။
သဒ္ဓါ၊ ပညာ၊ ဤနှစ်ဖြာ ညီညွတ်စွာ ပေါင်း စပ်ပြီးတော့ အကျင့်နဲ့သွားရတယ်။
သဒ္ဓါ ပညာ ညီမျှစွာတွဲ။ ပြီးတော့မှ ''စရဏ (အကျင့်)''နှင့် ထပ်မံ၍ ပေါင်းစပ်တဲ့အခါ ကျတော့ ''ဝိမုတ္တိ'' ဆိုတဲ့ လွတ်မြောက်မှုကို ကောင်းစွာရတယ်။
ကိုယ်တိုင်ကျင့်ရတဲ့ စရဏကို အသာလေး ဖယ် ထား၊ ကိုယ်တိုင်ဘာမှမကျင့်ပဲနဲ့ ဆုချည်းထိုင်တောင်း နေ မယ်ဆိုရင် ဗုဒ္ဓဘာသာက လက်မခံဘူး။

ဒါဖြင့် ဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးတော့ ဆုမတောင်းဘူးလားလို့ မေးရင်၊ တရား ပွဲတွေမှာ မေးလဲ မေးတ
တ်ပါတယ်။ ''ဗုဒ္ဓဘာသာမှာ ဆုတောင်း ရှိတာပေါ့''လို့ ဘုန်းကြီးတို့က ဖြေပါတယ်။ ''ဒါပေမဲ့ ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းဆိုတာဟာ တန်ခိုးရှင်တစ်ယောက်ထံမှာ တောင်းတဲ့ဆု မဟုတ်ဘူး။ ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ထံမှာ တောင်းတာ မဟုတ်ဘူး။ ဘုရားရှင် ကိုယ်တော်မြတ်ထံက တစ်စုံတစ်ခုကို မျှော်လင့် လို့ ''တပည့်တော်ကို ဒါလေးပေးပါ၊ တပည့်တော်ကို ဒါလေးပေးပါ''လို့ တောင်းတာ မဟုတ်ဘူး''။

(အပိုင်း-၁၇)မျှော်

အနှစ်ကိုးပါး(အပိုင်း-၁၅)

ဥုံ မဏိ ပဒ္မေ ဟုံနှင့် ပစ္စယော
ဒီတော့ ဒီတိဘက်ကိုယ်တော်ကြီး တစ်ကိုယ်လုံး နံနေတာ တခြားမဟုတ်ဘူး။ ချမ်းလွန်းလို့ ရေမချိုးတာရယ်၊ မုန်ညင်းဆီ တကိုယ်လုံး လိမ်းထားတာရယ်၊ အဝတ်တွေက အထူကြီးထပ်ပြီးတော့ ဝတ်ထားတာရယ်၊ အဲဒီ အကြောင်း သုံးပါးကြောင့် ဒီကိုယ်တော်ကြီး နံနေတာလို့ ဘုန်းကြီးက သဘောကျသွားတယ်။နံပေမယ့် သူ့မန္တာန်ရချင်တာနဲ့ အနားကပ်ပြီးတော့ နားစွင့်လိုက်တော့မှ မန္တာန်ရဲ့အသံကို ဘုန်းကြီး ရလိုက်ပါတယ်။
''ဥုံ မဏိ ပဒ္မေ ဟုံ''တဲ့။
အဲဒါ တိဘက်ဘုန်းကြီး ရွတ်တဲ့မန္တာန်။ ထပ်ခါ ထပ်ခါ ရွတ်ပြီးတော့ လက်ထဲက သတ္ထုဗူးကလေးကို ယမ်းပြီး တော့ သူက လှုပ်နေတာ။ ဒါပဲ ထပ်ခါ ထပ်ခါ ရွတ်နေတယ်။ ''မန္တာန်တော့ရပြီ''ဆိုပြီးတော့ ဒိုင်ယာယီထဲ ရေး မှတ်ထားလိုက်တယ်။
မှတ်ထားပြီးတော့ ဘုန်းကြီးလဲ ဒီရတနာဃရ ရွှေအိမ်ထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို ပဋ္ဌာန်းဒေသနာ တော်နဲ့ ပူဇော်ချင်တာ။ ဒီကိုယ်တော်ကြီးကလဲ ပြီးပဲ မပြီးနိုင်ဘူး။ သူဘယ်တော့ ပြီးမလဲလို့ စောင့်နေတာ မပြီးဘူး။ ''မပြီးလဲနေတော့ကွာ၊ ငါလဲ တစ်ထောင့်ကထိုင်၊ မင်းလဲ တစ်ထောင့်က ထိုင်'' ဆိုပြီး ၁၂- တောင်လောက်ရှိတဲ့ တိုက်ကလေးထဲ သူက တစ်ထောင့်က ထိုင်၊ ဘုန်းကြီးလဲ ထောင့်တစ်နေရာ ဝင်ထိုင်ပြီး တော့ ဘုရားကိုယ်တော်မြတ် ကို အားပါးတရ ရှိခိုးပူဇော်ကန်တော့ပြီး ဗောဓိပင်ဘက် လှည့်ပြီးတော့ ဘုန်းကြီး က ပဋ္ဌာန်းဒေသနာကို ရွတ်ပါ တယ်။
''ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော''လို့ ရွတ် လိုက်တာ။
လွန်လေပြီးတဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက ဘုရားရှင်ကိုယ်တော်မြတ် ဤနေရာမှာ ထိုင်နေ တော်မူပြီးတော့ ပဋ္ဌာန်းဒေသနာတော်ကို ဒီလို ဆင်ခြင် သုံးသပ်တော်မူခဲ့လို့ ရောင်ခြည်တော်ခြောက်ပါး ကွန့်မြူးတော်မူခဲ့ ပါတယ်။ အာရုံယူပြီးတော့ ဘုန်းကြီးက ပဋ္ဌာန်းကို ခပ်တိုးတိုး ရွတ်နေတာ။
ဟိုဘက်က ကိုယ်တော်ကြီး ရွတ်နေတဲ့ ''ဥုံ မဏိ ပဒ္မေ ဟုံ''က နားထဲဝင်ဝင်လာတယ်။ ကိုယ်ရွတ်နေတဲ့ ပဋ္ဌာန်း ပျောက်ပျောက်သွားတယ်။ ခက်တော့တာပဲ။ ''ဥုံ မဏိ ပဒ္ဒမေ ဟုံ'' အသံက ကျယ်ကျယ်လာ၊ ကိုယ့်ပဋ္ဌာန်းက ပျောက်သွား။
''ငါတော့ သူ့ကိုနိုင်အောင်ချမှ ဖြစ်မယ်'' ဆိုပြီးတော့ ယခုပလ္လင်ပေါ်က ရွတ်သလိုပေါ့။ အသံကို ခပ်ကျယ်ကျယ် ထုတ်ပြီးတော့ ဘုန်းကြီးက တအား အော်တော့တာကိုး။
ဟေတုပစ္စယောတိ ဟေတူ ဟေတုသမ္ပယုတ္တကာ နံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စ ယော။
တိုက်ကလေးထဲမှာ သူက ''ဥုံ မဏိ ပဒ္မေ ဟုံ''၊ ဒီဘက်က ''ပစ္စယော'' ''ပစ္စယော'' နဲ့ တအားကြီး ချနေတော့ သူ စိတ်ပျက်သွားတယ် ထင်တယ်။ လက်ထဲက ခုနက အုန်းမှုတ်ခွက်လိုဟာလေး အသာချ၊ တင်ပျဉ်ခွေ ထိုင်ပြီး တော့ ဘုန်းကြီးကို ကြည့်နေတယ်။

''ဥုံ မဏိ ပဒ္မေ ဟုံ''ရဲ့ အဓိပ္ပာယ်
သူ့ ''ဥုံ မဏိ ပဒ္မေ ဟုံ''ကို မရွတ်တော့ဘူး။ ထိုင်ကြည့်နေတယ်။ အဲဒီတော့မှ ဘုန်းကြီးက မြတ်စွာဘုရားအား အားပါးတရ ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဆိုပူဇော်ပြီး ထပြီးတော့ သူ့ကို နှုတ်ဆက်တယ်။
''ကိုယ်တော် ဘယ်တိုင်းပြည်က လာသလဲ'' လို့ အင်္ဂလိပ်လို မေးကြည့်တော့ သူ ပြန်မပြောဘူး။ သူလဲ မတတ်ဘူး။ ဘုန်းကြီးကလဲ တိဘက်စကား မတတ်ဘူး၊ ပါဠိလို မေးကြည့်တော့လဲ မရဘူး။
ရတနာဃရ ရွှေအိမ်က ထွက်လာခဲ့ပြီးတော့ တည်းခိုတဲ့ကျောင်း ရောက်တဲ့အခါ နီပေါက ဘုန်းကြီးတို့နဲ့ အတူတူ လိုက်လာတဲ့ နီပေါဘုန်းကြီးတစ်ပါးကို ဘုန်းကြီးက မေးကြည့်တယ်။
''အရှင်ဘုရား တပည့်တော် တိဘက်ကိုယ်တော်ကြီးဆီက မန္တာန်တစ်ခုရခဲ့တယ်။ အဲဒီမန္တာန်ရဲ့အဓိပ္ပာယ်ကို ပြောပြစမ်းပါ'' ဆိုတော့ သူက ပြောပြတယ်။
''ဥုံမဏိ ပဒ္မေ ဟုံ ဆိုတာ အခြားမဟုတ်ပါဘူး၊ မဏိဆိုတာ အရှင်ဘုရားတို့ သိပါတယ်။ ပတ္တမြား။ မြေကြီး ကထွက်တဲ့ ကျောက်မျက်ရတနာအားလုံးတို့တွင် ပတ္တမြားဆိုတဲ့ ကျောက်မျက်ရတနာဟာ သူတို့ တိဘက် တိုင်းပြည် မှာတော့ ''အမြတ်ဆုံးရတနာပဲ''တဲ့။
''မြေကြီးထဲကထွက်တဲ့ ကျောက်အားလုံးတို့တွင် ပတ္တမြားဆိုသောကျောက်သည် အမြတ်ဆုံး ဖြစ်သလိုပဲ လူသားထဲက ပေါက်ဖွားလာတဲ့ ဗုဒ္ဓဟာလဲပဲ လူသားတကာ လူသားတို့တွင် အမြတ်ဆုံးလူသားတစ်ယောက်ပဲ၊ အဲဒါကြောင့် ''မဏိ''ဆိုတာ မြတ်ဗုဒ္ဓကို တင်စားပြောတာ''တဲ့။အလွန်လျှို့ဝှက်တဲ့ဂါထာ။
ပဒ္မေဆိုတာက ပဒုမ္မာကြာ၊ ''ပဒုမ''ကို သူတို့က ပီပီ မရွတ်ဘူးတဲ့။ ပဒ္မေလို့ ရွတ်တယ်တဲ့။ ''ဟုံ''ဆိုတာက ''ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်''တဲ့။ ပဒ္မေ-ပဒုမ္မာကြာထဲ ကနေ။ ဟုံ-ဖြစ်လာတယ်။
ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ်တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ပေါ်ပေါက်လာပါတယ်။ မယ်တော် မာယာက ဖွားတာမဟုတ်ပါဘူး။ သူတို့က ပဒုမ္မာကြာထဲက ပေါ်ပေါက်လာပါတယ်တဲ့။
''ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ်တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ဖြစ်ထွန်းပေါ်ပေါက်လာသလိုပဲ အကျွန်ုပ်ရဲ့ နှလုံးအိမ်မှာလဲပဲ ဗောဓိဥာဏ်သည် ဖြစ်ထွန်းပါစေ''။ ''အဲဒီ အဓိပ္ပာယ်ကိုဆောင်တဲ့ မန္တာန်ပါပဲ''တဲ့။
''အဲဒီမန္တာန်ရွတ်ပြီးတော့ ဗောဓိဓာတ် ယူတာ။ သူတို့က ဗောဓိ ဥာဏ်ရဖို့ရန် သူတို့က မန္တာန်ရွတ်တာ''တဲ့။
''မန္တာန်ရွတ်လို့ ဗောဓိဥာဏ် ရမယ်တဲ့လား''။ စဉ်း စားကြည့်။ သဘာဝ မကျဘူး။
ဗောဓိဥာဏ်ရအောင် ဘာလုပ်ရမလဲ။ ဗုဒ္ဓရဲ့ အကျင့် ကိုကျင့်ပေါ့။ မဂ္ဂင်ရှစ်ပါး၊ သိက္ခာသုံးပါး ကျင့်ပေါ့။
သိက္ခာသုံးပါးကို အကျင့်တရား ဘေးဖယ်ထားပြီး တော့ အဲဒီတိဘက်ကိုယ်တော်ကြီးက ဗောဓိÓဏ်ကို မန္တာန် နဲ့ ယူတယ်တဲ့။ ဘာမှ အဓိပ္ပါယ်မရှိဘူး။သူတို့ ပုတီးစိပ်လဲ အဲဒါပဲ။ တိဘက်ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျားအားလုံး ပုတီးနဲ့ချည်းပဲ။ ဗောဓိ ပင်တပတ်လည် ပုတီးစိပ်လဲ တခြားဘာမှ မစိပ်ဘူး။
''ဥုံ မဏိ ပဒ္မေ ဟုံ''ဆိုပြီး ပုတီး လုံးရေတွေကို ချနေတာပဲ။ ဘုန်းကြီးတို့ကတော့ ''အရဟံ...အရဟံ''နဲ့ ဒီလိုသွားတာ။ ဒီတော့ ပုတီးစိပ်တာလဲ မန္တာန်ပဲ။ ဗောဓိဥာဏ် ရအောင် အားထုတ်တာလဲ မန္တာန်ပဲ။ ဘယ်မှာလဲ၊ သိက္ခာ သုံးပါးဆိုတာ။သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဆိုတာ ဟန်ပဲရှိတယ်၊ တကယ်အမှန် မရှိဘူး။
ဒါကြောင့် ဘုန်းကြီးတို့ ပရိသတ်များရဲ့ နှလုံးသား ထဲမှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးစုံ ရှိပါတယ်။
ဟိုမှာကတော့ သိက္ခာသုံးပါးရှိတယ်ဆိုပေမဲ့ တချို့ ရှိတယ်။ တချို့မရှိဘူး။ အပြည့်အစုံ မရှိရှာကြဘူး။

ချီးကျူးစရာ အချက်တော့ရှိတယ်
ဘာကိုတော့ ကျေးဇူးတင်ရမလဲဆိုလို့ရှိရင် ဘုရား ကိုယ်တော်မြတ်ကို ကြည်ညိုတယ်ဆိုတဲ့ နေရာမှာတော့ သူတို့ကို ချီးကျူးရမယ်။ အဲဒီလို ဘုရားကို ကြည်ညိုတဲ့စိတ်ကလေး ရှိနေတာသည်ပင်လျှင် သူတို့အတွက် အဖိုးတန်လှပြီလို့ ချီးကျူးရမယ်။ အဲဒီစိတ်ကလေး ပျောက်ရင်တော့ ကုန်ရော။ ဗုဒ္ဓ ဘာသာဟာ မကျန် တော့ဘူး။ အဲဒီစိတ်ဓာတ်ကတော့ သူတို့ မှာ သိပ်ခိုင်မာကြတယ်။ ဘာကြောင့် ဘုရားကို ကြည်ညိုတဲ့စိတ် ပြင်းပြ သလဲ ဆိုလို့ရှိရင် ဘုရားကိုယ်တော်မြတ်ကို ရှိခိုးတဲ့နေရာမှာ ခုနက ပြောပြထားတယ်။
မတ်တပ်ရပ်ကနေပြီးတော့ ခေါင်းပေါ် မြှောက်၍ လက်အုပ်ချီ နဖူးသို့ တစ်ဆင့်ချ၊ မေးစေ့သို့ တစ်ဆင့်ချ၊ ရင်ဘတ်သို့ တစ်ဆင့် လျှော့ပြီးတော့ လက်နှစ်ဘက်ကို ဆန့် ပြီးတော့ ရှေ့ပစ်ပြီး၊ ဝမ်းလျားမှောက်ချလိုက်တာ။
နောက်တစ်ခါ ပြန်ထ၊ ဒီအတိုင်း ရှိခိုး။ နောက် တကြိမ် ပြန်ထ ဒီအတိုင်းရှိခိုး၊ အဲဒါမြေကြီးပေါ်က သမံ တလင်းပေါ်မှာ။ မြက်ပေါ်မှာဆိုရင် ရှေ့ပိုင်းတစ်ကိုယ်လုံးဟာ ပေ ကျံနေတာပဲ။ ဆောင်းတွင်းကြီး ချမ်းချမ်း စီးစီးနဲ့ အဲဒီလိုရှိခိုး နေတဲ့ လူတွေ ဗောဓိပင်နားမှာ အများကြီးပဲ။ မတ်တတ်ထလိုက်၊ ဖုံးကနဲ ဝမ်းလျား မှောက်လိုက် မတ်တတ်ထလိုက် ဖုံးကနဲ ဝမ်းလျားမှောက်လိုက် ဒီလို လုပ် နေကြတဲ့လူတွေဟာ နည်းတာ မဟုတ်ဘူး။ အင်္ဂလိပ်တွေ လဲ အဲဒီအထဲဝင် လုပ်ကြတာပဲ။ အမေရိကန်တွေလဲ ဒီဂိုဏ်း ထဲဝင် ဒီလိုလုပ်ကြ တာပဲ။ အဲဒီလို ရှိခိုးနေကြတဲ့ လူထုကြီးတွေကိုကြည့် ပြီး တော့ ဘုန်းကြီး စဉ်းစားမိတယ်။ ''သြော် သဒ္ဓါ တရားများ ကောင်းလိုက်တာ၊ ဘုရား ကြည်ညိုလို့ ရှိခိုးတယ်ဆိုတဲ့နေရာ မှာ ဒီလောက်ကို သူတို့က အားပါးတရကြီး ရှိခိုးကြတာပဲ'' လို့ တွေးမိတယ်။ဘုန်းကြီးတို့ မြန်မာများ ရှိခိုးတာကတော့ တံ တောင်ဆစ်ဟာ မြေကြီးကိုထိချင်မှထိ၊ ဒူးကလဲ ထိချင်မှထိ၊ အဆင်မပြေဘူး။တစ်ချို့ရှိခိုးကြတာဆိုရင် နွေရာသီ ပူပူလောင် လောင် လမ်းပေါ်က ရေညှောင့်ကောင်နဲ့ တယ်ပြီးတော့ တူတာပဲ။ ကြည့်လို့ မကောင်းဘူး။ထိခြင်း ၅-ပါးဆိုတဲ့ ရှိခိုးနည်း ပေးထားတယ် မဟုတ်လား။ သူတို့ ရှိခိုးတာက ဝမ်းလျားမှောက်ထားတာ။ ငါးပါး မကဘူး၊ အကုန်လုံးထိနေတယ်။ ဘုန်းကြီးတို့ ပရိသတ်များလဲ ထိခြင်း ၅-ပါး ထိ အောင် ကြိုးစားကြစမ်းပါ။
''လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ ဦးချ လေ''။ဒကာကြီးများဆိုလို့ရှိရင် ဆောင့်ကြောင့်ထိုင်ပြီး တော့ လက်အုပ်ချီလိုက်၊ ပြီးတော့မှ လက်ချ၊ လက်ဖဝါး နှစ်ဘက်ထောက်ပြီးတော့ ဒူးနှစ်ဘက်ချ။ ပြီးတော့မှ တံ တောင် နှစ်ဘက် ကျပါစေ။အဲဒီတံတောင်နှစ်ဘက်သာမကျရင် ခုနက ရေ ညှောင့်ကောင်အတိုင်းပဲ။
ဘုန်းကြီးတို့ မြန်မာတွေ သဒ္ဓါတရား ဘယ်လောက် ပဲ ကောင်းတယ်ပြောပြော၊ တိဘက်က ဒကာတွေ ဒကာမ တွေ ဦးချတာမျိုးကိုတော့ မလုပ်နိုင်ကြဘူး။

ရှစ်သောင်းလေးထောင် ဦးချနိုင်ယင်
ဦးချတဲ့နေရာမှာ အဲဒီလို သဒ္ဓါတရား သိပ်ကောင်း တော့ တစ်ချို့လူများကိုတော့ ဘုန်းကြီးက သနားမိတယ်။
ဗိုက်စူစူကြီးတွေနဲ့ ဝပြီးနေတဲ့ တိဘက်အဘိုးကြီး တွေ အဘွားကြီးတွေ အဲဒီဘုရားအနားမှာ ရှိခိုးတာကြည့် ပြီးတော့ ဘုန်းကြီးသနားတယ်။
မတ်တတ်ရပ်ပြီးတော့ ခုနက ပြောသလို လက် နှစ်ဘက်မြောက်၊ လက်အုပ်ချီ၊ နဖူးပေါ် တင်ပြီးတော့မှ မေး စေ့ချ။ ပြီးတော့ ရင်ဘတ်ထိအောင်ချ၊ ရှေ့လက်ပစ်ပြီး တော့ ဝမ်းလျားလဲ မှောက်လိုက်ရော။ အဲဒီ ဗိုက်ကြီး စူပြီး ဝနေတဲ့ အဘိုးကြီးနဲ့အဘွားကြီးဟာ တကတဲ တစ်မျိုးကြီးကို ဖြစ်နေတာပဲ။ ဘောလုံးပေါ်မှာ တက်ပြီး တော့ မှောက်ထား သလို ဖြစ်နေတယ်။ လိမ့်တိမ့် လိမ့်တိမ့်နဲ့ ဖြစ်နေတယ်။ သူတို့က ဂါဝန်အရှည်ကြီး တွေဝတ်ကြတာဆိုတော့ တစ်မျိုးကြီးပဲ။ သူတို့ရှိခိုးနေတာ နောက်ကနေ သွားပြီးတော့ မကြည်ညိုလိုက် ကြပါနဲ့။ ရှေ့ကနေကြည့်ပြီး ကြည်ညိုမယ်ဆိုရင် တော် တော် ကြည်ညိုစရာကောင်းတယ်။ ရှေ့နားမှာ ပုတီး လေးက ချထားတယ်။ လက်ဖျားနဲ့ ထိပ်နားမှာ ပုတီးလုံးလေးက ချထားတယ်။ တစ်ကြိမ်ဦးချပြီးရင် သူတို့က ပုတီးတစ်လုံးဆွဲ လိုက်တယ်။ တစ်ကြိမ်ပြီးတိုင်း ပုတီးတစ်လုံး ဆွဲလိုက်တယ်။
တော်တော်လေး အချိန်ကြာတော့ အဘိုးကြီး တစ် ယောက် နဖူးက ချွေးတွေ ကျလာတယ်။ နဖူးက ချွေးတွေ သုတ်ပြီးတော့ ဦးချ။ ဒီတိဘက်အဘိုးကြီးတွေ အဘွားကြီး တွေကို ငါမေးလို့ ရမှာမဟုတ်ဘူး။ သူတို့က တိဘက်လိုပြော ရင် ငါက တိဘက်လိုနားမလည်တော့ မဖြစ်သေးဘူး။
မေးလို့ရတဲ့ အီတလီက လူကို သွားမေးမှပဲဆိုပြီး တော့ မေးလိုက်တယ်။
''ဒါလောက်တောင် မင်းတို့က ကြိမ်ဖန်များစွာ တစ်မနက်လုံး တစ်နေ့လုံး တစ်ညလုံး ရှိခိုးနေကြတာဟာ့ ဘာကြောင့်လဲ။ အကြိမ်တွေ များလိုက်တာ'' လို့။ အဲဒီလူက ''တပည့်တော်တို့ ဆရာက သင်ပေး ထားတယ်၊ အကြိမ်ပေါင်း ရှစ်သောင်းလေးထောင် ရှိခိုးနိုင် ရင် အပါယ်လေးပါး တံခါးပိတ်တယ်''လို့ ပြောတယ်။
သူတို့ သဒ္ဓါတရားက ဒီလိုလာတာ။ အချို့များ ရှစ်သောင်းလေးထောင်ကျော်လို့ တစ်သိန်းတောင်ရောက် နေပြီ။သူတို့ရဲ့ သဒ္ဓါတရား ဘယ်လောက် ကောင်းသလဲ။ ''အသက်ခန္ဓာ စွန့်ချင်စွန့်ရပါစေ''ဆိုတဲ့ စိတ်ဓာတ်နှင့် ရှိခိုး နေကြတာ။ သို့သော် ဥာဏ်မပါဘူး။

အသိဥာဏ်မပါသော ယုံကြည်မှု
ဗလဝသဒ္ဓေါ၊ သဒ္ဓါတရားအားကောင်းပြီးတော့။ မန္ဒပညော၊ ပညာနည်းကြပြီဆိုရင်။ မုဓပ္ပသန္နော၊ အချည်း နှီး အကျိုးမရှိတဲ့နေရာမှာ ယုံကြည်တတ်သည်။ ဟောတိ၊ ဖြစ်ပါပေ၏။
သဒ္ဓါတရားက အလွန်အားကောင်းပြီးတော့ အသိ ဥာဏ်နည်းရင် အကျိုးမရှိ အချည်းနှီးကိစ္စတွေမှာ ယုံကြည် တတ်ကြတယ်။ ရှစ်သောင်းလေးထောင် ဝမ်းလျားမှောက်၍ ရှိခိုး ခြင်းဖြင့် အပါယ်လေးပါးမှ သူတို့ လွတ်တယ်လို့ ယုံကြည် ထားကြတယ်။ သူတို့ရဲ့ စရဏ (အကျင့်)ဆိုတာဟာ အဲဒီ လောက်ပဲ ရှိပါတယ်။

ကံကောင်းကြတဲ့ မြန်မာ
မြန်မာပြည်က ပုဂ္ဂိုလ်တွေရဲ့ စရဏပိုင်းကျတော့ ရုပ်နာမ်ရဲ့လက္ခဏာဖောက်ထွင်းသိမြင်နိုင်တဲ့အထိ ဆင်ခြင် သုံးသပ်နိုင်ကြတယ်။ အဲဒီလို အသိဥာဏ်ကောင်းစွာရတဲ့ လူ့အဖြစ်ကို ဘုန်းကြီးတို ရရှိနေကြတယ်။
အသိဥာဏ်မပါသော ယုံကြည်မှုကို အကန်းယုံ ကြည်မှုလို့ ခေါ်တယ်။ ယုံကြည်မှုမပါပဲနဲ့ အသိဥာဏ်သက် သက်ပဲဆိုလို့ရှိရင် ပန်းတိုင်မရောက်နိုင်ဘူး။အသိဥာဏ်ဘက်ကို သိပ်ဦးတည် သွားတယ်၊ သဒ္ဓါ တရားမပါဘူးဆိုရင်လဲပဲ အဲဒါ အကျင့်ထဲ မရောက်တော့ ဘူး။ ဝေဖန်နေတာနဲ့ သူအချိန်ကုန်တယ်။
အပိုင်း (၁၆) ဆက်ရန်----

Wednesday, September 23, 2009

ပရိဒေ၀ အကြောင်း

ငိုကြွေးမှုကို “ပရိဒေ၀” ဟုခေါ်၏။ ဤ ပရိဒေ၀ဟူသည် “ငိုသည်” ပင်ဖြစ်သည်။ သို့သော် ထိုငိုသံဖြစ်ခြင်၏ အကြောင်းအရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်သားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီး တော့မည်ဟု ထင်ရသောအခါ လွန်စွာ ၀မ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ခေါ် ငိုကြွေးသောအသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့ အသံကို ခေါ်ခြင်းမဟုတ်။ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမှုသည်လည်း စိုးရိမ်မှုကဲ့သို့ ကောင်းကျိုးမရသော တရားတစ်မျိုးပင်။ ချစ်ခင်သူ သို့မဟုတ် အားကိုးလောက်သူ တစ်ယောက်မျက်စိအောက်မှ ရုတ်တရက်ကွယ်ပျောက် သေဆုံးသွားသောအခါ ၀မ်းနည်းပူပန်ကြသည်မှာ ထုံးစံဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗန်စံတော်မူစဉ်က သောတာပန် အရှင်အာနန္ဒာသည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလာလို ဟစ်အော်၍ ငိုခြင်းကာ လိုရင်းစိတ်မချမ်းသာမှုထက် မိမိကို ၀ိုင်း၍ သနားအောင် မာယာဆောင်ရွက်မှုက များသလို ဖြစ်နေပါသည်။ (များသည်ဟု အတိအလင်း မဆိုလို) လူတစ်ယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှလူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေနိုင်သည်။ ချမ်းသာသုခရှိနေသူများပင် ငိုသံကြားက ချမ်းသာ သုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခ ရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သော ငိုသံကို တစ်ယောက်ကြား၊ နှစ်ယောက်ကြား၊ တစ်အိမ် ကြား၊ နှစ်အိမ်ကြားမက တစ်ရပ်လုံး တစ်ရွာလုံး ချောက်ချားအောင် အဘယ်ကြောင့် ဟစ်အော်ငိုကြွေး လိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တစ်ခုတစ်လေမျှ လက်ဆုပ်လက်ကိုင် မရှိပါ” ဟုဝန်ခံရာ ရောက်လေသည်။ ထိုကြောင့် မလွှဲသာ၍ ပရိဒေ၀မီးတောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန်ုငြိမ်းအောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံးဖြစ်ပါသည်။ ထိုထက်ပို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂတရားဖြင့် ဖြေသိမ့်ထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ့်ပုံ

ဘုရားရှင်နှင့်ယသော်ဓရာ လောင်းလျာ ၂ပါးတို့ တစ်ခုသောဘ၀၀ယ် ကုဋေများစွာ ကြွယ်ဝသော သူဌေး အဖြစ်မှ စည်းစိမ်ဥစ္စာများကို သဘောတူလှူဒါန်းလျက် ရသေ့ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မလေး၏ ရုပ်ရည်မှာ လွန်စွာထူးခြားသည့် အပြင် ပြုံးရွှင်သလိုနှင့် ခံညားသော မျက်နှာ အနေအထား ကြောင့် အများပင် ချစ်ခင်လေးစားကြ၏။ ထိုကဲ့သို့ တောထွက်လာခဲ့ရာ သူဌေးမျိုး သူဌေးနွယ် နုနယ်သော ရသေ့မလေးကာ ရှေးကလို မွန်မြတ်သော အစာကို မစားရပဲ ရသေ့ရဟန်းတို၏ စမ္မတာ သစ်ဥ သစ်သီးနှင့် သူပေးလူပေး အာဟာရများဖြင့်စာ မျှတရရှာသောကြောင့် အတော်ကြားလျှင် ၀မ်းသွေးရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာ မြို့တခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းတော်ဘုရား ဆွမ်းခံဝင်တော်မူလေသည်။ ထိုကဲ့သို့ ဆွမ်းခံဝင်နေတော်မူနေတုန်း အချိန်မှပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ရောဂါဒဏ်ကို ကြာရှည်ခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘ၀ဇတ်အသစ်လဲရရှာလေသည်။ ထိုကဲသို့ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်မျိုးမစပ်ပဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။ ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံပြန်လာလေသော် မမျှော်လင့်သော အဖြစ် အပျက်ကို ရုတ်တရက်တွေ့ရလျှင် အစွမ်းကုန်ငိုချင်ဖွယ် ကောင်းသော်လည်း ရင့်မာသော အလောင်းဘုရားပီပီ တည်ကြည်သော ဣနြေ္ဒဖြင့် ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်ပြီးလျှင် ၂ ယောက်စာ ခံယူလာသော ဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိသတ်၏ ပရိဒေ၀မီးကို ကြည်လင်အေးမြသော သြ၀ါဒရေချမ်းဖြင့် ဆွတ်ဖျန်းငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီး ဗန္ဓုလနှင့် မလ္လိကာတို့မှာ အမြွှာမွေးစားညီနောင်များဖြစ်ကြသော သားရတနာ ၃ကျိပ်၂ယောက် ထွန်းကား လေသည်။ ထူးခြားသော မိဘနှစ်ဦး၏သားများဖြစ်သည့် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဖခင် နောက်က ဘုရင့်ထံခစားဝင်ကြလေသောအခါ သူတို့လူစုနှင့်ပင် ပရိသတ်ကြီးတစ်ခု ဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင့်ထံ “တစ်နေ့ကြလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကိုလုပ်ကြံပါလိမ့်မည်။” ဟုကုန်းချောကြလေရာ နဂိုကပင် အဆင်အခြင်နည်းသော ရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ သားအဖတစ်စုကို ပရိယာယ်ဖြင့် လီဆယ်ကာ အိမ်တစ်ဆောင်မှာနေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဖတစ်စု အသတ်ခံရသည့်ညဥ့်၏ နောက်တစ်နေ့နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တရာ အမှူးရှိ သော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံထား၏။ နံနက်၌ ဆွမ်းကပ်ချိန် နီးလတ်သော် “ညဥ့်တုန်းက သားအဖအားလုံး တစ်ပြိုင်နက် ဆုံးကြောင်း” စာကို မလ္လိကာရရှိလေလျှင် ဟစ်၍သာ ငိုချင်စရာ ကောင်းသော် လည်း မျက်ရည်တစ်စက်မျှ မထွက်စေဘဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ၀ထ္တုနှစ်ရပ်၌ ဘုရားအလောင်း၏ ပရိဒေ၀ မဖြစ်ခြင်းမှာ ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့၊ မလ္လိကာ၏ ပရိဒေ၀ချုပ်တည်းနိုင်မှုကား အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် အသက် တစ်ရာမနေရသော်လည်း အမှုတစ်ရာ တွေ့ဖို့လွယ်ကူသော လောကကြီး၌ ပရိဒေ၀မီးကို အစွမ်းကုန်ငြှိမ်း သတ်နိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေ၀ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ပါရပီ မည်မျှလောက် အခြေ တည်မိပြီ” ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခမှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဒုတိယခန်း)

Tuesday, September 22, 2009

ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…

(အရှင်နာရဒမထေရ် (သီရိလင်္ကာ)၏ အင်္ဂလိပ်လို ရေးသားမှုအား အရှင်ကေလာသ (မြန်မာ)မှ မြန်မာဘာသာသို့ ပြန်ဆိုပူဇော်သည်။)
ကျွန်ုပ်တို့သည် လုံးဝညီမျှမှုမရှိသည့် ကမ္ဘာလောကနှင့် ရင်ဆိုင်နေကြရသည်။ ကျွန်ုပ်တို့သည် လူသားတို့၏ မညီမျှမှုများ ဘ၀ကံကြမ္မာ အထွေထွေနှင့် စကြာဝဠာအတွင်းရှိ သတ္တ၀ါ အဆင့်အတန်း အဖုံဖုံတို့ကို တွေ့မြင် နေကြရသည်။ စိတ်ထားကောင်းမွန်လျက် ကိုယ်ကျင့်တရား ရုပ်ပိုင်းအရည်အချင်းများနှင့် ပြည့်စုံကြွယ်ဝသည့် အခြေအနေတွင် မွေးဖွားလာသူများနှင့် မွဲတေဆင်းရဲပြီး ပျက်ဆီးယိုယွင်းသည့် အခြေအနေဖြင့် မွေးဖွားလာ ကြသူများကို တွေ့ကြရသည်။ စိတ်နှလုံးကောင်းပြီး မြင့်မြတ်သော်လည်း ၎င်း၏မျှော်လင့်ချက်ကို ဆန့်ကျင် လျက် ကံမကောင်းခြင်းနှင့် အမြဲတမ်း ဆုံတွေ့နေရသူရှိသည်။ ကောက်ကျစ်သောလောကသည် ထိုပုဂ္ဂိုလ်၏ ရည်ရွယ်ချက်များ လိုအင်ဆန္ဒများနှင့် ဆန့်ကျင်လျက် ဖြစ်စေသည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ ရိုးသားသော ဆောင်ရွက်ချက် ဘာသာတရား ကိုင်းရှိုင်းမှုတို့ ရှိလင့်ကစား ဆင်းရဲပြီး စိတ်ဆင်းရဲရသည်။ စရိုက်ဆိုးပြီး မိုက်မဲသော်လည်း ယင်းနှင့်ဆန့်ကျင်လျက် ကံကြမ္မာ၏ ချစ်မြတ်နိုးခြင်းခံရသည့် အခြားပုဂ္ဂိုလ်တစ်ယောက် လည်း ရှိပြန်သည်။ ထိုပုဂ္ဂိုလ်သည် ၎င်း၏ယုတ်နိမ့်ပြီး အကုသိုလ်ဖြင့် ဘ၀နေနည်းအစား ကောင်းခြင်းပုံစံမျိုးစုံနှင့် ကြုံဆုံရသည်။
အဘယ့်ကြောင့် တစ်ယောက်က နိမ့်ပြီး အခြားတစ်ယောက်မူ အထက်တန်းဖြစ်ရသနည်းဟု မွေးခွန်းထုတ်နိုင် သည်။ တစ်ယောက်မှု ချစ်မြတ်နိုးသူ မိခင်၏လက်တွင်းမှ ဆွဲယူခြင်းခံရပြီး၊ အခြားတစ်ယောက်မူ နှစ်အတန် ကြာ နေနိုင်လျက်၊ အခြားတစ်ယောက်မူ လူ့စည်းစိမ်ခံစားရင်း သေဆုံး သို့မဟုတ် အသက်ရှစ်ဆယ် တစ်ရာ ကြီးရင့်ချိန်၌ သေဆုံးကြသနည်း။ တစ်ယောက်မူ ဖျားနာမကျန်းမာဖြစ်ပြီး အခြားတစ်ယောက်မူ ခွန်အားဗလ နှင့် ကျန်းမာသနည်း။ တစ်ယောက်က ချောမောလှပပြီး အခြားတစ်ယောက်မူ ရုပ်ဆိုးအကျည်းတန် အားလုံး ၏ ရွံရှာခြင်း ခံရသနည်း။ တစ်ယောက်မူ စည်းစိမ်ရင်ခွင်မှာ ကြီးပြင်းရလျက် တစ်ယောက်မူ လုံးဝဆင်းရဲပြီး အမြဲဝမ်းနည်းဖွယ်နှင့် ကြုံရသည်။ တစ်ယောက်က သန်းကြွယ်သူဌေး တစ်ယောက်က လူမွဲဖြစ်ရသနည်း။ တစ်ယောက်မူ စိတ်ပိုင်းအရ အလွန်အဆင့်မြင်သူဖြစ်ပြီး တစ်ယောက်မူ ညံ့ဖျင်းသနည်း။ အချို့မှာ မွေး ကတည်းက ဘာသာဗေဒ ပညာရှင် အနုပညာရှင် သင်္ချာပါရဂူ သို့မဟုတ် ဂီတပညာရှင် ဖြစ်ရသနည်း။ အချို့မှာ မွေးရာပါ မျက်မမြင်များ၊ နားမကြားသူများ ဖြစ်ကြသနည်း။ အချို့မှာ မွေးကတည်းက ကောင်းချီး ပေးခံရပြီး အချို့မှာ အဘယ့်ကြောင့် ကျိန်စာမိကြရသနည်း။ တွေးခေါ်မြော်မြင်တတ်သူ အားလုံး၏စိတ်ကို ရှုတ်ထွေးစေသည့် ပြဿနာအချို့ ရှိကြသည်။ လောက၏ ယင်းမမျှတမှု အားလုံးနှင့် လူသားတို့၏ ဆိုခဲ့ပါ မညီမျှတမှု အထွေထွေကို မည်သို့စဉ်းစားမည်နည်း။ ယင်းတို့မှာ မျက်ကန်း အခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသလော။
ကမ္ဘာပေါ်တွင် မည်သည့်အရာမျှ မျက်ကန်းအခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသော အရာဟူ၍ မရှိချေ။ မည်သည့်အရာမဆို တိုက်ဆိုင်မှုကြောင့် ဖြစ်ရသည်ဆိုမူ သင်ဖတ်နေသော စာအုပ်သည် ဤနေရာသို့ သူ့အလိုလို ရောက်လာသည်ဟု ဆိုခြင်းထက် ပို၍မှန်မည်မဟုတ်ချေ။ အတိအကျဆိုရသော် တစ်ခုမဟုတ် တစ်ခုသော အကြောင်းတရားအတွက် မဖြစ်ထိုက်တန်ဘဲ မည်သည့်အရာမှ လူသားတို့မှာ ဖြစ်ပေါ်သည်မဟုတ်ချေ။ ယင်းသည် တာဝန်မယူသူ ဖန်ဆင်းရှင်တစ်ယောက်၏ အမိန့်ဖြစ်သလော။
ဟပ်စလေ (Huxley)က ဤသို့ ရေးသည်။ ``အကယ်၍ ဤအံ့ဖွယ် စကြာဝဠာကို တစ်စုံတစ်ယောက် (ဖန်ဆင်းသူ)က တမင်သက်သက် ဖြစ်ပေါ်စေခဲ့သည်ဟု ယူဆလျှင် ယင်းစကားလုံးများကို ကျွန်ုပ်နား လည်သမျှဖြင့် ထိုပုဂ္ဂိုလ်သည် ကောက်ကျစ်စဉ်းလဲပြီး မမျှတခြင်းထက်ပို၍ သဘောကောင်းခြင်း၊ မျှတခြင်း လုံးဝမရှိသည်မှာ လုံးဝ ထင်ရှား၏။``
အိုင်စတိုင်း (Einstein)၏ အလိုမှာ ဤသို့ဖြစ်သည်။ ``အကယ်၍ ထိုသတ္တ၀ါ (ဖန်ဆင်းရှင်ထာဝရ)သည် အနန္တတန်ခိုး ရှိသည်ဆိုမူ လူသားတို့ အပြုအမူ အတွေးအကြံ ခံစားမှုနှင့် ရည်မှန်းချက်အားလုံး အပါအ၀င် ဖြစ်ရပ်အားလုံးလည်း ထိုပုဂ္ဂိုလ်၏ လက်ချက်ပင်ဖြစ်ရမည်။ ယင်းသို့သော အနန္တတန်ခိုးရှင် ပုဂ္ဂိုလ်၏ ရှေ့မှောက်က လူသားတို့အား ၎င်းတို့၏ အပြုအမူ အကြံအစည်များအတွက် တာဝန်ရှိသည်ဟု ယူဆရန် မည်သို့ဖြစ်နိုင်မည်နည်း။ ပြစ်ဒဏ်များ ဆုလာဘ်များပေးရာက ယင်းထာဝရသည် တစ်စုံတစ်ခုသော အတိုင်း အတာအထိ မိမိကိုမိမိ စီရင်ဆုံးဖြတ်ချက်ကို ဖြတ်သန်းရေလမ့်မည်ဖြစ်။ ယင်းသည် ၎င်းဖန်တီးသည်ဟု ယူဆရသော ကောင်းခြင်း၊ ဖြောင့်မတ်ခြင်းများနှင့် မည်သို့ဆက်စပ် ပတ်သက်လိမ့်မည်နည်း။``
စပင်စာ လီဝစ်စ် (Spencer Lewis)က အောက်ပါအတိုင်းဆိုသည်။ ``ဘုရားသခင်ယုံကြည်သည့် ဘာသာ ရေး အခြေခံများအရ လူသားတစ်ယောက်သည် တမင်သက်သက် မိမိ၏ ဆန္ဒမရှိဘဲ ဖန်ဆင်းခံရပြီး ဖန်ဆင်းဆဲခဏက ထာဝရကောင်းချီးပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းကိုလည်း ခံရသည်။ သို့ဖြစ်၍ လူသည် ကိုယ်ခန္ဓတည်ဆောက်မှုဖြစ်စဉ် ပထမအဆင့်မှစ၍ နောက်ဆုံးသေသည့်ခဏတိုင်အောင် ၎င်း၏ပုဂ္ဂလိက ဆန္ဒများ၊ မျှော်လင့်ချက်များ ရည်ရွယ်ချက်များ၊ ရုန်းကန်လှုပ်ရှားမှုများ၊ သို့မဟုတ် ဆုတောင်းဝတ်ပြုမှုများကို မငဲ့ကွက်ဘဲ ကောင်းသူ၊ ဆိုးသွင်းသူ၊ ကံကောင်းသူ၊ ကံခေသူ၊ မြင့်မြတ်သူ၊ ယုတ်နိမ့်သူ ဖြစ်ရ၏။ ယင်းသို့ဖြစ်ခြင်းကား ဘာသာရေး (ယုံကြည်မှု)နှင့်ဆိုင်သော ဘုရားသခင်ယိုးမယ်စွဲဝါဒ ဖြစ်၏။``
ချားလ်စ် ဗရက်လောက် (Charles Bradlaugh) ကမူ ဤသို့ဆို၏။ ``မကောင်းမှုတည်ရှိခြင်းသည် ထာဝရ ဘုရား ယုံကြည်သူများအဖို့ ကြောက်စရာကောင်းသည့် ဆူးငြောင့်ခလုတ်ဖြစ်၏။ နာကျင်မှု၊ ၀မ်းနည်း ပက်လက် ဖြစ်ရမှု၊ လူသတ်မှု၊ ဆင်းရဲမွဲတေမှုတို့က ထာဝရကောင်းခြင်း သဘောကို ထိပ်တိုက်တွေ့စေပြီး အလုံးစုံကောင်း၊ အလုံးစုံ ပညာရှိ၊ အန္တတန်ခိုးရှင် ထာဝရဘုရားအဖြစ် ကြေငြာချက်အပေါ် အဖြေမပေးနိုင် သော စွမ်းရည်ကို စိန်ခေါ်၏။``
ရှိုပင်ဟောင်ဝါ (Schopenhauer)၏ စကားဖြင့် ဆိုရမူ ဤသို့ဖြစ်သည်။ ``မိမိကိုယ်ကို ဘာမှမဟုတ် သည့်အရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆသူ မည်သူမဆိုသည် ဘာမျှဖြစ်လာမည် မဟုတ်ဟူသည်ကိုလည်း စဉ်းစားသင့်၏။ အကြောင်းမူ ထာဝရဖြစ်သော အရာသည် ၎င်းမရှိမီကတည်းက လွန်သွားပြီးနောက် ယင်းမှတစ်ဆင့် ၎င်းအနေဖြင့် လုံးဝမရပ်မစဲ ဖြစ်ပေါ်မည်ဖြစ်သော ဒုတိယထာဝရ အရာတစ်ခု စတင်ခဲ့ပြန်လျက် ၎င်းအနေဖြင့် အလွန်စပ်ဆုပ်ဖွယ် တွေးခေါ်မှု တစ်ရပ်သို့ ကျရောက်သွား၏။ အကယ်၍ မွေးဖွားခြင်းသည် လုံးဝအစဖြစ်သည်ဆိုမူ ယင်းသို့ဖြစ်ပါက သေခြင်းသည် လုံးဝယင်း၏ အဆုံးဖြစ်ရမည်။ ဘာမျှမဟုတ်သည့် အရာဖြင့် လူကိုပြုလုပ်ခဲ့သည်ဟု ယူဆခြင်းသည် သေခြင်းတရားသည် ယင်း၏ လုံးဝအဆုံးဖြစ်သည်ဟု ယူဆခြင်းသို့ မဖြစ်မနေ ဦးတည်စေ၏။``
လူသားတို့၏ ဒုက္ခများနှင့် ထာဝရဘုရားကို မှတ်ချက်ပြုရာ၌ ပါမောက္ခ ဂျေ ဘီ အက်စ် ဟာလ်ဒန် (J.B.S. Haldane)က ဤသို့ရေးသည်။ ``လူသားတို့၏ စရိုက်လက္ခဏာ ကောင်းမွန်စေရန် ဒုက္ခကို အလိုရှိအပ်၏။ သို့မဟုတ် ထာဝရဘုရားသည် အနန္တစွမ်းအားရှိသူမဟုတ်။ ပထမအဆိုမှာ ဒုက္ခကို အနည်းငယ်မျှသာ ခံးစားကြပြီး ၎င်းတို့၏ မျိုးရိုးနှင့် ပညာရေးကံကောင်းကြသူ အချို့မှာ အလွန်ကောင်းမွန်သော သွင်ပြင်များ ရှိကြသည့် အချက်က မဟုတ်မှန်ကြောင်း ဖော်ပြပြီးဖြစ်၏။ ဒုတိယအဆိုအား ငြင်းဆိုရခြင်းမှာ အနန္တ စကြာဝဠာနှင့် အလုံးစုံ ပယ်သတ်သမျှတွင် တန်ခိုးရှင်တစ်ယောက်၏ မှန်ကန်ကြောင်း အဆိုပြုချက်ဖြင့် ဖြည့်သွင်းရန် တစ်ုခုခုသော အသိပညာ စဉ်းစားဆင်ခြင်မှု ကွက်လပ်ရှိခြင်းဖြစ်၏။ ထို့ပြင် ဖန်ဆင်းရှင် တစ်ယောက်သည် ထင်မြင်ချက်ဖြင့် သူ သို့မဟုတ် ၎င်းအလိုရှိတိုင်း ဖန်ဆင်းနိုင်၏။``
ပညာရှိ ရပ်ဆယ်လ် (Lord Russell)က ဤသို့ ဖော်ပြသည်။ ``ကမ္ဘာလောကကို ကောင်းမြတ်ပြီး အလုံးစုံသိ တန်ခိုးရှင် ထာဝရဘုရားက ဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့ကို ပြောကြ၏။ ကမ္ဘာလောကကို မဖန်ဆင်းမီက သူသည် ယင်းကမ္ဘာလောက၌ ပါဝင်မည့် နာကျင်မှုနှင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြိုတင်သိမြင်ခဲ့၏။ သို့ဖြစ်၍ ထိုထာဝရသည် ထိုအရာအားလုံးတို့အတွက် တာဝန်ရှိသူဖြစ်၏။ ကမ္ဘာပေါ်ရှိ နာကျင်ခံခက်မှုသည် (လူသားတို့ ကျူးလွန်သည့်) အပြစ်ကြောင့် ဖြစ်ရသည်ဟူသည်ကို ငြင်းခုံနေခြင်းမှာ အသုံးမကျချေ။ အကယ်၍ ထာဝရဘုရားသည် လူသားတို့ ကျူးလွန်မည်ဖြစ်သော အပြစ်များကို ကြိုသိခဲ့မူ လူသားတို့ကို ဖန်ဆင်းရန် ဆုံးဖြတ်သောအခါ ထိုပြစ်မှုအားလုံးကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ၎င်းကတာဝန်ရှိသည်မှာ ထင်ရှား၏။``
ပညာရှိ တင်နိုင်ဆန် (Lord Tennyson)က ၎င်းအသက်ကြီးပြီးမှ ရေးသော `မျှောင်လင့်ချက်ကုန်ဆုံးခြင်း (Despair) ` ကဗျာတွင် ဟေရှာယအနာဂတ္တိကျမ်း (၄၅း၇)၌ မှတ်တမ်းတင်ထားသည့်အတိုင်း ``ငါသည့် ငြိမ်သက်ခြင်း (ငြိမ်းချမ်းမှု)ကို ဖြစ်စေပြီး အမင်္ဂလာ (မကောင်းမှု)ကိုလည်း ဖန်ဆင်း၏``ဟုဆိုသော ထာဝရဘုရားသခင်အား ဤသို့ရဲရင့်စွာ တိုက်ခိုက်ထားသည်။ ``မည်သို့နည်း၊ ငါတို့အား ယင်းသို့ အလွန် ကောင်းမွန်စွာ ကယ်တင်ခဲ့ပြီးဖြစ်သော အနန္တမေတ္တာရှင်ထံ ဆုတောင်းသင့်ပါသလော၊ အမှန်ဆိုရလျှင် ထာဝရငရဲကို ဖန်ဆင်းခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ငါတို့ကို ဖန်ဆင်းခဲ့သော ငါတို့ကို ကြို၍သိခဲ့သော ကြို၍ဒဏ်ခတ်ခဲ့သော ထို့ထက် ၎င်းဆန္ဒရှိသည်ကို ၎င်းဘာသာ ပြုလုပ်ခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ကျွန်ုပ်တို့၏ ညည်းညူသံကို လုံးဝ ကြားသိတော် မမူသော သေဆုံးသူ ကြမ်းကြုတ် မိခင်အား ပို၍ကောင်းအောင် ပြုပေးပါ။``
``လူအားလုံးမှာ အပြစ်ကျူးလွန်သူများ ဖြစ်ကြပြီး အာဒမ်၏ မရှိမဖြစ် လိုအပ်သော ပြစ်မှုရှိသည်ဟူသော ဟောကြားချက်သည် မျှတမှု ကရုဏာ မေတ္တာနှင့် အကြွင်းမဲ့ ညီမျှမှု ဆိုသည်တို့အတွက် စိန်ခေါ်ချက် တစ်ရပ်ဖြစ်သည်``မှာ သေချာသည်။ အချို့သော ရှေးဟောင်းစာရေးသူများက ထာဝရဘုရားသည် ၎င်းကိုယ်ပိုင် ရုပ်သွင်ဖြင့် လူကိုဖန်ဆင်းခဲ့ကြောင်း ယုံကြည်ချက် ပြင်းပြစွာဆိုသည်။ အချို့ခေတ်သစ် တွေးခေါ်ရှင်များကမူ ယင်းနှင့် ဆန့်ကျင်လျက် လူက ထာဝရဘုရားကို ၎င်း၏စိတ်ကူးဖြင့် ဖန်ဆင်းခဲ့ကြောင်း ဆိုကြသည်။ လူ့ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ ထာဝရဘုရား အယူအဆသည်လည်း ပို၍ပို၍ ရှင်းလင်းလာသည်။ သို့ဖြစ်ရကား ယင်းသိုပ သတ္တ၀ါတစ်ယောက်အား ဤစကြာဝဠာအတွင်းမှာ ဖြစ်စေ၊ အပြင်မှာဖြစစေ တည်ရှိကြောင်း ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။

ဤပုဂ္ဂိုလ်သတ္တ၀ါမျိုးစုံသည် မျိုးရိုးစဉ်ဆက်နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သလော။ သိပ္ပံပညာရှင်တို့ ဖော်ထုတ်ခဲ့သည့် ဤဓာတု ရုပ်ပိုင်းဖြစ်စဉ်အားလုံးမှာ တစ်စိတ်တစ်ဒေသအားဖြင့် နည်းလမ်းအဖြစ် အသုံးပြုနိုင်သော အရာများဖြစ်သော်လည်း ယင်းတို့သည် ပုဂ္ဂိုလ်အသီးသီး၌ တည်ရှိသော သိမ်မွေ့သည့် ခြားနားချက်များနှင့် ကျယ်ပြန့်သည့် မတူညီမှုများအတွက် လုံးဝဥဿုံ တာဝန်ယူ(ဖြေရှင်း) နိုင်မည် မဟုတ်ချေ။ ကိုယ်ခန္ဓာအားဖြင့် တူညီပြီး တူညီသည့် မျိုးဗီဇကို ရရှိကြလျက် တူညီသည့် ပြုစုစောင့်ရှောက်မှု အခွင့်အရေး ရရှိကြသော ထပ်တူညီအမြွာများသည် အဘယ့်ကြောင့် ဗီဇစိတ်ရင်း ကိုယ်ကျင့်တရားနှင့် အသိဉာဏ်အားဖြင့် လုံးဝကွဲပြား ခြားနားရသနည်း။
မျိုးဗီဇတစ်ခုတည်းဖြင့် ယင်းကွဲပြားခြားနားမှုမျိုးစုံကို မရှင်းပြနိုင်ချေ။ အတိအကျဆိုမူ မျိုးဗီဇအကြောင်း တရားသည် ယင်း(အမြွပူး)တို့၏ ခြားနားမှု အများစုကိုထက် ဆင်တူညီမှုများကိုသာ ပိုမိုယုတ္တိရှိစွာ ဆိုသည်။ မိဘများထံမှ ဆက်ခံရရှိသည့် အလွန့်အလွန် သေးငယ်လှသည့် တစ်လက်မ၏ သန်းပေါင်းသုံးဆယ်ပုံ တစ်ပုံမျှလောက်ရှိသော ဓာတုရုပ်ဝတ္ထု မျိုးစေ့သည် လူသား၏ ရုပ်ပိုင်းတည်ဆောက်မှုအတွက် အစိပ်အပိုင်း တစ်ခုကိုသာ ရှင်းပြနိုင်သည်။ ပိုမိုရှုတ်ထွေးပြီး သိမ်မွေ့နက်နဲသည့် စိတ်ပိုင်း၊ အသိဉာဏ်၊ ကိုယ်ကျင့်တရား ခြားနားမှုတို့နှင့် ပတ်သက်၍မူ ကျွန်ုပ်တို့အနေဖြင့် အသိပညာ ပွင့်လင်းရန် များစွာလိုသေးသည်။ မျိုးဗီဇ သီအိုရီသည် ရှည်လျားသည့် မိကောင်းဖခင် မျိုးရိုးစဉ်ဆက်အတွင်း ရာဇ၀တ်သား မွေးဖွားလာခြင်း၊ မကောင်း သတင်း ကျော်စောသည့် မိသားစုက သူတော်စင် သို့မဟုတ် မြင့်မြတ်သူ မွေးဖွားလာခြင်း၊ အရွယ်နှင့် မလိုက်အောင် ထူးချွန်သည့် ကလေးများ၊ ထူးချွန်ထက်မြက်သူများနှင့် ဘာသာရေးဆိုင်ရာ ဆရာအရှင်များ မွေးဖွားလာခြင်းတို့အပေါ် နှစ်သက်ကျေနပ်လောက်အောင် အဖြေပေးနိုင်စွမ်း မရှိချေ။
ဗုဒ္ဓ၀ါဒအလိုအရ ယင်းသို့ဖြစ်ခြင်းသည် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ သဘာဝနှင့် ဖန်တီးဓမ္မတို့ကြောင့်သာမက ကျွန်ုပ်တို့၏ ပြုမူဆောင်ရွက်မှု နောက်တစ်မျိုးဆိုရမူ ကျွန်ုပ်တို့ ဆက်ခံရရှိသည့် အတိတ်က ဆောင်ရွက်ချက် များနှင့် ယခုပြုလုပ်ချက်များ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ဆောင်မှုများနှင့် ပျော်ရွင်မှု စိတ်ဆင်းရဲမှုတို့အတွက် ကျွန်ုပ်တို့ကိုယ်တိုင်တွင် တာဝန်ရှိသည်။ ကျွန်ုပ်တို့၏ ငရဲကို ကျွန်ုပ်တို့ ကိုယ်တိုင် တည်ဆောက်သည်။ ကျွန်ုပ်တို့၏ နတ်ပြည်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်ဆင်းသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကံကြမ္မာ၏ ဗိသုကာများ ဖြစ်ကြသည်။ အချုပ်အားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ ကံ(အပြုအမူ)များ ဖြစ်သည်။
အခါတစ်ပါး၌ သုဘအမည်ရှိ လုလင်ငယ်တစ်ယောက်သည် ဗုဒ္ဓထံချဉ်းကပ်ပြီး အဘယ်မည်သော အကြောင်းတရားကြောင့် လူသတ္တ၀ါများအတွက် အနိမ့်အမြင့် သဘောရှိသနည်းဟု မေးမြန်းခဲ့သည်။ ၎င်းက ဆက်လက်၍ ``အကြောင်းမှာ လူသားတို့အကြား အသက်ရှည်သူ၊ အသက်တိုသူ၊ အဆင့်အတန်းနိမ့်သူ၊ အဆင့်အတန်းမြင့်သူ၊ အသိဉာဏ် ကင်းမဲ့သူ အသိဉာဏ် ကြွယ်ဝသူများကို တွေ့ရသောကြောင့် ဖြစ်ပါ သည်``ဟု လျှောက်ထားသည်။ ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း အတိုချုပ်ဖြေကြားသည်။ ``သက်ရှိသတ္တ၀ါအားလုံးသည် ၎င်းပြုလုပ်သောကံကို ပိုင်ဆိုင်ကြ၏၊ ကံအမွေကို ခံကြရ၏၊ ကံသာလျှင် အကြောင်းတရားရှိ၏၊ ကံသာလျှင် ဆွေမျိုးဖြစ်၏၊ ကံသာလျှင် ကိုးကွယ်အားထားရာဖြစ်၏၊ ကံတရားသည် အနိမ့်အမြင့်အားဖြင့် သတ္တ၀ါအားလုံးကို ခွဲခြားပေး၏။`` ယင်းနောက် ဗုဒ္ဓရှင်တော်မြတ်က ကိုယ်ကျင့်တရား၊ ကြောင်းကျိုးနိယာမအရ ယင်းသို့သော ကွဲပြားခြားနားချက်များ၏ အကြောင်းတရားကို ရှင်းလင်းဟောကြား တော်မူသည်။
သို့ဖြစ်၍ ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ကျွန်ုပ်တို့၏ မျက်မှောက် စိတ်အခြေအနေ၊ အသိပညာ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာ ခြားနားမှုများသည် အတိတ် ပစ္စုပ္ပန် နှစ်ရပ်လုံးနှင့်ဆိုင်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ ပြုမူဆောင်ရွက်ချက်နှင့် စိတ်စေတနာများကြောင့် အဓိကဖြစ်ရသည်။ ကမ္မ(ကံ)ဟူသည် စာပေးနည်းအရ ပြုလုပ်မှုဟု အဓိပ္ပါယ်ရသည်။ သို့ရာတွင် ၎င်း၏တရားကိုယ်အရမှာ ကုသိုလ်၊ အကုသိုလ်စေတနာ ဖြစ်သည်။ ကမ္မ(ကံ)သည် ကောင်းဆိုးနှစ်မျိုးကို တည်ဆောက်သည်။ ကောင်းသောကံသည် ကောင်းသောအရာ ဖြစ်စေသည်။ မကောင်းသောကံသည် မကောင်းသောအရာကို ဖြစ်စေသည်။ ကျေနပ်နှစ်သက်မှုသည် ကျေနပ်နှစ်သက်မှုကို ဆွဲငင်သည်။ ဤသည်မှာ ကမ္မနိယာမဖြစ်သည်။ အချို့သော အနောက်တိုင်း စာရေးဆရာအချို့ ဆိုလိုချင်သကဲ့သို့ပင် ကမ္မဟူသည် ``ပြုလုပ်မှုသြဇာ လွှမ်းမိုးခြင်း``ဖြစ်သည်။
ကျွန်ုပ်တို့ စိုက်ပျိုးပြီးသည်ကို ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ ကျွန်ုပ်တို့ ကြဲချခဲ့သည်ကို တစ်ချိန်ချိန် တစ်နေရာရာတွင် ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ နောက်တစ်မျိုးဆိုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ် (ဖြစ်ခဲ့သည်)၏ အကျိုးဆက်ပြီးပြီး ကျွန်ုပ်တို့ ပစ္စုပ္ပန်(ဖြစ်ဆဲ)၏ အကျိုးဆက်ဖြစ်လိမ့်မည်။ အခြားတစ်မျိုး ဆိုရမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ်၏ အကျိုးဆက်လည်း လုံးလုံးလျားလျား မဟုတ်ဘဲ ကျွန်ုပ်တို့ ပစ္စုပ္ပန်၏ အကျိုးဆက်လည်း အကြွင်းမဲ့ ဖြစ်လိမ့်မည်မဟုတ်ချေ။ ဥပမာအားဖြင့် ယနေ့ ရာဇ၀တ်သမား တစ်ယောက်သည် မနက်ဖြန်တွင် သူတော်ကောင်း တစ်ယောက် ဖြစ်လာနိုင်သည်။ ယင်းသို့ ကွဲပြားခြားနား မှုကို ဗုဒ္ဓ၀ါဒက ကံကြောင့်ဟု ယူဆသော်လည်း အရာခပ်သိမ်းကို ကံကြောင့်ဟု ယူဆရန် မကြိုးစားချေ။
အကယ်၍ အရာခပ်သိမ်း ကံကြောင့်ဖြစ်သည်ဟု ယူဆခဲ့သော် ဆိုးသွမ်းရခြင်းမှာ ၎င်း၏ ကံကြောင့်ဖြစ်သဖြင့် ထိုလူဆိုးသည် ထာဝစဉ် လူဆိုးသာ ဖြစ်ရချိန်မည်။ ရောဂါကို ကုသဖို့ ဆရာဝန်နှင့် တိုင်ပင်ရန်ပင် မလိုတော့ချေ။ အကြောင်းမူ မိမိ၏ကံသည် ယင်းသို့သဘောရှိခဲ့သော် (ယင်းကံကပင်) ရောဂါကို ကုသမည် ဖြစ်သောကြောင့်တည်း။ ဗုဒ္ဓ၀ါဒအလိုအရ ရုပ်ပိုင်းနှင့် စိတ်ပိုင်းနယ်ပယ်တွင် တည်ရှိသော ဖြစ်စဉ်နိယာမ တရား ငါးမျိုးရှိသည်။
၁။ ကမ္မနိယာမ - ပြုလုပ်မှုနှင့် ယင်း၏အကျိုးတရား ဖြစ်စဉ် (ဥပမာ- နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အပြုအမူများသည် ကောင်းကျိုးနှင့် မကောင်းကျိုးကို ကိုယ်စားပြု၍ ဖြစ်ပေါ်စေသည်။)
၂။ ဥတုနိယာမ - ဥတုရာသီတို့၏ ဖြစ်စဉ် (ဥပမာ- လေတိုက်ခြင်း၊ မိုးရွာခြင်းတို့၏ ဥတုရာသီအလိုက် ဖြစ်ပေါ်ခြင်း သဘာဝ)
၃။ ဗီဇနိယာမ - မျိုးစေ့တို့၏ ဖြစ်စဉ် (သက်မဲ့ရုပ်ဖြစ်စဉ်)။ (ဥပမာ- ဆန်စေ့မှ ဆန်ကိုပေါက်ရောက်စေသည်။ ကြံပင်သည် ချိုသောအရသာကို ပေးသည်။ သိပ္ပံနည်းကျ ကလာပ်စည်း မျိုးဗီဇသီအိုရီနှင့် အမြွပူးနှစ်ယောက်၏ ရုပ်ပိုင်းတူညီမှုသည် ဤနိယာမအရ ဖြစ်နိုင်သည်။)
၎။ စိတ္တနိယာမ - စိတ်ဖြစ်စဉ် နိယာမ။ (ဥပမာ- စိတ်တို့၏ဖြစ်စဉ်၊ စိတ်စွမ်းအင်စသည်။)
၅။ ဓမ္မနိယာမ - ဓမ္မသဘာဝဖြစ်စဉ်၊ (ဥပမာ - နောက်ဆုံးဘ၀က ဗောဓိသတ္တတစ်ဆူ ပွင့်ပေါ်လာခြင်း ကဲ့သို့သော သဘာဝတရား၊ ကမ္ဘာ့ဆွဲငင်အားစသည်။) စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းသဘောတရားတိုင်းကို ၎င်းတို့ကိုယ်တိုင် နိယာမတစ်ခုဖြစ်သည့် အကုန်ခြုံငုံမိသော ဖော်ပြပါ ဖြစ်စဉ်ငါးမျိုးဖြင့် ရှင်းပြနိုင်သည်။

သို့ဖြစ်၍ ကံဟူသည် စကြာဝဠာအတွင်း တည်ရှိနေသည့် ဖော်ပြပါ သဘာဝနိယာမ ငါးမျိုးအနက် တစ်ခုသာဖြစ်သည်။ ကံဟူသည် သဘာဝဖြစ်စဉ် တစ်ခုမျှသာဖြစ်သည် ဆိုလိုက်သဖြင့် ယင်းသဘာဝ ဖြစ်စဉ်ကို ချမှတ်ပေးသူ ရှိရမည်ဟု မဆိုလိုချေ။ ကမ္ဘာဆွဲငင်အားကဲ့သို့သော သာမန် သဘာဝနိယာမ များသည် ယင်းသဘာဝနိယာမကို ချမှတ်မည့်သူ မလိုချေ။ ယင်းနိယာမသည် လွတ်လပ်သည့် ပြင်ပ အုပ်ချုပ်သူ အဖွဲ့၏ ၀င်ရောက်စွက်ဖက်မှု မရှိဘဲ မိမိ၏နယ်ပယ်အတွင်း ဆောင်ရွက် သည်။
ဥပမာဆိုသော် မီးသည်ပူရမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ စီမံသည်မဟုတ်ချေ။ ရေသည် မျက်နှာ ပြင်ပေါ်၌ ညီနေရမည်ဟု မည်သူတစ်ဦးတစ်ယောက်မှ အမိန့်ပေးသည် မဟုတ်ချေ။ ရေ၌ ဟိုက်ဒရိုဂျင်နှစ်ဆ အောက်ဆီဂျင်တစ်ဆ ပါရမည်ဖြစ်ပြီး အေးမြခြင်းသည် ၎င်းပိုင်ဆိုင်သော သတ္တိဖြစ်ရမည်ဟု မည်သည့် သိပ္ပံပညာရှင်ကမှ အမိန့်ပေးသည် မဟုတ်ချေ။ ယင်းတို့မှာ သူ့အလိုလို ဖြစ်နေသော သဘာဝလက္ခဏာများ ဖြစ်ကြသည်။ ကံဟူသည် ကျွန်ုပ်တို့ မျှော်လင့်ချက်မဲ့စွာ လက်မြှောက်အရှုံးပေးရမည့် စိတ်ကူးယဉ် မသိမမြင်နိုင်သော စွမ်းအင်တစ်ခု၏ ခြယ်လှယ်ခြင်းခံရသော ယုံကြည်မှု သို့မဟုတ် ယင်းသို့ခြယ်လှယ် ခံရမှုကို မျက်စိမှိတ် လက်ခံမှုလည်း မဟုတ်ချေ။ ယင်းသည် တစ်စုံတစ်ယောက်၏ ကိုယ်တိုင် အပြုအမူ အတွက် တန်ပြန်ဖြစ်ပေါ်မှု ဖြစ်သဖြင့် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကံအကြောင်းတရားကို ရှောင်လွဲရန် ဖြစ်နိုင်သည်။ မည်သည့်အတိုင်းအတာအထိ ရှောင်လွဲနိုင်သနည်း ဟူသည်မှာ ထိုပုဂ္ဂိုလ်အပေါ်၌သာ တည်မှီသည်။
ကံအကြောင်းနှင့် ပတ်သက်သော ဆွေးနွေးမှုများအတွင်း ကောင်းချီးပေးခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်း များဟူသော စကားစုများကို ထည့်သွင်းခွင့် မပြုသင့်ကြောင်း ဆိုရမည်ဖြစ်သည်။ ဗုဒ္ဓ၀ါဒအဖို့မူ ဖန်ဆင်းခံ ပုဂ္ဂိုလ်များအား စိုးမိုးပြီး ယင်းစိုးမိုးမှုကြောင့် ဆုလာဘ်နှင့် ဒဏ်ပေးတတ်သော အနန္တတန်ခိုးရှင် တည်ရှိမှုကို အသိအမှတ် မပြုချေ။ ယင်းနှင့်ဆန့်ကျင်လျက် ဗုဒ္ဓ၀ါဒီတို့သည် မိမိတို့ တွေ့ကြုံခံစားရသည့် စိတ်ဆင်းရဲမှုနှင့် ပျော်ရွှင်မှုတို့သည် မိမိတို့ ပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုတို့၏ သဘာဝရလာဒ် ဖြစ်ကြောင်း ယုံကြည်ကြသည်။ ကမ္မသဘာဝတွင် ဆက်လက်ဖြစ်ပေါ်သော တန်ပြန်ခံရသော အခြေခံရှိကြောင်း ဖော်ပြရ မည်ဖြစ်သည်။
ကံတရား၌ ရှိနေသော သဘာဝကား သင့်တော်သော အကျိုးဆက်ကို ဖြစ်ပေါ်စေမည့် ဖြစ်နိုင်ခြေဖြစ်သည်။ အကြောင်းတရားသည် ယင်း၏ အကျိုးတရားကို ဖြစ်ပေါ်စေသည်။ အကျိုးတရား၌ ယင်း၏ အကြောင်းတရား ကို ရှင်းပြသည်။ မျိုးစေ့က အသီးကိုဖြစ်ပေါ်စေသည်။ ယင်းအသီးက အစေ့နှင့်အသီးတို့ကြား အပြန်အလှန် ဆက်စပ်မှုကို ရှင်းပြသည်။ ထို့အတူပင် ကံနှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုတို့ ဆက်စပ်ပတ်သက်မှု ရှိသည်။ အကျိုးတရားသည် အကြောင်းတရား၌ ပွင့်လင်းနေပြီးဖြစ်သည်။ ကမ္မ၀ါဒကို ပြည့်စုံစွာ ယုံကြည်သူ ဗုဒ္ဓ၀ါဒီတစ်ယောက်အဖို့ ကယ်တင်ခံရရန် အခြားပုဂ္ဂိုလ်တစ်ယောက်ထံ ဆုတောင်းခြင်း မပြုဘဲ ယင်းကမ္မ၀ါဒသည် မိမိကိုယ်ကို အားကိုးရန် သင်ကြားသည့်အတွက် မိမိ၏စင်ကြယ်မှုအတွက် မိမိအပေါ် မှာသာ တည်မှီကြောင်း နှစ်နှစ်ကာကာ ယုံကြည်သည်။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အား ဖြေသိမ့်မှု၊ မျှော်လင့်ချက်၊ မိမိကိုယ်ကို မှီခိုအားထားမှုနှင့် ကိုယ်ကျင့်သီလ ဖြည့်စွမ်းမှု သတ္တိတို့ကို ပေးသည်မှာ ကံကိုယုံကြည်သည့် တရားအဆုံးအမပင် ဖြစ်သည်။ မိမိ၏လုံ့လကို ပြည့်စုံစေ၍ ၎င်း၏စိတ်ဓာတ်ပြင်းပြမှုကို ထွန်းညှိပေးပြီး ၎င်းအား ထာဝစဉ် ကြင်နာစေ၊ သည်းခံစေ၊ ညှာတာ ထောက်ထားစေသည်မှာ ကံယုံကြည်ချက်ကြောင့် ဖြစ်သည်။ မကောင်းမှုမှ ရှောင်ရှားရန် ကောင်းမှုကို ပြုလုပ်ရန်နှင့် မည်သည့် ပြစ်ဒဏ်ခက်မှုကိုမှ ကြောက်ရွံ့ဖွယ် မည်သည့် ကောင်းချီးပေးခံရမှုကိုမှ မျှော်လင့် ဖွယ်မလိုဘဲ လူကောင်းတစ်ယောက်ဖြစ်ရန် မိမိအား တိုက်တွန်းပေးသည်မှာလည်း မြဲမြံသော ဤကံယုံကြည် မှုကြောင့်ဖြစ်သည်။ ဒုက္ခပြဿနာ သို့မဟုတ် အခြားဘာသာတရားများ၏ စီမံချမှတ်ပြီးသား ကြမ္မာဟုဆိုသော အရာ၏ လျှို့ဝှက်ချက်နှင့် အထူးသဖြင့် လူသားတို့၏ မညီမျှမှုတို့ကို ဖြေရှင်းနိုင်သည်မှာ ကမ္မ၀ါဒပင်ဖြစ်သည်။ ကမ္မနှင့် ဘ၀သံသရာကို နဂိုမှန်အဆိုအဖြစ် လက်ခံသည်။

