Thursday, September 3, 2009

မေမေ့ပြေစာ

သူ့အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။ တစ်ခါတလေ ကျောင်းအားရက်မှာ အမေ့ကို သူကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်းတာက အစ သူဝင်လုပ်ရတယ်။ ကြာတော့ စီးပွားရေးသမား တစ်ယောက်လို သူအတွက်အချက် တော်လာခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူရင်း ကိုယ့်လုပ်အားခအတွက် စိတ်ကူးရလို့ ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက .....

၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်းလှဲခ ၂ဝဝကျပ်
၃) အပြင်ထမင်းပို့ဆောင်ခ ၃ဝဝကျပ်
၎) ဈေးဝယ်ထွက်ခ ၁ဝဝကျပ်
၅) မခိုမကပ်တဲ့ ကျွန်တော့်အတွက် အပိုဆုငွေ ၁ဝဝကျပ်

စုစုပေါင်း ကျပ် ၁၂ဝဝ။ ပြေစာကို အမေကြည့်ပြီး ဘာမှမပြောခဲ့ဘူး။

ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ်၁၂ဝဝ ကို တွေ့လိုက်တယ်။ အားရဝမ်းသာ ပိုက်ဆံကိုယူပြီး အိတ်ထဲထည့်မယ်အလုပ် ခေါင်းအုံးဘေးမှာ ပြေစာတစ်စောင် ရှိနေတာကို သူတွေ့လိုက်တယ်။ ပြေစာကို ယူကြည့်တော့
အမေ့အပေါ် ကျန်ရှိသော အကြွေးများ...
၁) အမေ့အိမ်တွင် ၁ဝနှစ်ကျော် အပူအပင်မရှိ နေထိုင်ခ ဝကျပ်
၂) နေထိုင်သော ၁ဝနှစ်အတွင်း စားဝတ်နေရေးခ ဝကျပ်
၃) ကျောင်းတက်ခ၊ စာအုပ်ဖိုး ဝကျပ်
၎) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ဝကျပ်
၅) မေတ္တာကြီးမားသော မိခင်တစ်ဦးအတွက် အပိုဆု ဝကျပ်

ပြေစာကိုကြည့်ပြီး သူရှက်ရွံ့သွားမိတယ်။ ဝမ်းနည်းစိတ်မကောင်းစွာနဲ့ အမေ့အနားသွားပြီး အမေ့ရင်ခွင်ထဲ သူတိုးဝင်လိုက်မိတယ်။ ကျပ် ၁၂ဝဝကို အမေ့အိတ်ကပ်ထဲ ဂရုတစိုက် သူပြန်ထည့်လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး အမေက ပြုံးနေခဲ့တယ်။

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive