ကမ္မနိယာမ သဘောအရ အပြစ်ရှိပါလျက် အပြစ်မရှိဘူးလို့ ထင်မြင်ခြင်း(အပြစ်ကို အပြစ်လို့ မသိခြင်း)ဟာ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့အယူဖြစ်လို့ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီလို မိစ္ဆာဒိဋ္ဌိအယူရှိပြီး အပြစ်မရှိဘူးလို့ ယူဆကာ အပြစ်ကို အပြစ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို ပြုလုပ်တဲ့အခါ ကြောက်ရွံ့ခြင်းမရှိ ရဲရဲ တင်းတင်း ပြုလုပ်မိတတ်ပါတယ်။ အဲလို မကြောက်မရွံ့ပြုလုပ်တဲ့အတွက် အကုသိုလ်ရဲ့ အကျိုးပေးမှု ဟာလည်း ပိုပြီးကြီးလေးတတ်ပါတယ်။ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို ရွှေလို့ထင်ပြီး ကိုင်တဲ့သူဟာ ပိုပြီးပြင်းထန်နာကျင်စွာ ပူလောင်ခံရသလို အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်သူအတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးပြင်းထန်တတ်တဲ့သဘောပါ။ ဒီလိုပါပဲ အပြစ်ကို အပြစ်လို့ သိပြီး ကျူးလွန်တဲ့သူဟာ မလွဲမရှောင်သာလို့ လုပ်ရပေမယ့် အပြစ်လို့သိနေတဲ့အတွက် ကြောက်ရွံ့တွန့်ဆုတ်ပြီး လုပ်ရတဲ့သဘောရှိပါတယ်။ ဒီလို အသိရှိနေတဲ့အတွက်လည်း ကျူးလွန်ရပေမယ့် ထိမ်းထိမ်းသိမ်းသိမ်း ကျူးလွန်လေ့ရှိပါတယ်။ အဲဒါကြောင့် တန်ပြန်သက်ရောက်တဲ့ အကုသိုလ်အကျိုးဟာလည်း ပြင်းပြင်းထန်ထန် ကြီး မလာတတ်ပါဘူး။ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို မီးရဲရဲတောက်နေတာကို သိတဲ့အတွက် မလွဲသာလို့ ကိုင်ရပေမယ့် အပူသက်သာအောင်ကိုင်တဲ့ သဘောမျိုးပါ။
ဒီလိုဆိုရင် ရာဇသတ်ဥပဒေကိုလည်းကောင်း ဘုရားပညတ်တော်ကိုလည်းကောင်း သိလျက်လွန်ကျူးသူ တွေဟာ လောကကြောင်းအရ ဘာကြောင့် ကြီးလေးတဲ့အပြစ်ကို ခံရတာလဲလို့ စောဒက တက်စရာရှိပါ တယ်။ မှန်ပါတယ်။ လောကကြောင်းအရ သတ်မှတ်ထားတဲ့ ဥပဒေစတာတွေကို သိလျက်ကျူးလွန်တဲ့သူဟာ ဒီဥပဒေပညတ်ချက်များကို ကျူးလွန်တဲ့အပြစ်အပြင် ဥပဒေပညတ်စတာတွေကို မလေးစားတဲ့ အဂါရ၀စိတ် များပါ ရှိနေတဲ့အတွက် လောကကြောင်းအရ သိလျက်နဲ့ကျူးလွန်တာဟာ ပိုပြီးကြီးလေးတဲ့ အပြစ်ဖြစ်တာပါ။ ဒါ့အပြင် ဒီဥပဒေ ပညတ်များကို မသိနားမလည်ခြင်းဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိ မဟုတ်ပါ။ သတိမမူမိလို့ မောဟဖုံးလွှမ်းမှုသာဖြစ်ပါတယ်။ ဒါကြောင့် လောကသတ်မှတ်ချက် ဥပဒေများ၊ ၀ိနည်းပညတ်ချက်များကို မသိလို့ ကျူးလွန်ခြင်းဟာ ဥပဒေပညတ်တဲ့ပုဂ္ဂိုလ်များကို မလေးစားတဲ့ အဂါရ၀စိတ် မရှိတဲ့အတွက် အပြစ် ပေးတဲ့အခါလည်း ညှာညှာတာတာပေးခြင်း ဖြစ်ပါတယ်။ အပြစ်ခံရတဲ့အခါမှာလည်း သိလျက်ကျူးလွန် သူထက် ပိုပြီးလျော့လျော့ပေါ့ပေါ့ပဲ ခံရခြင်းဖြစ်ပါတယ်။ (မဟာဂန္ဓရုံဆရာတော်ရဲ့ သဂြိုဟ်ဘာသာဋီကာကို ကိုးကားပါသည်။)
ဒါကြောင့် အချုပ်ပြောရရင် အကုသိုလ်အပြစ်ကို အပြစ်လို့ မမြင်တာဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက် အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်တာနဲ့ အပြစ်ကိုအပြစ်လို့ သိပေမယ့် မလွဲမရှောင်သာလို့ ကျူးလွန်လိုက် ရတာ နှစ်မျိုးမှာ အပြစ်ကို မသိဘူးဘဲ ကျူးလွန်တာက ပိုပြီးကြီးလေးပါတယ်။ လောကကြောင်းအရ သတ် မှတ်ချက်များမှာတော့ သိလျက်ကျူးလွန်တာက ပိုပြီးအပြစ်ကြီးပါတယ်။

No comments:
Post a Comment