Tuesday, September 22, 2009

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…

ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရ ပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှား အပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီး ဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)
ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာ မေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ် ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါ တယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆ တွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီး ဖြစ်ပါ တယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက(တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။
အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူး တရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive