Wednesday, September 2, 2009

ကောင်းတာလုပ်ပါရက်နဲ့ ဆိုးကျိုးတွေနဲ့ကြုံနေရပြီး… မကောင်းတာလုပ်တဲ့သူတွေမှာ ဘာကြောင့် ကောင်းကျိုးတွေ ဖြစ်နေရပါသလဲ…

ကံကတော့ သူ့အလုပ် သူလုပ်နေပြီးသားပါ။ ဒီနေရာမှာ သိထားရမှာက ကံအကြောင်းပါ။ အဘိဓမ္မာ အလိုအရ ကံလေးမျိုးရှိပါတယ်။ အဲဒီလေးမျိုးက
၁။ ဒိဋ္ဌဓမ္မဝေဒနိယကံ = မျက်မှောက်ဘ၀၌ အကျိုးပေးသောကံ
၂။ ဥပပဇ္ဇဝေဒနိယကံ = အခြားမဲ့ဒုတိယဘ၀၌ အကျိုးပေးသောကံ
၃။ အပရာပရိယဝေဒနိယကံ = မျက်မှောက်ဘ၀နှင့် ဒုတိယဘ၀တို့မှတစ်ပါး တတိယဘ၀မှစ၍ အနာဂတ် နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အကျိုးပေးသောကံ
၎။ အဟောသိကံ = ဆိုင်ရာကာလအားလျော်စွာ အကျိုးပေးခွင့် မရကြသဖြင့် ပျက်သုဉ်းသွားကြသောကံ တို့ဖြစ်ပါတယ်။
ဒီအဘိဓမ္မာအဖွင့်အရ ကံအမျိုးမျိုးရှိပြီး အကျိုးပေးချိန်လည်း အမျိုးမျိုးကွဲပြားကြပါတယ်။ အခုဘ၀လုပ်နေတဲ့ ကံများဟာ အခုဘ၀အကျိုးပေးမှုကို ချက်ခြင်းရချင်မှ ရမှာဖြစ်သလို အခုလက်ရှိရရှိခံစားနေတဲ့ အကျိုးဆက် ဟာလည်း အတိတ်ဘ၀ တစ်ခုခုကပြုခဲ့တဲ့ ကံများရဲ့ အကျိုးပေးများလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ကံတွေကိုလုပ်တဲ့အခါမှာ ဖြစ်ပေါ်တဲ့ စေတနာဇောတွေရဲ့ ခြားနားမှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ တစ်ချို့အခုဘ၀မှာ ကောင်းတာတွေ လုပ်နေပေမယ့် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးတွေချည်း ဖြစ်နေတတ် သလို မကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးတွေချည်း ဖြစ်နေတတ်တာပါ။ ဒါဟာ အတိတ်ကံတွေရဲ့ အကျိုးပေးမှုတွေကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီဘ၀မှာ လုပ်နေတဲ့ ကံတွေကိုလိုက်ပြီး အတိတ်ကံ အကျိုးပေးမှု အားနည်းတတ်တာ၊ အားကြီးတတ်တာတွေလည်း ရှိတတ်ပါတယ်။ ဥပမာအားဖြင့် အတိတ်ကံ အကျိုးပေးအရ သေရမယ့်ကံဖြစ်နေပေမယ့် လက်ရှိမှာလုပ်နေတဲ့ ကောင်းတဲ့ကံတွေက အားကြီးနေတဲ့အခါ သေရမယ့်အခြေအနေမှ ထိခိုက်ဒဏ်ရာ ရတာလောက်ပဲ ဖြစ်တတ်တာ၊ အတိတ်က ကောင်းတဲ့ကံတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန်မှာ လုပ်နေတဲ့ကံတွေက မကောင်းတာတွေ များနေတဲ့အတွက် အကျိုးပေးခွင့် မသာတာတွေ ရှိပါတယ်။ သေချာတာကတော့ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံဆက်စပ်မှု ရှိနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးက အတိတ်ကံဟာ ကောင်းသည်ပဲဖြစ်ဖြစ် ဆိုးသည်ပဲဖြစ်ဖြစ် ပစ္စုပ္ပန်မှာ အကောင်းတွေ လုပ်နေ ဖို့ အရေးကြီးပါတယ်။ အဲလို အကောင်းတွေ လုပ်ထားမယ်ဆိုရင် အတိတ်ကံရဲ့ မကောင်းကျိုးတွေ အကျိုး ပေးရင်တောင် ခံရတာ သက်သာပြီး ကောင်းတဲ့ကံတွေ အကျိုးပေးရင်တော့ အပြည့်အ၀ အကျိုးပေးခွင့် ရမှာ အမှန်ပါပဲ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အကျိုးပေးရမှာ ကံရဲ့အလုပ်ဖြစ်ပြီး ကောင်းတာတွေလုပ်ရမှာက ကိုယ့်ရဲ့အလုပ်ပါ။ အခုလုပ်အခု အကျိုးမရတဲ့အတွက် ကံတွေအပေါ်မှာ သံသယမဖြစ်ဖို့တော့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကျိုးပေးချိန်ရှိနေလို့ပါ။ ရှင်းအောင် ပြောရရင် အချိန်မတန်သေးလို့ပါလို့ပဲ ပြောရပါမယ်။ အချိန်တန်ရင် သူ့တရား သူစီရင် သွားမှာပါ။ ဒီနေရာမှာ ပိုပြီးသေချာသွားအောင် မြတ်စွာ ဘုရားရှင်ရဲ့ ဟောတော်မူချက်လေးကို တင်ပြလိုပါတယ်။ ဘုရားရှင်က ဓမ္မပဒ၊ အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထုမှာ အောက်ပါအတိုင်း ဟောတော်မူထားတာ ရှိပါတယ်။

ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြ၊ အထ ဘဒြာနိ ပဿတိ။
- မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ် သော အာရုံကိုတွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြု သူသည် မကောင်းကျိုးကို ခံစားရ၏။
- ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှု အကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုး တို့ကို တွေ့မြင်ရလေတော့၏။

ဆိုတော့..ဘုရားရှင်ရဲ့ တရားတော်အတိုင်း ကိုယ်လုပ်ရမယ့် ကောင်းတဲ့အလုပ်တွေကို ဆက်လက်ပြီး ကြိုးးစားလုပ်နေဖို့ လိုပါတယ်။ တို့ ကောင်းတာလုပ်ရဲ့သားနဲ့ ဘာမှဖြစ်မလာဘူးလို့ တွေးပြီးစိတ်ဓာတ်မကျပါနဲ့။ မထူးပါဘူးဆိုပြီးလည်း မထူးဇာတ် မခင်းလိုက်ကြပါနဲ့။ အချိန်ကိုစောင့်ပါလို့ တိုက်တွန်းလိုပါတယ်။ အချိန်တန် ရင် အားလုံး သူ့တရားသူစီရင်သွားမှာပါ။

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive