(၁) ဘာသာရေးတွေ ကတောက်ကဆ ဖြစ်နေတာဟာ သာသနာကွယ်ဖို့ အကြောင်းဖြစ်တယ်လို့ တိုက်ရိုက် မဆိုနိုင်သော်လည်း အနည်းငယ်တော့ ပတ်သက်မှုရှိပါတယ်။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ဘက် ပြောဆို ဟောပြောမှုများ၊ ဗုဒ္ဓဘာသာကို သိက္ခာကျစေသည့် လုပ်ရပ်များ၊ ဘုရားဟောတရားများကို ပြုပြင် နှောက်ယှက်မှုများ စတာတွေဟာ အဓမ္မ၀ါဒတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီးစမှာလည်း ဒီလိုအဓမ္မအမှုတွေ ရှိခဲ့တဲ့အတွက် သံဃာ့ဥသျှောင် မထေရ်ကြီးများက သုတ်သင်ရှင်းလင်း ခဲ့ကြရတာ တွေလည်း ရှိပါတယ်။ အဲဒီခေတ်က အခြေအနေမျိုးလို မဟုတ်ပေမယ့် ယနေ့ခေတ်မှာ ဗုဒ္ဓဘာသာကို ဆော်ကားတဲ့ အပြောအဆို လုပ်ရပ်တွေ တော်တော်များများ ရှိလာတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘား(Buddha bar) ပုံစံမျိုးဖွင့်ပြီး အရက်နှင့်လောင်းကစား လုပ်တဲ့ပုံစံမျိုး၊ ဘုရားရုပ်ကို အမျိုးသမီး အတွင်းခံများမှာ ရိုက်နှိပ်ပြီးရောင်းစားတာမျိုး စတာတွေ ရှိပါတယ်။ အဲဒါမျိုးတွေကို ဗုဒ္ဓဘာသ၀င်များ၊ ဗုဒ္ဓဘာသာ နိုင်ငံများက ၀ိုင်းဝန်းကန့်ကွက်မှု မပြုကြရင် လုပ်တဲ့သူတွေပိုပြီး အင်အားကောင်းလာကာ သဒ္ဓါတရား အားနည်းတဲ့သူများ အနေဖြင့် ဗုဒ္ဓဘာသာအပေါ် အထင်လွဲ၍ ဘာသာတရားကို စွန့်ပယ်သွားရင် ဗုဒ္ဓဘာသာဝင် အားနည်းနိုင်ပါတယ်။ ဘာသာဝင်အားနည်းရင် သာသနာပါ အားနည်းလာတတ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဗုဒ္ဓသာသနာ့ရဲ့ ပြင်ပရန်ကို တတ်နိုင်သမျှ ၀ိုင်းဝန်းကာကွယ်ရန်လို အပ်ပါတယ်။ ၀ိုင်းဝန်းကာကွယ်တယ် ဆိုတဲ့နေရာမှာ ကိုယ့်သန္တာန်မှာ ဘုရားရှင်အဆုံးအမ တည်အောင် လုပ်ပြီး စစ်မှန်တဲ့ဓမ္မကို မသိသေးတဲ့သူများ၊ သဒ္ဓါတရား အားနည်းသူများ၊ ဘာသာတရားအပေါ် နားလည်မှု လွဲနေသူများအား ပြန်လည်ဟောပြောပေးခြင်းဖြင့် သူတို့ သဒ္ဓါတရား အားကောင်းလာအောင် ၀ိုင်းဝန်း လုပ်ဆောင်ပေးခြင်းကို ဆိုတာပါ။ အမှန်တော့ သာသနာတည်တယ်၊ သာသနာထွန်းကားတယ်ဆိုတာ ကျောင်ကန်ဘုရားများ ကြီးကျယ်စွာပေါ်ပေါက်လာခြင်း၊ ပွားများလာခြင်းကို ဆိုလိုတာမဟုတ်ပါ။ တစ်ဦးချင်း စီရဲ့ နှလုံးသားမှာ ဘုရားရှင်ရဲ့ အဆုံးအမများ တည်နေခြင်း၊ လိုက်နာကျင့်သုံးနေခြင်းကို သာသနာ တည်တယ်လို့ဆိုတာပါ။ အဲဒီအတွက် ကိုယ့်ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ သာသနာတည်အောင် လုပ်ပေး ခြင်းဟာ သာသနာ့အန္တရာယ်ကို ကာကွယ်ရာ ရောက်သလို စစ်မှန်တဲ့အမှန်တရားကို သိသွားတဲ့ သူတွေဟာ လည်း တစ်ခြားအယူဝါဒတွေ အတိုက်အခိုက်တွေ ဘယ်လောက်ပဲရှိနေပါစေ မယိမ်းယိုင်တော့ပါဘူး။ ဒါကြောင့် အဲဒီအမှန်တရားတွေ နည်းနည်းလာတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ကိုယ်တိုင် မသိမှုနည်းလာတဲ့အခါ အခြားအရာတွေ၊ တိုက်ခိုက်မှုတွေကို အလွယ်တကူ ခံယူပြောင်းလဲ သွားတတ်တဲ့အတွက် အတိုက်အခိုက် များရန်က ကာကွယ်နိုင်ရန် အစစ်အမှန်ဓမ္မကို ကိုယ်ကိုယ်တိုင်သိအောင် ကြိုးစားပြီး ကိုယ့်ပတ်ဝန်းကျင် ကိုလည်း သိအောင်ဖြန့်ဝေပေးခြင်းဖြင့် သာသနာဆုတ်ယုတ်မှုမှ ကာကွယ်ပေးကြရန် လိုအပ်ပါတယ်။
(၂) သာသနာကွယ်မည့် သက်တမ်းကို အတိအကျ ဟောထားတာ မရှိပါဘူး။ သာသနာ ကြာရှည်စွာ တည်ခြင်း၊ မတည်ခြင်းဟာ သတိပဋ္ဌာန်လေးပါးကို အားထုတ်ခြင်း၊ မထုတ်ခြင်းအပေါ်မှာ တည်မှီကြောင်း မဟာဝဂ္ဂသံယုတ်၊ စိရဋ္ဌိတိသုတ်မှာ ဟောထားတာရှိပါတယ်။ ဒါ့အပြင် အင်္ဂုတ္ထိုရ်ပါဠိတော်မှာလည်း သာသနာ ကွယ်ကြောင်း တရားတွေကို ဟောထားတာ ရှိပါတယ်။ သာသနာကွယ်မှု မကွယ်မှုဟာ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များအပေါ် အများကြီးတည်ပါတယ်။ စာပေမှာ ဖော်ပြတဲ့ သာသနာ ကွယ်ကြောင်းတရား များမှာ သာသနာ့ဝန်ထမ်းများ ၁။ တရားမနာခြင်း၊ ၂။ စာပေမသင်ခြင်း၊ ၃။ နှုတ်တက်အာဂုံမဆောင်ခြင်း၊ ၄။ သိအောင်မမှတ်ခြင်း၊ ၅။ ပဋိပတ်မကျင့်ခြင်း တို့ဖြစ်ပါတယ်။ နောက်တစ်နည်းမှာ ၁။ စာပေသင်ကြားမှု လျှော့နည်းလာခြင်း၊ ၂။ တရားဓမ္မအကျယ်မဟောခြင်း၊ ၃။ စာပေအကျယ်မပို့ချခြင်း၊ ၄။ အကျယ်အကျက်မှတ်ခြင်း၊ ၅။ အကျယ်မကြံခြင်း တို့ဖြစ်ပါတယ်။ ထို့ပြင် နောက်တစ်နည်းမှာ ၁။ စာပေအက္ခရာများ လွဲချော်ပျက်ပြားမှုများအား လေ့ကျက်သင်ကြားခြင်း၊ ၂။ ဆုံးမမှုများကို မခံယူခြင်း၊ ၃။ စာပေပို့ချသူ သာသနာ့ဝန်ထမ်းများ ရှားပါးလာခြင်း၊ ၄။ လာဘ်လာဘပေါများအောင် ကြံဆောင်ခြင်း၊ ၅။ အချင်းချင်း ခိုက်ရန်ဖြစ်ကာ ကွဲပြားခြင်း တို့ဖြစ်ပါတယ်။ ဒီအကြောင်း တရားများ ယုတ်လျော့လာခြင်းကသာ အမှန်တကယ် သာသနာ ကွယ်ကြောင်းတရားများ ဖြစ်ပါတယ်။
(၃) မှန်ပါတယ်။ သာသနာ နှစ် (၅၀၀၀)သာ တည်မယ်ဆိုတဲ့ အပြောအဆိုများဟာ ပါဠိပိဋကတ်မှာ တိုက်ရိုက်လာတဲ့ ဟောကြားချက်တော့ မဟုတ်ပါဘူး။ အဋ္ဌကထာများမှာသာ သာသနာတော်နှစ်ပေါင်း (၅၀၀၀) ရှိကြောင်း ဖွင့်ပြထားချက်များ ရှိပါတယ်။ ဗဟုသုတအဖြစ် တင်ပြပါက ဒီဃနိကာယ်အလို သာသနာနှစ်ပေါင်း (၅၀၀၀) ခွဲခြားမှုများမှာ
၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်နှစ်ပေါင်း ၁၀၀၀
၂။ ဆဠာဘိညရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၃။ တေ၀ိဇ္ဖကရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၎။ သုက္ခ၀ိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၅။ ပါတိမောက္ခသံဝရသီလခေတ် နှစ်ပေါင်း ၁၀၀၀ အားဖြင့် ၅၀၀၀ဖြစ်ပါတယ်။
ဒါ့အပြင် ၀ိနယပိဋကနှင့် အင်္ဂုတ္တရ အဋ္ဌကထာအလို သာသနာနှစ်ပေါင်း (၅၀၀၀) ခွဲခြားမှုများမှာ
၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၂။ သုက္ခ၀ိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၃။ အနာဂါမ်ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀
၎။ သကဒါဂါပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀
၅။ သောတာပန်ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀ အားဖြင့် ၅၀၀၀ ဖြစ်ပါတယ်။
ဖော်ပြပါ ခွဲခြားသတ်မှတ်မှုများဟာ အဋ္ဌကထာလာ ခွဲခြားသတ်မှတ်မှုများသာ ဖြစ်ပါတယ်။ တကယ်တော့ သာသနာအရှည်တည်မှု မတည်မှုဟာ သာသနာတော်ကို ကျင့်သုံးလိုက်နာ ထမ်းဆောင်စောင့်ရှောက်သူတို့ အပေါ်မှာသာ တည်ရှိနေပါတယ်။ ကောင်းစွာထိန်းသိမ်းစောင့်ရှောင်ပါက ၅၀၀၀ မက တည်ရှိနိုင်ပြီး မထိန်းသိမ်း မစောင့်ရှောက်ပါက (၅၀၀၀) မပြည့်ခင်လည်း ကွယ်ပျေက်သွားနိုင်ပါတယ်။ ဒါကြောင့် သာသနာအရှည်တည်တံ့ဖို့ အားလုံးဝိုင်းဝန်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

No comments:
Post a Comment