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…

ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရ ပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှား အပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီး ဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)
ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာ မေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ် ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါ တယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆ တွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီး ဖြစ်ပါ တယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက(တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။
အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူး တရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။

Sunday, September 20, 2009

ဝါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း…

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရား တောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက် ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ၀ါတွင်းကာလ အိမ်ထောင် မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ ရပြန်ပါတယ်။
တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်း တော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလ မှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူက ဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်း ကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက် တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ် ကျော်နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များ အတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။ လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့ တွေမှာ ဥပုသ်သီလစောင့် စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါ ဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။
ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေ ထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတ လည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန် မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာ ကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက် စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ် ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါ ဘူး။ အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာ လည်း အိမ်ထောင်ပြုကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓ စာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။ ဘုရားရှင် ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့ မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံး ရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာလည်း အများကြီးပါ။ အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သားတို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။ ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာလတွေ ထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။
ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာ ကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။ ရဟန်းတော် များဝါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ် အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ်ကြခြင်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ် စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေး အရလည်း အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင် ပြုခြင်းကို မပြုလုပ်ကြဘဲ ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင် ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆို ဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုး သက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။
တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင် ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ၀ါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့် လည်း ဒီလို ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်းလှ တဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ် ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလိုမျိုး ပြောဆို သတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။
ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများ လုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်း ပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။ မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။ အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ် ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး နောက်ပိုင်း အိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက်ရပါတယ်။

အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ…

တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်း တစ်ခုက ``တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊ တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့် လဲ..`` ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။ ဟိုတစ်လောကလည်း ကလေးမလေးတွေက ''ဘယ်နေရာ ရောက် ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊ မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊ မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…''တဲ့။
မှန်ပါတယ်။ ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿနာပါ။ အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊ နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။ တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာ တရားမှာ ဟောကြားထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြား ခံရတာလို့ တွေးကြပါတယ်။ အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။ လူလူချင်း အတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာ ကြပါတယ်။
တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။ ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေ အထားတွေ ဖြစ်နေတာပါ။ ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို လွတ်လပ်မှု မရှိတာ၊ အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။ သေချာတာကတော့ အမျိုးသမီး တွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။ ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။ ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။

ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊ ခွဲခြားဆက်ဆံတဲ့ သဘော၊ ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။ အမျိုးသမီးများကိုလည်း လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။ တရားဟောတဲ့အခါမှာလည်း အမျိုးသား များဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။ အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။ အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။ အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ် ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။
ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။ ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူ အခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။ သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။ ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့ အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။
သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။ ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။ အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။ ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူ တဲ့အခါ သုံးတဲ့စကားက ``မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား`` ဆိုတဲ့စကားပါ။ ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင် နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊ မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။ ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊ အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။
အချုပ်အားဖြင့် ပြောချင်တာက ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်း အနည်းငယ်ကွဲပြားနေတာ၊ ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ် ပေမယ့် စစ်မှန်တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရ သေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။ အမျိုးသား ဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခ အပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက် အမျိုးသမီးများ ကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့် ယုတ်နိမ့်တဲ့သူများ၊ အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူး ဆိုတာပါ။ ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ ဒီလို သူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။ ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။
ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့် အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာကျင့်သုံးနေ မယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက် ဟိုတွေးဒီတွေး မတွေးကြဘဲ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊ အမျိုးသားများ ထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားမယ်ဆိုရင် တကယ်လည်း မြင့်မားလာမယ်ဆိုရင်တော့.....…

Saturday, September 19, 2009

အနှစ်ကိုးပါး (အပိုင်း-၁၄)

ဗောဓိဥာဏ်ရအောင် တရားထိုင်တာပါတဲ့
အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်ပြီးတော့ ဘုန်းကြီးက မေးကြည့်တယ်။ တိဘက် အမျိုးသမီးတော့ မဟုတ်ပါဘူး။ သြစတြေးရီးယား အမျိုးသမီးတစ်ယောက် ဗောဓိပင်နား ထိုင်နေတာ။ သူ့ကို မေးကြည့်တယ်။
''မင်း အဲဒါ ဘာလုပ်နေတာလဲ''လို့ မေးတော့ ''ဒါလေးတွေနဲ့ ပွတ်တာ တခြားမဟုတ်ပါဘူး။ တရားထိုင်လို့ ရှိရင် တပည့်တော်တို့က ဗောဓိဓာတ်ရအောင် တရားထိုင်ကြတာ၊ ဗောဓိÓဏ်ရအောင် တရားထိုင်တာဆိုတော့ ဟောဒီ ကြေးပြားလေးရဲ့ မျက်နှာပြင်မှာ တရားထိုင်ရင်း ထိုင်ရင်းနဲ့ ဗောဓိဥာဏ်ကို ရမယ်ဆိုတဲ့ ပုဂ္ဂိုလ် တစ်စုံ တစ်ယောက်အတွက် တစုံတခုသော အမှတ်အသားဟာ ဒီမှာ လာပြီးတော့ ထင်တယ်''တဲ့ သူက။
ဗောဓိညောင်ရွက် သဏ္ဌာန်ကလေး ထင်ချင်ထင်မယ်။ ပဒုမ္မာကြာဖူးလေး သဏ္ဌာန်လာပြီးတော့ ထင်ချင် ထင်မယ်။ ကြာပွင့်သဏ္ဌာန်လာပြီးတော့ ထင်ချင် ထင်မယ်။ အဲဒီလို တစုံတခုထင်လို့ရှိရင် သူတို့မှာ ထူးခြားတဲ့ တရားရပြီလို့ ဆရာများက ဒီလို ပြောထားပါတယ်တဲ့။
အဲဒါကြောင့်မို့လို့ တရားထိုင်ပြီး ဇွဲကောင်းကောင်းနဲ့ မကြာမကြာ ကြေးခွက်ထဲကနေ ကျောက်ခဲကလေးတွေ၊ ရွေးစေ့ကလေးတွေ၊ ဂျုံစေ့ကလေးတွေ ထုတ်ထုတ်ပြီးတော့ ဒီကြေးပြားလေးကို ပွတ်ပွတ်ပေးရတာဟာ ခုနက အမှတ် လက္ခဏာပေါ်မလားလို့ ပွတ်ပြီးတော့ကြည့်တာတဲ့။ သူတို့က ဒီလိုပြောတယ်။
ဒီတော့ ဘုန်းကြီးက စဉ်းစားတယ်။ ဒီနည်းလဲ တော်တော်တော့ကောင်းသားပဲလို့။ ဘာဖြစ်လို့ ကောင်းသလဲ။ တရားထိုင်တဲ့နေရာမှာ ဇွဲကောင်းတယ်။ ဆရာက လှည့်စား ပေးထားတာလား၊ တကယ့်အယူအဆလားတော့ မပြောတတ်ဘူး။ တကယ့်အယူအဆ ဖြစ်ကောင်းပါရဲ့။ ဆရာ လှည့်တာတော့ ဟုတ်မယ်မထင်ပါဘူး။
ဒီကြေးပြားလေးရဲ့ မျက်နှာပြင်ထက်မှာ ခုနက ကျောက်ခဲလေးနဲ့ ပွတ်တိုက်လို့ ဗောဓိညောင်ရွက်ကလေး ပေါ်လာတယ်ဆိုရင် ဧကန်ပဲ ဒီပုဂ္ဂိုလ်ဟာ ဗောဓိဥာဏ် မကြာခင် ရမယ်။ ကြာဖူးလေးဆိုရင်တော့ ဗောဓိဥာဏ်ရဖို့ ဝေးသေးတယ်။ ကြာပွင့်ဆိုယင်တော့ ''မင်းဟာ ဗောဓိဥာဏ် ရပြီ''တဲ့၊ ပွင့်လာပြီကိုး။
အဲဒီလို အထိမ်းအမှတ်တွေနဲ့ သူတို့က ထိုင်ကြတာ ဆိုပါလား။ ဒီတော့သမာဓိစခန်း ကြိုးပမ်းတယ်ဆိုပေမဲ့ ''ပြည့်စုံသော သမာဓိ'' မဟုတ်ဘူး။ သီလစခန်း ကြိုးပမ်းတယ်ဆိုပေမယ့် ''ပြည့်စုံတဲ့ သီလ'' မရှိဘူး။ ပညာစခန်း ကြိုးပမ်းတယ်ဆိုပေမဲ့ တကယ့် ပညာဥာဏ် မဟုတ်ကြဘူး။

