Monday, August 31, 2009

အနှစ်ကိုးပါး(အပိုင်း-၈)

အင်္ဂလိပ်လို ဘာသာပြန်ပြီး ထုတ်ဝေဖို့ဆိုတာ

အဲဒီမှာ သူက ပြောသေးတယ်။''ဒီလောက်တောင် အဖိုးတန်တဲ့စာအုပ်တွေ မြန်မာပြည်မှာ ရှိပါလျက်နဲ့ အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ကမ္ဘာကို မထုတ်တာ ဘာဖြစ်လို့လဲ''တဲ့။
''အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ကမ္ဘာကို မဖြန့်ချိတာကတော့ တခြားမဟုတ်ပါဘူး။ ဘုန်းကြီးတို့ ဖြန့်ချိ ဖို့ရန် အကုန်လုံး စွမ်းနိုင်ကြပါတယ်''။ စွမ်းတာ မစွမ်းတာ ထားပေါ့လေ၊ စွမ်းနိုင်ပါတယ်လို့ ပြောလိုက်တယ်။
''ကမ္ဘာကို အင်္ဂလိပ်လို ဘာသာပြန်ပြီး မထုတ်တာကတော့ တခြားမဟုတ်ပါဘူး။ အလွန်အဖိုးတန်တဲ့ စိန်၊ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား၊ နီလာ၊ ဥဿဖယားဆိုတဲ့ ရတနာတွေကို ဒကာမကြီးတို့ရရင် အဲဒီအဖိုးတန် ရတနာတွေကို ရလာတော့ ဘယ်လိုလုပ်သလဲ၊ အဲဒီစိန်တုံးကြီး ခေါင်းပေါ်ရွက်ပြီး တိုင်းပြည်လှည့်ပြီးတော့ ပြမှာလား'' လို့ ဘုန်းကြီးက မေးတော့ ''ဟာ ဘယ်ပြမှာလဲ''တဲ့။
''ဘယ်လို လုပ်မလဲ ဒကာမကြီး'' ဆိုတော့ ''သေတ္တာထဲ ထည့်ထားမှာပေါ့''တဲ့။
''ဘုန်းကြီးတို့လဲ သေတ္တာထဲ ထည့်ထားတာ၊ ဒါလောက် အဖိုးတန်တဲ့ စာပေတွေဟာ ရတနာတွေ။ ဒါကြောင့် ဘုန်းကြီးတို့လဲ မြန်မာ့သေတ္တာထဲ ထည့်လှောင်ထားတာ၊ ကြည့်ချင်လာခဲ့၊ အဆင်သင့်ပဲ ငါတို့ပြမယ်'' လို့ အဲဒီလို ကြံဖန်ပြီးတော့ ပြောလိုက်ရတယ်။ သူ သဘောကျသွားတယ်။
ရတနာအပြည့်ရှိတဲ့ မြန်မာပြည်
အဲဒီမှာ ထိုအဘွားကြီး တဆက်တည်းပြောတယ်။ ''အရှင်ဘုရားတို့မြန်မာပြည်က ရတနာပြည့်တဲ့ တိုင်းပြည်'' တဲ့။
''ဘာကြောင့် ရတနာတွေပြည့်နေတဲ့ တိုင်းပြည်လို့ ပြောသလဲ၊ မိုးကုတ်ရောက်ခဲ့လို့လား''လို့ ဘုန်းကြီးက ချော် မေးလိုက်တယ်။
''မရောက်ပါဘူး၊ ဒါပေမဲ့ မိုးကုတ်ဝိပဿနာ ကျမ်းစာအုပ်တွေကို သူဖတ်ဖူးပါတယ်၊ မိုးကုတ်ဆရာတော် ဘုရားကြီးလဲ ဖူးတော့ မဖူးဘူးပါဘူး၊ ဆရာတော်ဘုရားကြီး ဟောတဲ့ တရားတိတ်ခွေတွေကို ယူခဲ့ပါတယ်။ မြန်မာလို ကောင်းကောင်း တတ်တဲ့အခါကျရင် နားထောင်မယ်။ တရားတိတ်ခွေတွေ ယူလာပါတယ်''။
''မိုးကုတ်ဆရာတော် ဘုရားကြီးကိုလဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်၊ ရုပ်တုကို ရိုက်ယူလာတာပါ။ စွန်းလွန်းဆရာ တော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးတို့၊ ညောင်လွန့်ဆရာတော်ဘုရားကြီးတို့ နေရာများကိုလည်း ရောက်ခဲ့တယ်''လို့ သူက ပြောတယ်။
အဲဒီလို ပရိယတ္တိ၊ ပဋိပတ္တိစွယ်စုံတော်တဲ့ ဆရာတော်ကြီးတွေ မြန်မာပြည်မှာ ကျေးလက်တောရွာတွေမှာ အများကြီးပဲ။ မြို့သိမ်မြို့ငယ်လေးတွေမှာလဲ အများကြီးရှိပါတယ်။ တောရွာတွေမှာ ပိုပြီးပေါတယ်။
သူက ပြောသေးတယ်။ ''အဲဒီလောက် ပရိယတ်လဲတော်၊ ပဋိပတ်လဲတော်၊ တရားအကျင့်မှာလဲ ကောင်း၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေလဲပဲ ပေါက်ရောက်ပြီးတော့ တရား တကယ်သိနေတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ မြန်မာပြည်မှာ အများကြီး ရှိတယ်''။
''ဒါကြောင့် မြန်မာပြည်ဟာ ရတနာအပြည့်ရှိတဲ့ တိုင်းပြည်လို့ တပည့်တော် ပြောချင်ပါတယ်''တဲ့။ ဗောဓိပင် နားမှာ တွေ့လိုက်ရတဲ့ အဘွားကြီးတစ်ယောက်က ပြောတာ။ဘုန်းကြီး စဉ်းစားမိတယ်။ ''တို့မြန်မာပြည်ကို သူ တို့က ဒီလိုမြင်တာ၊ တို့မြန်မာလူမျိုးတွေကတော့ တို့မြန်မာ ပြည်ကို အလွန်မွဲတဲ့ တိုင်းပြည်လို့ မြင်နေတယ်၊ ပြောင်းပြန် ဖြစ်နေတယ်''လို့။
မြန်မာတွေ မြင်ပုံကတော့ တစ်မျိုးကြီးပဲ။ ''မြန်မာပြည်ဟာ ဆင်းရဲတယ်၊ မွဲတယ်၊ အောက်တန်းကျတယ်၊ ဘာမှ ဟန်မကျ ဘူး၊ ခေတ်နောက်ကျနေပြီ''လို့ ပြောကြတယ်။
ခုနက အဘွားကြီးပြောသွားတာကတော့ ''မြန်မာ ပြည်သည် ရတနာပြည့်တဲ့ တိုင်းပြည်''တဲ့။
ဗောဓိပင်နား တဝိုက်လေ့လာလိုက်တော့
မနက် အရုဏ်ဆွမ်းစားပြီးတာနဲ့ ဗောဓိပင်နားကို ဘုန်းကြီး ရောက်သွားတယ်။ နေ့ဆွမ်းစားကာနီးမှ ဘုန်းကြီးက တည်းခိုတဲကျောင်းကို ပြန်တယ်။ နေ့ဆွမ်းစားပြီးတာနဲ့ ချက်ချင်း ဗောဓိပင်နားပြန်သွားတယ်။ ည ၁ဝ-နာရီ၊ ၁၁-နာရီမှ ကျောင်းပြန်တယ်။ တစ်နေ့လုံး အဲဒီအနားမှာ နေတယ်။
ကိုယ်ကိုယ်တိုင်လဲ လုပ်စရာရှိတဲ့ ကုသိုလ်ရမယ့် လုပ်ငန်းတွေလုပ်၊ ကုသိုလ်ရမဲ့လုပ်ငန်းကို ကိုယ့်ဟာကိုယ် အပြေးအလွှား လုပ်ကိုင်ဆောင်ရွက်ပြီးတော့မှ ဒီဗောဓိပင်နား လာတဲ့လူပေါင်းစုံဟာ ဘာတွေလုပ် နေကြ သလဲဆိုတာကို လျှောက်ပြီးတော့ ထောက်လှမ်းတယ်။
အဲဒီလို စုံစမ်းထောက်လှမ်းတော့ တွေ့ရပါတယ်။ လူအုပ်ကြီး တစ်အုပ်၊ လူ၆ဝလောက် ရှိမယ်လို့ ထင်ပါတယ်။ လူအုပ်ကြီးဟာ အကုန်လုံး မျက်နှာဖြူလူမျိုးတွေချည်းပဲ၊ လူစုံပါတယ်။ တချို့ ဆွီဒင်က၊ တချို့ ဂျာမနီက၊ တချို့ သြစတြေးရီးယား၊ တချို့ အီတလီ၊ တချို့လဲ အမေရိကား၊ တချို့လဲ အင်္ဂလိပ်တွေ လူစုံတက်စုံပါပဲ။
အဲဒီလူပေါင်း ၆ဝ-လောက်ရှိတဲ့လူအုပ်ကြီး တစ် အုပ်ကို ကြည့်လိုက်တော့ တစ်ဝက်လောက်သော ယောက်ျား၊ မိန်းမတွေဟာ ခေါင်းကို အကုန်ရိတ်ထားကြတယ်။ ဆံပင်တွေ မရှိကြဘူး။ ခေါင်းကဆံပင်တွေ အကုန်ရိတ် ထားကြတယ်။ ခါးမှာလဲ နီညိုရင့်ရောင် အဝတ်တွေ ဝတ်ထားကြတယ်။
ဒီကတည်းက ဘုန်းကြီးသိလိုက်ပြီ။ ''ဒီပုဂ္ဂိုလ်တွေ ဟာ တိဘက်ဘုန်းကြီးတွေထံမှာ တပည့်ခံပြီးတော့ တိဘက် ရဟန်းဝတ်ထားကြတာ။ တိဘက်နည်းနဲ့ ရဟန်းပြု ထားကြတာ ယောက်ျားတွေ။ အဲဒီ မျက်နှာဖြူအမျိုးသမီး တွေကလဲ ခေါင်းကဆံပင်တွေရိတ်ပြီး ခုနက နီညိုအဝတ်တွေ ဝတ်ပြီး သူတို့ကလဲ တိဘက်နည်းနဲ့ သီလရှင် ဝတ်ထားကြတာ''။ဒီတော့ မဟာယာနနည်းနဲ့ ရဟန်းပြု၊ မဟာယာန နည်းနဲ့ သီလရှင်ဝတ်ထားတဲ့ ရဟန်းနှင့် သီလရှင်တွေက တစ်ဝက်လောက်၊ သာမန်အရပ်ဝတ် အရပ်စားနဲ့လူက တစ်ဝက်လောက် အားလုံး လူ ၅ဝ-ကျော် ၆ဝ-နီးပါးပေါ့။
(အပိုင်း-၉) ကိုဆက်လက်ဖော်ပြသွားပါမည်

အနှစ်ကိုးပါး(အပိုင်း-၇)

တမင်လုပ်ကြံရေးထားတဲ့ သုတ္တန်
''အဲဒါကို ဒကာကြီး ငြင်းချင်သေးလား''ဆိုတော့ '' ဒီသုတ္တန်ဟာ တစုံတယောက်သောပုဂ္ဂိုလ်က တမင်ရေး ထည့်ထားတဲ့ သုတ္တန် ဖြစ်မှာပေါ့''တဲ့။ အဲဒီလိုပြောလိုက်တော့ ဘုန်းကြီး နည်းနည်း စိတ် ဆိုးချင်လာတယ်။ စိတ်ဆိုးချင်ပေမဲ့ အောင့်ထားရတယ်။ စိတ်ဆိုးရင် ရှုံးမှာကိုး။ ပိဋကတ်သုံးပုံကို အပြည့်အစုံယုံတဲ့ သဒ္ဓါတရား, ဓမ္မရတနာကို ယုံကြည်တဲ့ စိတ်ဓာတ်ဟာ ဟောဒီ မြန်မာ ပြည်က ဗုဒ္ဓဘာသာ သူတော်စင်တွေမှာ အပြည့်အဝ ရှိတယ်။ဟိုဒကာကြီးပြောလိုက်ပုံက ''ဒီသုတ္တန်ဟာ လုပ်ကြံပြီးတော့ ရေးထားတဲ့သုတ္တန်''ဆိုတော့ 'မိစ္ဆာဝါဒ-မှားယွင်းတဲ့ အယူအဆ'ဟာ သူ့နှလုံးသားထဲ ရောက်နေတယ်။ ''ဟိုလူ ဒီလူရေး ထည့်ထားတာတွေ''ဆိုတော့ ''ဓမ္မံ သရဏံ ဂစ္ဆာမိ''ဟာ အဲဒီကစပြီးတော့ အားနည်းနေတယ်''။
အားနည်းနေတော့ ရတနာသုံးပါးရဲ့ ဂုဏ်သတ္တိ (တနည်း)ရတနာသုံးပါးရဲ့ ဂုဏ်ရည်ကို ယုံကြည်တဲ့ သဒ္ဓါသည် သူ့မှာ အပြည့်အဝမရှိဘူး။ ဘုရား ကိုးကွယ်တယ်၊ တရား ကိုးကွယ်တယ်၊ သံဃာကိုးကွယ်တယ်ဆိုပေမဲ့ အပြည့်အစုံ လက်ခံပြီးတော့ ကိုးကွယ်ကြတာမျိုး မဟုတ်ဘူး။
တချို့ တဝက်သာ လက်ခံပြီးတော့ တချို့ တဝက်ကို လက်မခံပဲနဲ့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ''မြန်မာပြည်ရဲ့ အပြင်ဘက်မှာ အလွန်များတာပဲ''လို့ သဘောပေါက်လိုက်တယ်။

မေတ္တာတရားကို အစားအစာနဲ့ မသတ်မှတ်ပါနဲ့
အဲဒီနောက် ဘုန်းကြီးက ဆက်ပြောလိုက်တယ်။''ဒကာကြီး မြတ်ဗုဒ္ဓက သူ့အသက် မသတ်ဖို့ကိုချည်း အမြဲတမ်း ဟောပါတယ်။ မညှဉ်းဆဲဖို့ အမြဲတမ်း ဟောပါတယ်။ မေတ္တာပွားဖို့ အမြဲတမ်း ဟောပါတယ်''။
''ဗုဒ္ဓသားတော်, သမီးတော်တွေကို သတ္တဝါတို့ရဲ့ အသက်ကို မသတ်ရဘူးဆိုတဲ့ သိက္ခာပုဒ်တွေ တားမြစ်ထား တယ်''။
''ဒါပေမဲ့ အစွန်း ၃-ပါးလဲ လွတ်မယ်။ ၁ဝ-မျိုး သော အသားမှလဲ လွတ်မယ်။ တရားသဘောကို ဆင်ခြင်ပြီးတော့ စားမယ်ဆိုရင် အပ်စပ်ပါတယ်''။ ''ဒါပေမဲ့ ကိုယ်တိုင်သတ်စားဖို့တော့ ဘုရားရှင်က လုံးဝ ခွင့်မပြုဘူး''။ အဲဒီလို ပြောပြီးတော့မှ ''ဒကာကြီး အစားအစာနဲ့ မေတ္တာကို သတ်မှတ်ခြင်းသည် မပြည့်စုံပါဘူး။ မေတ္တာတရားကို ဒေါသငြိမ်းတာ မငြိမ်းတာနှင့် သတ်မှတ်ရတယ်၊ အသီးအရွက်တွေကို စားပြီး ဒေါသကြီး ပြီးတော့ နေရင် အဲဒီလူကြီးကို 'မေတ္တာရှင်'လို့ သတ်မှတ်လို့ ဘယ်ရမလဲ''။
''အသားစားချင်လဲ စားပေါ့၊ ငါးစားချင်လဲ စားပေါ့၊ ဒေါသငြိမ်းအောင် ပယ်နိုင်တဲ့ ပုဂ္ဂိုလ်သည် 'မေတ္တာရှင်' ပါပဲ''။
''ဒကာကြီး ဘာပြောချင်သေးတုန်း''လို့ ဘုန်းကြီးက မေးလိုက်တယ်။ သူက ''မပြောတော့ပါဘူး'' ဆိုပြီးတော့ ရပ်သွားတယ်။ မပြောနိုင်လို့ ရပ်သွားတာ။ ကျေနပ်လို့ရပ်သွားတာ မဟုတ်ဘူး။ စိတ်ကတော့ ဆိုးမြဲဆိုးမြဲပဲ။ မျက်နှာကြီး နီနေတယ်။ အခမ်းအနားပြီးသွားတဲ့အခါကျတော့ ဘုန်းကြီးက သူ့ဆီကို ထသွားတယ်။
ထသွားပြီးတော့ လက်ဆွဲလိုက်တယ်။ ''ဒကာကြီး ထစမ်းပါဦး''ဆိုပြီး လက်ဆွဲတော့ သူ မတ်တတ်ကလေး ထလာတယ်။'ဘုန်းကြီးပြောတာတွေ အကုန်လုံး ဒကာကြီး ကျေကျေနပ်နပ် လက်ခံရဲ့လား''လို့ ဘုန်းကြီးက မေးကြည့်သေး တယ်။
''အရှင်ဘုရားပြောတာတွေကို တပည့်တော် ဘာမှ မငြင်းပါဘူးဘုရား''တဲ့။ ''လက်ခံတယ်''လို့တော့ မပြောဘူး။
''ဒါပေမဲ့ အရှင်ဘုရားတို့ဟာ အသားတွေစားစား ပြီးတော့ တရားဟောနေတာ အဲဒါတော့ တပည့်တော် မကြိုက်ဘူး''တဲ့။ သူက တွယ်လွတ်လိုက်သေးတယ်။
ဘုန်းကြီးက သူ့ကို ''ဒကာကြီးကို နည်းမျိုးစုံနဲ့ ဘုန်းကြီး ပြောပြီးပါပြီ၊ မေတ္တာတရားကို အစားအစာနဲ့ မသတ်မှတ်ပါနဲ့လို့ ဆိုထားလျက်သားနဲ့ ဒကာကြီးက လက်မခံဘူး''။
''လက်မခံလဲ မတတ်နိုင်ဘူး ဒကာကြီး။ အရွက်ပဲ စားစား၊ အသီးပဲစားစား၊ စားချင်တာစား၊ ဒါပေမဲ့ ဒေါသ ကိုတော့ နိုင်အောင်ထိန်းပါ'' ပြောလိုက်ပါတယ်။အဲဒီမှာ ည ၇-နာရီခွဲလောက်မှာ ဘုန်းကြီးတို့ရဲ့ အခမ်းအနား ပြီးသွားတယ်။

တဘက်သတ် အစွဲအလမ်း တစ်ဇောက်ကန်း
ဒီတော့ သာသနာကွယ်ခြင်းအကြောင်းတွေကို ရှာလိုက်လို့ရှိရင် ''ဣဓ မေဝ သစ္စံ မောဃမညံ''ဆိုတာကို တွေ့ရတယ်။
ဣဓမေဝသစ္စံ၊ ဤငါရဲ့ဝါဒသည်သာလျှင် မှန်တယ်။ မောဃမညံ၊ သူတပါးတို့ရဲ့ အယူဝါဒဟာ အမှားတွေချည်းပဲ။
''ငါ့ဝါဒက အမှန်။ သူတပါးရဲ့အယူဝါဒက အကုန် မှားတယ်''လို့ တစ်ဘက်သတ် အစွဲသန်ခြင်းသည် သာသနာ ကွယ်ပခြင်းရဲ့ အကြောင်းတစ်ခုပဲ။
ကိုယ့်ဝါဒ အမှန်ချည်း တစ်ဘက်သတ်ဖိချ။ သူတစ်ပါး ဝါဒ အမှားချည်း တစ်ဘက်သတ်ဖိချ။ ဒါဟာ သာသနာ ရဲ့ အားနည်းမှု အကြောင်းတွေပဲ။
မျှမျှတတ စဉ်းစားပြီးတော့ မှားတာကို ပယ်စွန့် မှန်တာကို လက်ခံ။ ဒီလိုမှ သဘာဝကျတာ။
ခုတော့ သူ့အသား မစားပဲနဲ့ နေလာခဲ့တဲ့ အလေ့အကျင့်ကို အကောင်းဆုံးလုပ်ပြီးတော့ အသားစားတဲ့ ပုဂ္ဂိုလ်တွေ အပါယ်ပဲ ချက်ချင်းဆင်းရတော့မလိုလို၊ သူ ယုတ်မာတွေ အကုန်ဖြစ်ကုန်ပြီလိုလိုနဲ့ သူက ပြောတယ်။
ဒီလိုလုပ်လာတော့ အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အစွဲ သန်နေတဲ့ အတွက်ကြောင့် သူတော်ကောင်းဓာတ်တော့ များများကြီး မကိန်းနိုင်ဘူးဆိုတာ ထင်ရှားတယ်။ ဒါကြောင့် အရာရာကို မျှမျှတတ ရှိဖို့လိုအပ်ပါတယ်။
အပိုင်း(၈)ဆက်လက်ဖော်ပြသွားပါမည်

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မေ
လာက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်
အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ
အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို
အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့
သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင်
အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။
အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့
လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်
အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့
တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ
သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို
မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး
ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့
မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊
ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။
ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်
လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ
ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့
မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ
မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်


• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ
များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ
နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်
တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို
ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်
ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ
ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး
ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။
အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်
အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။
ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး
တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း
ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။
ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။
ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။
ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့
မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို
ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။
စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို
ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ
ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။
စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး
ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။
သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ
တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်
ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက်
နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး
အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့
ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။
သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို
တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့
တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ
အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက
ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ
ခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ်
ဝိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။
ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
(ရေနံ့သာမောင်ဘဲ၏ ဓမ္မဒါနဖြစ်ပါသည်။)

အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏
ဤ Onlineတရားများ ဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။
နီးစပ်ရာလေးတွေပါ မျှဝေပေးပါဦး..

တရားအရသာကို နှစ်သက်၍ တရား၌မွေ့လျော်၊ တရားနှင့်ပျော်ကာ ဒုက္ခခပ်သိမ်း
ငြိမ်းအေး အောင်နိုင်ပါစေ...
အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့်
ပြည့်စုံကြပါစေ...

ဖြစ်နိုင်? မဖြစ်နိုင်?

ဆင်ဆိုတဲ့ သတ္တဝါက တစ်တန်လေးတဲ့ပစ္စည်းကို နှာမောင်းနဲ့ အသာလေးမချီနိုင်တယ်။ ဒါပေမယ့် ဆပ်ကပ်မှာ ကျွန်တော်တို့တွေ့မြင်တဲ့ဆင်က တိုင်တစ်တိုင်အောက်မှာ ငြိမ်ငြိမ်သက်သက် ချည်နှောင်ခံခဲ့ရတယ်။ အကြောင်းက ဆင်တွေဟာ ငယ်စဉ်ခွန်အား မရှိခင်ကတည်းက ကြီးလေးတဲ့သံကြိုးတွေနဲ့ချည်နှောင် ခံခဲ့ ရတယ်။ စစချင်းမှာ ဆင်ငယ်က ရှိသမျှခွန်အားနဲ့ ရုန်းခဲ့ပေမယ့် သံကြိုးမပြတ်ခဲ့ဘူး။ဒီလိုနဲ့ ဆင်ငယ်ကနေ ဆင်ကြီးဖြစ်လာပြီး ခွန်အားတွေတိုးခဲ့လည်း တိုင်မှာ မလှုပ်မယှက် ချည်နှောင်ခံထားရ ဆဲဖြစ်တယ်။ တကယ်တော့ ကြီးပြင်းလာတဲ့ဆင်တွေမှာ အသာလေးရုန်းရုံနဲ့ သံကြိုးပြတ်နိုင်တဲ့ ခွန်အားတွေရှိခဲ့ပေမယ့်
ငယ်စဉ်တည်းက “သံကြိုး လုံးဝမပြတ်နိုင်ဘူး” ဆိုတဲ့ အချည်နှောင်ခံရတဲ့ အသိက ဦးနှောက်ထဲ သံမှိုစွဲ နေခဲ့လို့ဖြစ်တယ်။ ဒါကြောင့် အင်အားရှိခဲ့သည့်တိုင်ကြိုးကလွတ်ရုန်းဖို့ မကြိုးစားခဲ့ကြတော့ဘူး။ သတ္တဝါတွေမှ မဟုတ်ပါဘူး။ အသိပညာရှိတဲ့ လူတွေမှာလည်း “တစ်သတ်မှတ် အတွေး၊အမြင်” တွေ့ကြောင့် “ငါ့မှာ စွမ်းရည်မရှိဘူး၊ မလုပ်နိုင်ဘူး” ဆိုတာနဲ့ အချိန်တွေ၊ အခွင့်အရေးတွေ အများကြီး လက်လွတ်ဆုံးရှုံးစေခဲ့တယ်။

ပဒူကောင် (Hornet)တွေဟာ မပျံသန်းနိုင်ဘူးလို့ သိပံ္ပပညာရှင်တွေက လေ့လာဆန်းစစ် အဖြေထုတ်ခဲ့ ကြတယ်။ ပဒူတွေရဲ့ကိုယ်ထည်ဟာ ကြီးမားပြီး အတောင်ပံက ပါးလွှာသေးငယ်လို့ဖြစ်တယ်။ စွမ်းအားနဲ့ ပတ်သက်တဲ့ ပညာအရ(dynamics) ပဒူတွေဟာပျံသန်းဖို့ လုံးဝ မဖြစ်နိုင်ခဲ့ဘူး။ဒီလိုလေ့လာ ဆန်းစစ်ချက်ကို ပဒူတွေက မသိခဲ့ဘူး။ ဒါကြောင့် သူတို့ပျံသန်းနိုင်ခဲ့ကြတယ်။
Ford ကားကုမ္ပဏီပိုင်ရှင် Fordဟာ အသက်(၄ဝ)ရောက်မှ အောင်မြင်မှုရခဲ့သူဖြစ်တယ်။ သူဟာ အတန်းပညာကို ဟုတ်တိပတ်တိသင်ခဲ့ဖူးသူမဟုတ်ဘူး။ စီးပွါးရေးအောင်မြင်ပြီးနောက် Ford ဟာ 8-cylinderengine ကိုလုပ်ဖို့ ကြိုးစားခဲ့တယ်။ ပညာရှင် အင်ဂျင်နီယာတွေကို ခေါ်ယူပြီး 8-cylinder အင်ဂျင်တစ်ခုလုပ်မယ့်အကြောင်း ပြောခဲ့တယ်။ ထက်မြက်ပြီး၊ အဆင့်မြင့်ပညာတွေ၊ ကိန်းဂဏန်း သင်္ချာ၊ ရှုပဗေဒ၊ သီအိုရီ စတာတွေ သင်ယူခဲ့ဖူးတဲ့ အင်ဂျင်နီယာတွေက ဘယ်အရာကိုဖြစ်နိုင်တယ်၊မဖြစ်နိုင် ဘူးဆိုတာ သိနေခဲ့တယ်။ သူတို့ဟာ Ford ကို ခွင့်လွတ်နားလည်ဟန်နဲ့“သနားစရာ ဒီအဘိုးကြီးကို ရှင်းပြရတော့မယ်။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့သူဌေးပဲ” ဆိုပြီး အင်ဂျင်နီယာ ပညာရှင်တွေက Ford ကို စိတ်ရှည်သည်းခံစွာနဲ့ 8-cylinder အင်ဂျင်ဟာ စီးပွါးရေးအရ ဘယ်လိုမှ အဆင်မပြေတဲ့အကြောင်း ရှင်းပြခဲ့ လည်း Fordက လက်မခံခဲ့ဘူး။ သူသိတာက 8-cylinderအင်ဂျင်ရဖို့ဆိုတာပဲဖြစ်တယ်။

အင်ဂျင်နီယာတွေက စိတ်မပါတပါနဲ့ လုပ်ငန်းစကြပြီး ရက်အတော်အသင့်မှာ Fordကို မဖြစ်နိုင်တဲ့အကြောင်း တင်ပြပြန်တယ်။ “လုပ်လေလေ ဒီ 8-cylinder အင်ဂျင်က မဖြစ်နိုင်လေလေဆိုတာကိုကျွန်တော်တို့ သိလိုက်ရတယ်” Ford က ဒီလိုတော်ရုံအပြောနဲ့ လက်လျော့တတ်သူ မဟုတ်ခဲ့ဘူး။“အင်ဂျင်နီယာများခင်ဗျား .. ဒီ 8-cylinder အင်ဂျင်ကို မဖြစ်မနေအမြန်ဆုံးပြုလုပ်ပေးပါ” အင်ဂျင်နီယာတွေ လုပ်ငန်းစကြပြန်တယ်။ ပထမတစ်ခေါက်ထက်သူတို့ပိုကြိုးစားလာကြတယ်။ အချိန်တွေကုန်ခဲ့သလိုရင်းနှီးမှုတွေလည်းများလာခဲ့တယ်။ ဒါပေမယ့် Ford ကို အရင်တစ်ခေါက်လိုပဲ မဖြစ်နိုင်ဘူးလို့ သူတို့တင်ပြပြန်တယ်။ ဒါပေမယ့် အောက်ခြေသိမ်း အလုပ်က စခဲ့ပြီး၊ အဆင့်မြင့် အတန်းပညာတွေ မတင်ခဲ့ဖူးတဲ့ Fordရဲ့ ဦးနှောက်ထဲမှာ မဖြစ်နိုင်ဆိုတဲ့စကားက ရှိမနေခဲ့ဘူး။ အင်ဂျင်နီယာတွေကို သူခိုင်းစေခဲ့ပြန်တယ်။
“အင်ဂျင်နီယာများခင်ဗျား.. ဒီ 8-cylinder အင်ဂျင်က ကျွန်တော့်ဆီမှာ ရှိကိုရှိမှဖြစ်မယ်။ ဒါကြောင့် ကျွန်တော့်အတွက် လုပ်ပေးကြပါ” ဒီလိုနဲ့နောက်ဆုံးမှာ 8-cylinder အင်ဂျင်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဘယ်လိုအရာမျိုးက မဖြစ်နိုင်ဘူးဆိုတာကို မသိတဲ့လူတစ်ယောက်ကြောင့် လုပ်နိုင်ခဲ့တာဖြစ်တယ်။ ဒီလို အဖြစ်မျိုးကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့နိုင်တယ်။ မဖြစ်နိုင်ဘူးလို ထင်တဲ့ လူတစ်ယောက်က အောင်မြင်အောင် မလုပ်နိုင်ခဲ့သလို ဖြစ်နိုင်တယ်လို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။
Wright ညီအစ်ကိုနှစ်ဦး စက်ဘီးအရောင်းအဝယ် ပြုလုပ်ရင်း မိုးပေါ်မှာပျံသန်းနိုင်မယ့် လေယာဉ်ပျံကို ထီထွင်ခဲ့တုန်း“မဖြစ်နိုင်ဘူး” လို့ လူတွေဆိုခဲ့ကြပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ကြိုးစားမှုကြောင့် အမြင့်မှာ ပျံသန်းနိုင်ပြီး ပို့ဆောင်သယ်ယူရမှာ အမြန်ဆုံးဖြစ်တဲ့ လေယာဉ်ပျံကိုအောင်မြင်စွာထီထွင်နိုင်ခဲ့တယ်။ “မဖြစ်နိုင်” ဆိုတာကို Wrightတို့ ညီအစ်ကိုနှစ်ဦးက “ဖြစ်အောင်” လုပ်နိုင်ခဲ့တယ်။
တကယ်တော့ တစ်ချို့ကိစ္စတွေဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကိုယ့်ရဲ့ပုံသေအတွေး၊ တစ်သတ်မှတ် အမြင်တွေကို ဖယ်ရှားပြီကြိုးစားအားထုတ်လုပ်ဆောင်ခဲ့ရင် “မဖြစ်နိုင်” က “ဖြစ်နိုင်” သွားပါတယ်။
၁၉၂၁ ခုနှစ် ဇွန်လ ၂ရက်နေ့မှာ (နယူးယောက် တိုင်း(မ်)) ၂၅ နှစ်ပြည့် အထိမ်းအမှတ်လုပ်ခဲ့ပြီး ကြေညာစာတစ်စောင် ထုတ်ဝေခဲ့တယ်။ ကြေညာစာစောင်မှာ ယနေ့သတင်းဖတ်နှုန်းသည် ယခင် ၂၅နှစ် ထက် ၂၅ဆ ပိုခဲ့သည်ဆိုတဲ့သတင်းတစ်ခုပါခဲ့တယ်။
စာဖတ်သူအများရဲ့အမြင်မှာ ဒါဟာ သာမန်သတင်းတစ်ခုလို့ မှတ်ယူခဲ့ကြတယ်။သာမန်လွန်းလို့ တစ်ချို့က ဖတ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် တွေးတောတတ်ပြီး သာမန်အမြင်နဲ့ မမြင်တဲ့ လူတစ်ချို့ရဲ့ အကြည့်မှာ ဒါဟာ အရမ်းအဖိုးတန်တဲ့ သတင်းတစ်ခုဖြစ်ခဲ့တယ်။ အမေရိကန်မှာရှိတဲ့ လူ (၁၆)ဦးက ဒီသတင်းကြောင့် ဂျာနယ်တစ်စောင်ထုတ်ဝေနိုင်ဖို့ အမြန်လှုပ်ရှားခဲ့ကြတယ်။ (၃)လ အတောအတွင်းမှာ ရင်းနှီးမတည်ငွေ ဒေါ်လာ(၅ဝဝ)ကို ဘဏ်မှာ သူ့ထက်ငါ အလုအယုက် သွားရောက် သွင်းခဲ့ကြပြီးလုပ်ငန်းလိုင်စင်တွေ လျှောက်ခဲ့ကြတယ်။
အဲဒီနောက် သက်ဆိုင်ရာ စာရွက်စာတမ်းပြုလုပ်ဖို့အတွက် စာတိုက်ကို သွားရောက်ခဲ့ကြတယ်။ စာတိုက်တာဝန်ခံတွေက ရွေးကောက်ပွဲတွေ မကြာခင်ပြုလုပ်မှာဖြစ်တဲ့အတွက် ဒီလိုစာစောင်ရဲ့လျှောက်လွှာနဲ့
ထုတ်ဝေမှုတွေကို လောလောဆယ် လုပ်မပေးနိုင်သေးကြောင်း၊ လုပ်ပေးနိုင်မယ့် အချိန်အခါကိုလည်း တိတိကျကျ မသိသေးကြောင်းပြောခဲ့တယ်။
အဲဒီသတင်းကြောင့် လူ (၁၅)ဦးက အချိန်အခါနဲ့ ဂျာနယ်ထုတ်ဝေဖို့ မသင့်လျှော်ဘူးဆိုပြီး လုပ်ငန်း လိုင်စင်လျှောက်ဖို့ ရက်ကို နောက်ရွေ့လိုက်ကြတယ်။ ဒါပေမယ့် DeWitt Wallace လို့ခေါ်သူ တစ်ဦးက
ဒီသတင်းကို ဂရုမစိုက်ခဲ့ဘူး။ “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားကိုလည်း စိတ်ထဲမှာ မထည့်ခဲ့ဘူး။ စာတိုက် တာဝန်ခံရဲ့ “မဖြစ်နိုင်” ဆိုတဲ့စကားက သူ့ပြိုင်ဖက် (၁၅)ဦးကို အလဲထိုးလိုက်တယ်လို့ပဲ မှတ်ယူခဲ့တယ်။
Wallaceက သူငှားနေတဲ့ နယူးယောက်က Greenwich Village နေအိမ်ကို ပြန်ရောက်ပြီးနောက် စာအစောင် (၂ဝဝဝ) နဲ့အတူ Card ordersကိုသူ့ရဲ့ဇနီးမယားဖြစ်လာမယ့် ချစ်သူရဲ့ အကူအညီနဲ့ အနယ်နယ် အရပ်ရပ်ကို
ပို့ခဲ့တယ်။ ဒီလိုနဲ့ “Reader's Digest” ဆိုတဲ့စာစောင်တစ်ခု အရှိန်အဟုန် ပြင်းပြင်းနဲ့မွေးဖွားခဲ့တယ်။ ၂ဝ ရာစုနှောင်းပိုင်းမှာ “Reader's Digest”က ဘာသာ (၁၉)မျိုး၊ ဗားရှင်း (၄၈)မျိုးနဲ့ ထုတ်ဝေခဲ့ပြီးဖြစ်တယ်။
နိုင်ငံပေါင်း (၁၂၇) ကို ဖြန့်ချီခဲ့ပြီး ဝယ်ယူသူပေါင်း သန်းတစ်ရာ့တစ်ဆယ်ကျော် ရှိခဲ့တဲ့အပြင် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း(၅ဝ)ကျော်ရှိခဲ့တယ်။ အမေရိကန်စာစောင်တွေမှာ နံပါတ် (၁) နေရာအဖြစ်ဆယ်စုနှစ်ကျော် နေရာယူထားတဲ့ စာစောင်ဖြစ်ခဲ့တယ်။ “Reader's Digest” ရဲ့အောင်မြင်မှုက လူတွေ “မဖြစ်နိုင်ဘူး” လို့ ထင်တဲ့အရာကို “ဖြစ်အောင်”Wallace လုပ်ခဲ့ကြောင်း သက်သေပြနေခဲ့တယ်။
ပုံသေအတွေး၊ တစ်သတ်မှတ်တည်းသော အမြင်ကိုပြောင်းလဲပြီး ချုံ့ချဲ့ကွေးဆန့်လို့ရတဲ့အတွေးနဲ့ တွေးတောမယ်၊ ဇွဲလုံလမလျှော့ ကြိုးစားမယ်၊ စူးစမ်းမယ်ဆိုရင် “မဖြစ်နိုင်” တဲ့ကိစ္စက နောက်ဆုံးမှာ “ဖြစ်နိုင်”ခဲ့ပါတယ်။
မူရင်း... 丁滿(D Man) ပြုစုတဲ့ The Secret of Success Inspiring ဆိုတဲ့
စာအုပ်ထဲကဖြစ်ပါတယ်။

Sunday, August 30, 2009

နီးပါလျက်နဲ့ မဝေးစေလို…

``တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခု၏ တန်ဘိုးကို ဝေးနေသည့်အခါ၊ မရှိသည့်အခါမှ ပိုပြီးသိရ၏`` ဟု ပြောလေ့ရှိကြ၏။ မှန်ပါသည်။ တန်ဘိုးသိမှ တန်ဘိုးရှိ၏ဟု ဆိုသည့်အတိုင်းပင် တန်ဘိုးဟူသည် ထိုတန်ဘိုး ကို မသိနားမလည်ပါက အနီးကပ်နေသော်လည်း အလေးမထားမိ၊ ဂရုမပြုမိပဲ ရှိတတ်ကာ ဝေးနေသကဲ့သို့ ဖြစ်တတ်၏။ ဝေးနေသော်လည်း တန်ဘိုးကိုသိသဖြင့် နီးအောင်လုပ်ကာ အလေးဂရုပြုကြသဖြင့် နီးနေ သကဲ့သို့ ဖြစ်တတ်၏။ ဤနေရာတွင် ပြောလိုသည့် တန်ဘိုးဟူသည် ဘ၀တန်ဘိုး၊ စစ်မှန်သည့်အမှန်တရား၏ တန်ဘိုး၊ ကိုးကွယ်ခံထိုက်၊ အားကိုးထိုက်သည့် ရတနာတို့၏ တန်ဘိုးကို ဆိုလို၏။ ထိုတန်ဘိုးများသည် မိမိတို့အနီးတွင် ရှိနေသော်လည်း အလေးမထားမိ၊ တန်ဘိုးမထားမိ၊ ရယူရကောင်းမှန်း မသိမှု စသည်စသည့် မသိမှုများကြောင့် နီးကားနီး၏ သို့သော်ဝေးနေ၏ဟု ဆိုရခြင်းဖြစ်၏။
ထိုသဘောသည် အခြားအရာများထက် မျက်မှောက်ခေတ် မြန်မာဗုဒ္ဓဘာသာအများအတွက် ပို၍ မှန်နေ သည်ဟုပင် ဆိုရမလို ဖြစ်နေ၏။ ခေတ်ကာလ ပြောင်းလဲမှုအနေ အထားအရ မြန်မာဗုဒ္ဓဘာသာ အများစု တို့သည် အနှစ်သာရ တန်ဘိုးများနှင့် နီးလျက်နဲ့ဝေးနေသကဲ့သို့ ဖြစ်နေကြ၏။ အူမတောင့်မှ သီလစောင့်၏ ဟူသော စကားအတိုင်းလိုက်ကာ အူမတောင့်အောင် ကြိုးစားရင်း အချိန်ကုန်ကောင်းနေကြ၏။ ရုပ်ပိုင်း ဆိုင်ရာနောက်ကို လိုက်ရင်း အနှစ်သာရများနှင့် ဝေးဝေးလာကြ၏။ အူမတောင့်အောင် ကြိုးစားပြီးရင် သီလစောင့်မယ်ဟူသော ရည်ရွယ်ချက်များဖြင့် ကြိုးစားနေကြသည်ဆိုက မည်သည့်အချိန်တွင် အူမတောင့် ကြမည်နည်း။ ထိုသို့ကြိုးစားရင်းဖြင့် သီလစောင့်ချိန် မရောက်တော့ဘဲ ဘ၀ပြောင်းသွားကြသည် မှာလည်း မရေမတွက်နိုင်အောင် ရှိနေကြ၏။ အရာအားလုံးသည် အမြဲတမ်းမတည်မြဲ ပြောင်းလဲနေသည်ကို သတိပြုပြီး ယခုလို နီးနေသည့်အခိုက်တွင် တန်ဘိုးကိုသိကာ အရယူရမည့်အချိန်တွင် ရုပ်ပိုင်ဆိုင်ရာနောက်ကို လိုက်နေ ကြသဖြင့် အနှစ်သာရ တန်ဘိုးများနှင့် ဝေးနေကြခြင်းဖြစ်၏။ သို့ဆိုလျှင် မည်သည့်အချိန်တွင် အလိုပြည့် မည်နည်း၊ မည်သည့်အချိန်တွင် အနှစ်သာရ တန်ဘိုးတွေဘက်ကို လှည့်ကြမည်နည်းဟု မိမိတို့ကိုယ်ကို ပြန်လည်မေးစိစစ်ရန် လိုအပ်လာပေ၏။ မဆုံးနိုင်သည့် လောဘအလိုကို လိုက်နေမည်ဆိုပါက အနှစ်သာရ များနှင့် နီးနေသော်လည်း တဖြေးဖြေးဝေးနေကြမည်မှာ အမှန်ပင်ဖြစ်၏။
အမှန်စင်စစ် စာရေးသူတို့ မြန်မာနိုင်ငံသည် ကျန်သည့်အရာများတွင် ဂုဏ်ယူနိုင်စရာ မရှိသော်လည်း ဘာသာတရားနှင့် ပတ်သက်လာလျှင် ကမ္ဘာမှာ မြန်မာဟု လက်မထောင်နိုင်၏။ အထူးသဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ပတ်သက်လာလျှင် ထေရ၀ါဒနိုင်ငံချင်းတူသည့် သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံ တို့ထက် အစစအရာရာ ပြည့်စုံသည့်အပြင် ကမ္ဘာတွင်လည်း ထင်ရှားသည့် နိုင်ငံဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားတော်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်းမပြု တစ်သမတ်တည်း ထိန်းသိမ်းစောင့်ရှောက် ထားသည့်နိုင်ငံအဖြစ်၊ မြတ်ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကအတိုင်း လိုက်နာကျင့်သုံး နေထိုင်သည့်နိုင်ငံ အဖြစ်၊ မြန်မာနိုင်ငံသည်သာ ဗုဒ္ဓနိုင်ငံတော်အဖြစ် တင်စားရလောက်အောင် ဗုဒ္ဓဘာသာနှင့် ပတ်သက်လာ လျှင် ထင်ရှားသည့် နိုင်ငံဖြစ်၏။ မြန်မာနိုင်ငံသို့ သွားရောက်ကာ ပြန်လာကြသည့် နိုင်ငံခြားသားများက ဆိုလျှင် မြန်မာနိုင်ငံသည်သာ အမှန်တကယ် ချမ်းသာသည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်သားတို့သည် ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့ဆင်းရဲကြသော်လည်း စိတ်ပိုင်းဆိုင်ရာတွင် အခြားနိုင်ငံများထက်သာကြောင်း စသည်ဖြင့် ဂုဏ်ယူစွာ ပြောဆိုလေ့ရှိတတ်ကြ၏။ ထို့ကြောင့်လည်း ၎င်းတို့ကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်ကာ အပင်ပန်းအဆင်းရဲခံပြီး တရားဓမ္မများ ကျင့်ကြံအားထုတ်ကြ၏။ ဓမ္မအနှစ်သာရများကို တွေ့ရှိကာ ရဟန်းဘ၀ကို ခံယူသည်အထိ ၎င်းတို့ဘ၀ကို ပြောင်းလဲလိုက်ကြ၏။ အချို့မဟာယာန ရဟန်း တော်များ ဆိုလျှင်လည်း မိမိတို့မဟာယာန ရဟန်းအဖြစ်ကို စွန့်လွတ်ကာ ထေရ၀ါဒ ရဟန်းအဖြစ်ခံယူ၍ ၀ိနည်းသိက္ခာ အကျင့်တရားများကို စောင့်ထိမ်းကုန်ကြ၏။ ထို့အပြင် မိမိတို့ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ရောက်သည့်အခါတွင်လည်း မိမိတို့ရရှိခဲ့သည့် အနှစ်သာရတန်ဘိုးများကို တစ်ဆင့် ပြန်လည် ဖြန့်ဝေပေးနေကြသည်ကို တွေ့ရ၏။ ထိုသူတို့၏ လက်တွေ့ဆောင်ရွက်ချက်များကို ကြည့်ပါက ဝေးနေ သော်လည်း နီးနေကြသူများဖြစ်နေကြသည်ကို တွေ့ရမည်ဖြစ်၏။ တန်ဘိုးကိုသိသဖြင့် တန်ဘိုးရှိသူများ ဖြစ်နေကြ၏။
တစ်ဘက်ကပြန်ကြည့်လျှင် စာရေးသူတို့ မြန်မာဗုဒ္ဓဘာသာများသည် ထိုသူတို့ထင်သကဲ့သို့ လက်တွေ့ဘ၀ မှာ အမှန်တကယ်ချမ်းသာသူများ ဖြစ်ကြ၏လားဟု မိမိကိုယ်ကို မိမိစစ်တမ်းထုတ်ရန် လိုအပ်လာ၏။ နိုင်ငံခြားသားများ ကောက်ချက်ချသကဲ့သို့ မိမိတို့နိုင်ငံသည် အနှစ်သာရရှိ၊ တန်ဘိုးရှိသည့် ဗုဒ္ဓနိုင်ငံဖြစ်နေ သော်လည်း မိမိတို့ကိုယ်တိုင် ထိုအနှစ်သာရများကို ရရှိနေကြပြီလားဟု ပြန်လည်သုံးသပ်ရန် လိုအပ်လာ၏။ စင်စစ် လက်တွေ့မျက်မှောက် ဘ၀တွင် ထိုသို့မဟုတ်ကြပေ။ မြန်မာဗုဒ္ဓဘာသာဝင် အများစုသည် အမည်ခံ ဗုဒ္ဓဘာသာဝင် အများစုသာ ဖြစ်နေကြသည်ကို တွေ့ရ၏။ ဗုဒ္ဓဘာသာဟု အမည်ခံထားသော်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသာ တဖြည်းဖြည်းများလာကြ၏။ ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဗုဒ္ဓအကြောင်း မသိ၊ ဗုဒ္ဓ၏အဆုံးအမကို နားမလည်၊ ဗုဒ္ဓ၏ ညွှန်ကြားချက်ကို မလိုက်နာသည်များက များနေ၏။ ထိုသို့ မသိမှုများနေသည်ကို တတ်သိနားလည်သည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်များထံ မေးမြန်းရန်လည်း အားမထုတ် ကြဘဲ ဖြစ်နေကြ၏။ သိတတ်နားလည်မှု ပညာအားနည်းလာ ကြသဖြင့် ကိုယ်ကျင့်သီလ စောင့်ထိမ်းမှု များလည်း ချို့တဲ့လာကြ၏။ တစ်ဘက်ကပြန်ကြည့်လျှင် တိုင်းပြည်မပြည့်စုံမှုကြောင့် လူတွေ ကိုယ်ကျင့်သီလ ပျက်ဆီးကြသည်ဟု ဆိုနိုင်သော်လည်း ကိုယ်ကျင့်သီလဟူသည် သီလဖြစ်သဖြင့် မည်သူ တရား ပျက်ပျက်ကိုယ်မပျက်အောင် နေမည်ဆိုသည့် ခံယူချက်ထားမည်ဆိုက အထိုက်အလျောက် ထိမ်းနိုင်ကြမည် ဖြစ်၏။ တိုင်းပြည်မွဲသည့်အတွက် ကိုယ်ကျင့်သီလပျက်ကြသည်ဟု ဆိုလျှင် ချမ်းသာသည့် နိုင်ငံများတွင် လည်း ကိုယ်ကျင့်သီလ ပျက်နေကြသည်ပဲ မဟုတ်လားဟု စောဒကတက်နိုင်၏။ မည်သို့ဆိုစေ ကိုယ်ကိုယ် တိုင် ကျင့်နိုင်ပါက ပျက်စရာအကြောင်း နည်းနိုင်၏။ တစ်ဘ၀ တစ်နပ်စား မလုပ်မိရန်သာ အရေးကြီး၏။
စင်စစ် အခြေခံအားဖြင့် ကြည့်ပါက ဘာသာတရားအပေါ် မသိမှုများလာခြင်းသည် အကြောင်းပေါင်း စုံသွား၍သာ ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် ယခင်က မခံစားဖူးသေးသည့် အသစ်အဆန်း ရုပ်ဝတ္ထုများနောက်ကို လိုက်နေကြသည်က တစ်ကြောင်း၊ မိဘဆရာသမားများ၏ သွန်သွင်သင်ဆုံးမမှုကို ခံယူရန်လိုအပ်သော်လည်း မိဘများမှာ စားဝတ်နေရေးအတွက် ကြိုးစားရှာဖွေနေရသဖြင့် အချိန်မပေး နိုင်သည်က တစ်ကြောင်း၊ မညှာတမ်းပြောရလျှင် ယနေ့ခေတ် မိဘများကိုယ်တိုင် ဘာသာတရား အနှစ်သာရ များနှင့် မသိဝေးကွာလာနေသည်က တစ်ကြောင်း၊ လူငယ်များကိုယ်တိုင်ကပင် ယုံကြည်မှုသဒ္ဓါတရား နည်းလာကြသဖြင့် ဘာသာတရားရဲ့ အားနည်းချက်များကို ကြည့်ကာ ဘာသာတရား မရှိလည်းဖြစ်သည် ဟူသည့် အတွေးများဝင်လာသည်က တစ်ကြောင်း စသည့်စသည့် အကြောင်းများကြောင့် ဖြစ်သည်ဟု ဆိုနိုင်၏။
သို့သော် ဖြေသာစရာ ကောင်းသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ် ကိုင်နေကြသည့် မြန်မာလူငယ်များသည် အခြားနိုင်ငံများတွင် ကြုံတွေ့ကြရသည့် လောကဓံအမျိုးမျိုးကြောင့် စိတ်ဓာတ်အမျိုးမျိုကျလာရာက ငြိမ်းချမ်းမှုကိုရှာရင်း ဘာသာတရား၏ အနှစ်သာရများကို တွေ့ရသဖြင့် ဘာသာတရားအပေါ် တဖြည်းဖြည်းပြန်လည် စိတ်ဝင်တစား လေ့လာ အားထုတ်လာကြည့်သည့်အပြင် မိမိတို့သိသမျှကို တစ်ဆင့်ပြန်၍ မျှဝေပေးလာကြသည်ကို တွေ့ရသည့် အချက်ပင်ဖြစ်၏။ ခလုပ်ထိမှ အမိတကြသည်ဟုပဲ ပြောပြော၊ ဝေးမှတန်ဘိုး သိသည်ဟုပဲ ဆိုဆို ဤကဲ့သို့ ဘာသာတရား အပေါ်စိတ်ဝင် တစား ရှိလာကြသည်ကပင် ဖြေသာစရာ တစ်ခုဖြစ်လာမိ၏။ မဖြေနိုင်သည်က ပြည်တွင်းရှိ နီးပြီးဝေးနေ ကြသူများနှင့် ပြည်ပရောက်နေသော်လည်း အပျော်အပါး၊ အသောက်အစား၊ အလောင်းအစားများနှင့် အချိန်ကုန်နေကြသူများ အတွက်ဖြစ်၏။ ထိုသူများအတွက် ရင်လေးလာမိ၏။ မည်သည့်အချိန်တွင် အနှစ်သာရများ နောက်ကိုလိုက်ကြမည်နည်းဟု မေးခွန်းထုတ်လာမိ၏။ ငယ်ပါသေးသည် နောက်မှလေ့လာ ကျင့်ကြံအားထုတ်ကြတာပေါ့ဟု ဆိုပါက အဲဒီအချိန်မရောက်မီ သေသွားပါက မည်ကဲ့သို့ဖြေကြမည်နည်းဟု တွေးကာ ကရုဏာသက်လာမိ၏။ နောင်တရသည့်အချိန်သည် နောက်ကျသွားသည့် အချိန်မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိ၏။ အားလုံးသိကြသည့်အတိုင်း သေခြင်းတရားဟူသည် အချိန်၊ အရွယ်သတ်မှတ်ချက်မရှိ အမြဲလာနေတတ်သောကြောင့် ဖြစ်၏။ မသေမီ မိမိဘ၀အတွက် ဘာလုပ်ပြီးပြီလဲဟု မေးကြည့်ရန် လိုအပ်၏။ မလုပ်ရသေးလျှင် အချိန်မရှိတော့သဖြင့် ယခုထလုပ်ရန် လိုအပ်နေပြီဖြစ်၏။
အခြားသူများ၊ အခြားနိုင်ငံသားများနှင့် စာလျှင် မိမိတို့မြန်မာ နိုင်ငံသားများမှာ စစ်မှန်သည့် အနှစ်သာရများ အဆင်သင့်ရှိ၏။ အနီးလေးမှာ ရှိ၏။ သို့ဖြစ်လျှက် မည်သည့်အတွက်ကြောင့် ဝေးအောင်လုပ်နေကြ သနည်းဟု မိမိကိုယ်ကို မေးခွန်းထုတ်ရန် လိုအပ်လာ၏။ အဝေးမှာ ရှိသူများက စစ်မှန်သည့်အနှစ်သာရ အတွက် မိုင်ပေါင်းမြောက်များစွာ ဝေးကွာသည့်အရပ်မှလာ၍ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းခံကာ လာရောက်လေ့လာနေကြပါလျက် အနီးလေးမှာရှိသည့် မိမိတို့က မည်သည့်အတွက် ဝေးနေကြသနည်းဟု မိမိကိုယ်ကို စိစစ်ရန် လိုအပ်လာ၏။ အခြားဘာသာဝင်များနှင့် တွေ့ဆုံစကား ပြောကြသည့်အခါ မိမိတို့က မိမိတို့ကိုးကွယ်သည့်ဘာသာ အကြောင်းဘာမှ မသိမပြောတတ်သည့်အခါ မိမိတို့ဘာတွေ လိုအပ်နေ သည်ကို ဆင်ခြင်ရန် လိုအပ်လာ၏။ အတိုဆုံးနှင့် အလွယ်ဆုံး ပြောရလျှင် နီးလျက်နဲ့ ဝေးနေကြသောကြောင့် သာ ဖြစ်၏ဟု ဆိုနိုင်၏။
သို့ဖြစ်၍ အချုပ်အားဖြင့် သတိပြုရန်မှာ မိမိတို့သည် အနှစ်သာရများကို ပိုင်ဆိုင်ထားသည့် သူများဖြစ်သည်ကို မမေ့ကြရန်နှင့် ယင်းအနှစ်သာရ အဆုံးအမများကို သိအောင်လေ့လာ ကြိုးစားပြီး အနီးလေးမှာ ရှိသည့် အနှစ်သာရ သစ္စာတရားများကို ဝေးမသွားရန်၊ နီးလျက်နဲ့ မဝေးကြစေရန် အချိန်ရှိသည့် အခိုက် ကြိုးစားလိုက်ကြရန် လိုအပ်နေပြီ ဟူသည့် အချက်ပင် ဖြစ်ပါကြောင်း သတိပေးတိုက်တွန်း လိုက်ရပေသည်။

အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…

မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးတို့တွင် အရဟံ ဂုဏ်တော်ကို ပထမဆုံးဂုဏ်တော်အဖြစ် ပိဋကတ်စာပေ များ၌ တွေ့ရမည်ဖြစ်၏။ ဘုရားရှင်၏ဂုဏ်တော်များ အကြောင်းပြောကြလျှင်လည်း အရဟံစသော ဂုဏ်တော် ကိုးပါးဟူ၍ ပြောလေ့ရှိကြ၏။ ထို့အပြင် အရဟံဂုဏ်တော်နှင့် ပတ်သက်၍လည်း အဋ္ဌကထာများတွင် အမျိုးမျိုးဖွင့်ဆို ချီးကျူးတော်မူကြ၏။ ထင်ရှားသည့် ဖွင့်ဆိုချက်များမှာ
မြတ်စွာဘုရားသည်…
၁။ အလုံးစုံသော ကိလေသာအပေါင်းမှ ကင်းစင်တော်မူခြင်း
၂။ သံသရာစက်လည်ပတ်မှု အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်ခြင်း
၃။ လူ၊ နတ်၊ ဗြာဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း
၎။ အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးဖြစ်ခြင်း
၅။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူတတ်ခြင်း စသော အကြောင်းတို့ကြောင့် အရဟံဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏ ဟူသည့် ဖွင့်ဆိုချက်များ ဖြစ်၏။
ထိုဂုဏ်တော်အဖွင့်များတွင် စာရေးသူနှင့် စာဖတ်သူတို့ အထူးသဖြင့် ကြည်ညိုကြည့်သင့်သည့် အချက်မှာ နံပါတ် (၅) အဖွင့်ဖြစ်သည့် ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူခြင်း ဟူသော အချက်ပင်ဖြစ်၏။ ထိုဖွင့်ဆိုချက်ကို မိမိတို့၏ ကိုယ်တွေ့အခြေအနေနှင့် ချိန်ထိုးကြည့်လျှင် ပိုပြီးကြည်ညို တတ်ပေမည်။ မိမိတို့ တစ်ယောက်တည်း တိတ်ဆိတ်ပြီး မမြင်ကွယ်ရာမှာ ရှိနေသည့်အခိုက် ဖြစ်တတ်သည့် စိတ်အစဉ် အခြေအနေများနှင့် ယှဉ်ကြည့်လျှင် ပိုပြီးထင်ရှား၏။ မှန်ပါသည်။ မည်သူမဆို ပုထုဇင်မှန်သမျှ စိတ်အစဉ် မတည်ငြိမ်ကြသဖြင့် မကောင်းသည့် အကုသိုလ်များနှင့် မပြတ်ယှဉ်တွဲ နေတတ်ကြ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို အမှီပြု၍ မကောင်းသည့် ကာယကံမှုများ၊ ၀စီကံမှုများ၊ မနောကံမှုများ ဖြစ်ပေါ်တတ်ကြ၏။ အထူးသဖြင့် မမြင်ကွယ်ရာတွင် ရှိသည့်အခိုက်၌ ပိုပြီးဖြစ်တတ်ကြ၏။ တစ်ခါတစ်ရံ အခန်းထဲတွင် တစ်ယောက်တည်း ရှိသည့်အခါ အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်သည်ကို သတိပြုမိကြမည်ဖြစ်၏။ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် စိတ်ကိုသတိဖြင့် မကပ်ဘဲ နေမိပါက တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ဖြစ်စေ၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ဖြစ်စေ မကောင်းသည့် စိတ်အတွေးများ ဖြစ်ပေါ်တတ်ကြ၏။ ယင်းမကောင်းသည့် စိတ်အတွေးတွင် မရပ်မိကြဘဲ လက်တွေ့ကာယကံမြောက် ပြုသည်အထိ အာရုံနောက်ကို စိတ်လိုက်ကာ ကျူးလွန်မိတတ်ကြ၏။