ရတနာဃရ ရွှေအိမ်သို့ ရောက်ခဲ့ပါသည်
ပြောလက်စနဲ့ ပြောပါဦးမယ်။ အဲဒီဗောဓိပင်ကြီး ရဲ့ အနောက်မြောက်ယွန်းယွန်းမှာ ''ရတနာဃရ ရွှေအိမ်'' ဆိုတာ ရှိတယ်။ ဘုရားကိုယ်တော်မြတ် ဘုရား ဖြစ်တော်မူပြီးတော့ လေးကြိမ်မြောက် သတ္တာဟအဖြစ် ရတနာ ဃရ ရွှေအိမ်မှာ စံတော်မူပါတယ်။ လေးကြိမ်မြောက် သတ္တာဟ ရတနာဃရ ရွှေအိမ် မှာ စံနေတော်မူပြီးတော့ ဘာဆင်ခြင် သုံးသပ်ပါသလဲ ဆိုရင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း၊ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင် သုံးသပ်တော်မူခဲ့တယ်။
ရှေ့ပိုင်း အဘိဓမ္မာ ၆-ကျမ်း ဆင်ခြင်တော်မူစဉ် ဘုရားရှင် ကိုယ်တော်မြတ်မှာ ရောင်ခြည်တော်ဓာတ်တွေ ပေါ်မလာဘူး။ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလ ပညတ်၊ ကထာဝတ္ထု၊ ယမိုက်ရယ်လို့ အဘိဓမ္မာ ၆-ကျမ်း စီးဖြန်း သုံးသပ်တော်မူစဉ် ဘုရားရှင်ကိုယ်တော်မြတ် မှာ ရောင်ခြည် တော်ဓာတ်တွေ ပေါ်မလာ သေးဘူးတဲ့။ ''ဟေတု ပစ္စယော''အစရှိသည်ဖြင့် ပဋ္ဌာန်း ဒေသနာကို စီးဖြန်းဆင်ခြင်တော်မူမှသာလျှင် ဘုရားရှင် ကိုယ် တော်မြတ်ရဲ့ ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ်တို့သည် စကြာဝဠာအနှံ့ ပျံ့နှံ့ ကွန့်မြူးတော်မူခဲ့ပါတယ်။
ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ် ရတနာဃရစံအိမ်မှာ နေတော်မူစဉ် ရောင်ခြည်တော်ခြောက်ပါး ကွန့် မြူးတော်မူခဲ့တာဟာ ပဋ္ဌာန်းဒေသနာ ဆင်ခြင်လို့။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ် ဟောဒီ ရတနာဃရစံအိမ်မှာ ၇-ရက်လုံးလုံး သီတင်းသုံးတော်မူတုန်းက ပဋ္ဌာန်းဒေသနာတော်တွေကို ရောင်ခြည်တော် ကွန့်မြူးတော်မူသည်အထိ ဆင်ခြင်သုံးသပ်တော်မူခဲ့တယ်။
ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းကလဲ ဟောဒီမှာ စီးဖြန်းဦးမယ်ဆိုပြီးတော့ ရတနာဃရရွှေအိမ် နေရာကို ရှာပြီး ဘုန်းကြီးက ''ငါပဋ္ဌာန်းရွတ်မယ်''ဆိုပြီးတော့ သွားတာ။ ရတနာဃရ ရွှေအိမ်ကို တွေ့တဲ့အခါကျတော့ ကင်မရာ အသေးလေး လွယ်အိတ်ထဲက ထုတ်ပြီးတော့ အဲဒါ ဓာတ်ပုံရိုက်တယ်။
ဝင်တဲ့အပေါက်ကို လိုက်ရှာပြန်တော့ တွေ့တယ်။ မြောက်ဘက်မှာ အပေါက်ရှိတယ်။ ၁၂-တောင် ပတ်လည် လောက်ရှိတဲ့ အုတ်တိုက်ကလေး၊ အမိုးမရှိပါဘူး။
မြန်မာပြည်မှာသာ ဆိုရင်တော့ ဒီလိုနေရာမျိုးဟာ ရွှေတဝင်းဝင်း ဖြစ်နေမှာပဲ။ အခုတော့ အုတ်တိုက်ကလေး ဟာ အမိုးလဲ မရှိဘူး။ မြောက်ဘက်လှည့်ထားတဲ့ တံခါး ပေါက်ကနေ ဝင်မယ်လို့ ကြည့်လိုက်တော့ သင်္ကန်း တစ်ထည်က တံခါးကို တခါတည်း ပိတ်ထားတယ်။

တိဘက်ဘုန်းတော်ကြီးတပါးနဲ့ တွေ့ရပြန်တယ်
ဝင်တဲ့တခါးပေါက်မှာ သင်္ကန်းကြီးနဲ့ ပိတ်ထားတာ တွေ့ရတော့ ''အင်း အထဲမှာ တစုံတယောက်တော့ ရှိတယ်နဲ့ တူတယ်''လို့တွေးပြီး အဲဒီသင်္ကန်းစကို အသာဆွဲလှန်ပြီး အထဲဝင်ကြည့်လိုက်တော့ တိဘက် ဘုန်းကြီးတစ်ပါး ထိုင်နေ တာ တွေ့ရတယ်။
တိဘက်ဘုန်းကြီး အထဲမှာ ဝင်ထိုင်နေတာ တွေ့ရတော့ ဒီကိုယ်တော်ကြီး ဘာများလုပ်သလဲဆိုပြီး လေ့လာ ကြည့်တယ်။ တိဘက်ဘုန်းကြီး ပါးစပ်က တိုးတိုးတိုးတိုးနဲ့ ရွတ်နေတဲအသံကိုလဲ ကြားရတယ်။ လက်ထဲမှာ လဲပဲ ပစ္စည်း လေးတခုကိုင်ပြီးတော့ သူလှုပ်နေတယ်။ အဲဒီပစ္စည်းလေးက တစ်တောင်လောက် အရိုး တပ်ထားတယ်၊ လှလှပပ ပန်းပုတွေနဲ့ ပန်းတွေနဲ့ ထွင်းပြီးတော့ထားတဲ့ အုန်းမှုတ် အရွယ်အစားလောက် ရှိတယ်။အုန်းသီးသေးသေး အရွယ်အစားလောက်ရှိတဲ့ သတ္ထု ဗူးကလေးတစ်ဗူး၊ အောက်က အရိုးတပ် ထားတယ်။ ထိပ်အလယ်တည့်တည့်က အသီးလေးနဲ့။ အဲဒီအသီးလေး မှာ ခလောက်ကလေးလိုပဲ ဘုလေး တစ်ခု တွဲလောင်းလေး ဆွဲထားတယ်။အရိုးအောက်က ကိုင်ပြီးတော့ သူက လက်နဲ့ ယမ်း နေတော့ အပေါ်က အသီးလေးဟာ လည်နေတယ်။ အဲဒါလေး လှည့်ယမ်းပြီးတော့ ကိုယ်တော်ကြီးပါးစပ်ကနေ မန္တာန်တွေ ရွတ်နေ တယ်။ဘုန်းကြီးက အနားကပ်ပြီး စိုက်ပြီးတော့ နည်း နည်း နားထောင်ကြည့်တယ်။ အသံကိုကြားတော့ ကြားရ တယ်။ ပီပီသသ မကြားရဘူး။ တဖြည်းဖြည်း တိုးတိုးတိုးတိုး သွားတော့ သူ့အနား နည်းနည်း တိုးလဲတိုးလိုက်မိရော သူ့ပခုံးနား ဘုန်းကြီးခေါင်း ရောက်သွားတယ်။ အဲဒီတော့မှ အသံကို တော်တော်လေး ပီပီကြားရတယ်။
အသံကြားရအောင်ဆိုပြီး သူ့အနား တိုးတိုး တိုး တိုးပြီးတော့ ကပ်သွားတယ်။ အသံတော့ ပီပီသသလေး ကြားရတယ်။ အသံကြားရတာနဲ့အမျှ သူ့ကိုယ်က ထွက်လာ တဲ့အနံ့ဟာ ဘုန်းကြီးအဖို့ ခေါင်းကိုက်မတက်ပါပဲ။
အနံ့ အသက်ဟာ တော်တော်လေးဆိုးတယ်။ ဒီ တိဘက်ဘုန်းကြီးဟာ ဘာကြောင့်အသားတွေ တင်းမာပြီး တော့ အနံ့တွေ နံနေတာလဲလို့ ဆိုတော့ အဲဒါကတော့ ဘုန်းကြီးကိုယ်တိုင် လက်တွေ့ ကျင့်သုံးခဲ့တာ။
ပြောရဦးမယ်။ နယူးဒေလီမှာ ချမ်းလွန်းလို့ ရေ မချိုးပဲနဲ့ ဘုန်းကြီးတော့ ဒီအတိုင်းကုပ်နေတာ။ အသား တွေလဲ တင်း ပြီးတော့ ဖြစ်နေတယ်။ ရန်ကုန်က ဒကာမကြီး တစ်ယောက် သူက နယူဒေလီ ရောက်နေတယ်။ အဲဒီ ဒကာမကြီးက ဘုန်းကြီးတို့ကို လာဖူးမျှော်ကန်တော့ပြီးတော့ လှူရန်လေးတွေ လှူပြီးတော့ ''ဆရာတော်တို့ ဒီလောက်ချမ်း တဲ့အရပ်မှာ ဘယ်လိုလုပ်နေကြတုန်း''လို့ မေးတယ်။
''ဟာ ဘယ်လိုလုပ်နေရမလဲ၊ ဂွမ်းစောင်တွေရော ဝါဂွမ်းတွေရော အထပ်ထပ်ပတ်၊ ခေါင်းစွပ်တွေရော ခြေစွပ် တွေရော လက်အိတ်တွေရော အကုန် စွပ်နေရတာပေါ့ ဒကာမကြီး'' လို့ ပြောလိုက်ရတယ်။
''အရှင်ဘုရား အဲဒါနဲ့ အချမ်းက မလုံဘူးဘုရား၊ အသားတွေလဲ ကွဲတတ်တယ်၊ တပည့်တော် အကြံပေးမယ်''။
''မုန်ညှင်းဆီကလေးများ လိမ်းလိမ်းပြီးတော့ အရှင်ဘုရား နေပူဆာလှုံ ပေးပါဘုရား၊ မုန်ညှင်းဆီလေး အသား ကို ပါးပါးပွတ်ပြီးတော့ နေဆာလှုံပေး၊ အဲဒါ အချမ်း သိပ်ခံနိုင်တယ်၊ အသားလဲ မကွဲဘူး''တဲ့။ ဒကာမကြီးက အကြံပေးပါတယ်။
''အိန္ဒိယအမျိုးသားတွေ အားလုံးဟာ အခုလိုအေး တဲ့ရာသီဆိုရင် ဒီလိုပဲ မုန်ညင်းဆီ လိမ်းကြတယ်။ တိဘက် တွေလဲ လိမ်းကြတယ်တဲ့''။''ဒကာမကြီး ဘုန်းကြီးတို့မှာ မုန်ညင်းဆီ မရှိဘူး'' ပြောတော့ ''အိန္ဒိယပြည် တစ်ပြည်လုံး မုန်ညင်းဆီ အလွန် ပေါပါတယ်။ မော်တော်ကားနဲ့ စီးသွားလို့ရှိရင် လမ်းဘေး ဝဲယာ မော်တော်ကားလမ်းဘေးတွေမှာ နေရာတိုင်းမှာ မုန်ညှင်းချည်းပဲ''တဲ့။
ဘုန်းကြီးက တမင်ပြောလိုက်တယ်။ ''မုန်ညင်းဆီ မရှိဘူး ဒကာမကြီး''လို့။ ညနေလဲစောင်းရော မုန်ညင်း ဆီပုလင်းလေးကိုင်ပြီးတော့ အဲဒီဒကာမကြီး တခေါက်ပြန် လာတယ်။ တစ်ထွာလောက်ရှိတဲ့ မုန်ညင်းဆီ ပုလင်းကို ဘုန်းကြီးကို ပေးပစ်ခဲ့တယ်။
''ကိုင်း ငါတော့ လိမ်းကြည့်မယ်''ဆိုပြီး ခြေသလုံး ရယ်၊ လက်မောင်းရယ်၊ အဲဒါ မုန်ညင်းဆီလေးနဲ့ နာနာ ပွတ်ပြီးတော့ နေပူဆာ ထွက်လှုံတယ်၊ အသားတင်းတာတွေ အကုန် ပျောက်ပြီးတော့ နေသာထိုင်သာ တော်တော် ရှိသွားတယ်။
ဒါပေမဲ့ ည စောင်ခြုံပြီးတော့ အိပ်ပြီလဲဆိုရော နံလိုက်တဲ့ ဖြစ်ချင်း၊ စောင်ခြုံကို တခါတည်းဖွင့်ပြီး ခေါင်းကို အပြင်ထုတ် ထားရတယ်၊ တော်တော်ကိုနံတာ။
နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ လိမ်းမယ်ဆိုရင် ဒီကိုယ်တော့အနား ဘယ်သူမှကပ်ချင်မှာ မဟုတ်တော့ဘူး။ အဲဒါနဲ့ ဒကာမကြီး ကုသိုလ်ဖြစ်အောင် မုန်ညင်းဆီပုလင်း လက်ခံပြီးတော့ တစ်ခါပဲလိမ်းတယ်၊ နောက်ထပ် မလိမ်း တော့ဘူး။ နယူးဒေလီက ထွက်တော့ အဲဒီမုန်ညင်းဆီ ပုလင်းကို နယူးဒေလီသံရုံးမှာ ထားခဲ့တယ်။

(အပိုင်း-၁၅)ဆက်လက်ဖော်ပြသွားပါမည်။

ashinsaccanyanablogspot

Followers

Blog Archive