စိတ်ဟူသည်ကလည်း အခက်သားပင်။ အပြောင်းအလဲ အဖြစ်အပျက် မြန်ဆန်လှသည့်အတွက် တဒင်္ဂ အခိုက်မှာပင် အကုသိုလ်မျိုးစုံကို ကျူးလွန်မိတတ်၏။ အပြုခံအာရုံနှင့် ပြုတတ်သည့်သဘော တို့ကြောင့် ဖြစ်ပေါ်လာတတ်သည့် စိတ်အမျိုးမျိုးသည် အကြောင်းအကျိုး ဆက်စပ်နေ၏။ ဥပမာအားဖြင့် ရူပါရုံနှင့် စက္ခုပသာဒတို့ ပေါင်းစုံမိသည့်အခါ စက္ခုဝိညာဏ်ဟူသော မြင်သိစိတ်ဖြစ်သကဲ့ ဖြစ်၏။ တစ်ယောက်တည်း ရှိနေသော်လည်း အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်၏။ တစ်ယောက် တည်း မမြင်ကွယ်ရာ အရပ်မှာဖြစ်နေခြင်းကပင် မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးသကဲ့သို့ ဖြစ်နေတတ်၏။ ``ငါတစ်ယောက်တည်း ရှိတာပဲ… ဘယ်သူ့မှ မသိလောက်ပါဘူးလေ… `` စသည့် စိတ်အကြံဖြင့် မကောင်းမှုကို ကျူးလွန်မိတတ်၏။ ထိုသို့ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် တရားနာခြင်း၊ တရားအားထုတ်ခြင်းစသည့် ကောင်းသည့်စိတ်၊ ကောင်းသည့်လုပ်ရပ်များထက် ``ဘယ်သူမှ မရှိတုန်း ... ဘာလေးတော့ လုပ်လိုက်ဦးမှ… ဘာလေးတော့ ကြည့်လိုက်ဦးမှ…`` စသည့် မကောင်းသည့် စိတ်အကြံ၊ လုပ်ရပ်များက ပို၍အဖြစ်များတတ်၏။ အဘယ့်ကြောင့်ဆိုသော် စိတ်၏ သဘောကပင် ` မကောင်းမှုမှာ မွေ့လျော်တတ်ခြင်း (ပါပသ္မိံ ရမတိ မနော)` သဘော ရှိသည်၏ အဖြစ်ကြောင့်ဖြစ်၏။

အမှန်စင်စစ် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်၌ ရှိနေသဖြင့် မည်သူမျှ မသိလောက်ပါဘူးဟူသော အတွေးဖြင့် မည်သည့်အလုပ်ကို မည်မျှပြုလုပ်သည်ဖြစ်စေ အခြားသူများ မသိနိုင်သော်လည်း မိမိကိုယ်ကို မိမိကား သိနိုင်၏။ မိမိကိုယ်ကို မိမိလိမ်လည် လှည့်စား၍မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာမှာ မည်မျှပင် ရှောင်တိမ်းပြီး နေပါစေ မိမိစိတ်ကိုကား ရှောင်တိမ်း၍ မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာတွင် ကောင်းသည့် အလုပ်များဖြင့် နေနိုင်ပါက အတိုင်းထက်အလွန် ကောင်းသော်လည်း မကောင်းသည့် အတွေးအကြံများဖြင့် မကောင်းမှုများကို ပြုလုပ်မည်ဆိုပါက မည်မျှပင် မမြင်ကွယ်ရာ၌ပင် ဖြစ်ပါစေ ဖုံးကွယ်၍ မရနိုင်ပေ။ ပတ်ဝန်းကျင်ကို ဖုံးကွယ်၍ ရနိုင်သော်လည်း မိမိကိုယ်ကို ဖုံးကွယ်လိမ်ညာ၍ မရပေ။ အဘယ့်ကြောင့် ဆိုသော် မိမိ၏လုပ်ရပ်ကို မိမိသာလျှင် အသိဆုံးဖြစ်သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်လည်း မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဟု ဆိုကြခြင်းဖြစ်၏။ ဆိတ်ကွယ်ရာ မရှိသကဲ့သို့ စိတ်ကွယ်ရာလည်း မရှိပေ။ မည်သူမျှ မသိလောက်သည့် ဆိတ်ကွယ်ရာ အရပ်ပင် ဖြစ်သော်လည်း မိမိ၏ စိတ်ကွယ်ရာအရပ်ကား မရှိနိုင်ဟူသော သဘောကို ဆိုလို၏။ မြတ်စွာဘုရားသည် ထိုသဘောကို လွန်မြောက်ပြီးသည့် အတုမရှိ အနှိုင်းမဲ့ဖြစ်၏။
မှန်ပါသည်။ မြတ်စွာဘုရားရှင်သည်ကား အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးသည်၏ အဖြစ်ကြောင့် မည်မျှပင် ဆိတ်ကွယ်ရာ အရပ်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်ကို မပြုတော့ပေ။ မိမိတို့ ပုထုဇင်များသည် ``ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတို့ မပြတ်ဖြစ်နေတတ်သောကြောင့် ပုထုဇင် မည်၏`` ဟူသည့် အဖွင့်အတိုင်းပင် ကိလေသာများဖြင့် အမြဲမပြတ် ဆက်ဆံနေတတ်ကြ၏။ အာရုံအမျိုးမျိုးကို အမှီပြု၍ မကေင်းမှုများ မပြတ်ဖြစ်ပေါ် နေတတ်၏။ အများနှင့်နေသည့် အခါဖြစ်စေ၊ တစ်ယောက်တည်း နေသည့်အခါဖြစ်စေ မကောင်းသည့် အကုသိုလ်များ ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``မမြင်အပ်ရာ ကိလေသာ သူဟာ သူငြိမ်း၏`` ဟူသော မဟာစည်ဆရာတော်ကြီး၏ ဆုံးမမှုအတိုင်း အပြင်မထွက်၊ ပြင်ပရှိ အာရုံများနှင့် မတွေ့သည့်အတွက် အကုသိုလ် ကိလေသာများ မဖြစ်နိုင်သော်လည်း မည်မျှပင် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်တွင် ရှိနေပါစေ မိမိ၏စိတ်ကိုမိမိ ကောင်းသည့်အာရုံများနှင့် ရှိနေအောင် အားမထုတ် ပါက မကောင်းမှုများ ပို၍ဖြစ်ပေါ်လာတတ်၏။ စင်စစ် အများနှင့်နေသည်ဖြစ်စေ တစ်ယောက်တည်း ရှိနေ သည်ဖြစ်စေ မိမိ၏စိတ်မှာ မကောင်းသည့် ကိလေသာများ မဖြစ်ရန် အရေးကြီး၏။ အထူးသဖြင့် ဆိတ်ကွယ်ရာ အရပ်တွင် တစ်ယောက်တည်း ရှိနေသည့်အခါ မကောင်းသည့် အတွေးအမြင် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ မဖြစ်ရန် လိုအပ်၏။ ထိုကြောင့် ထိုသို့ ဆိတ်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေသည့်အခါ မြတ်စွာဘုရားရှင်၏ အရဟံ ဂုဏ်တော်ကို အာရုံပြုလျှက် ``ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူပါတကား`` ဟု မြတ်ဗုဒ္ဓထံ စိတ်ညွှတ်၍ မကောင်းသည့် စိတ်မဖြစ်အောင် ကြိုးစားသင့်၏။ မမြင်ကွယ်ရာမှာ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဖြစ်ရန်အကြောင်း ပေါ်လာသည့်အခါ မြတ်စွာဘုရားရှင်၏ ဤအရဟံ ဂုဏ်တော်အဖွင့်ကို အာရုံပြု၍ မပြုဖြစ်အောင် အလေ့အကျင့် လုပ်ပေးသင့်၏။ စိတ်ဟူသည် တဖြည်းဖြည်း လေကျင့်ပေးရသည့် သဘောရှိသည့်အတွက် အသေးအဖွဲလေးဟူ၍ အထင်မသေးဘဲ တတ်နိုင်သမျှ လေ့ကျင့်ပေးရန် လိုအပ်၏။ အရဟံဂုဏ်တော်ကို စံပြု၍ မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်လာမည့် မကောင်းစိတ်များကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားသင့်၏။
သို့ဖြစ်၍ ဘုရားရှင်ကို ကြည်ညိုသည့်ပုဂ္ဂိုလ်များ သိထားရမည့်အချက်မှာ နှလုံးသားဝယ် ဘုရားတည်နိုင် အောင် ကြိုးစားသင့်သည့် အချက်ပင်ဖြစ်၏။ နှလုံးသားဝယ် ဘုရားတည်သည်ဆိုရာတွင် ဘုရားရှင်၏ အဆုံးအမအတိုင်း နေထိုင်ခြင်းကို ဆိုလို၏။ ဘုရားရှင်သည် ကိုးကွယ်သူများအတွက် နည်းပြလမ်းညွှန်ပေး သည့် အနှိုင်းမယ့် အရှင်ဖြစ်၏။ ဘုရားရှင်ကို အမှန်တကယ် ကြည်ညိုသည်ဆိုပါက ဘုရားရှင်ထုံး နှလုံးမူသင့်၏။ ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုအကုသိုလ်ကို မပြုတတ်သည်ကို အတုယူကာ မိမိတို့သည်လည်း ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု အကုသိုလ်ကို မပြုမိအောင် ကြိုးစား အားထုတ်သင့်၏။ ဤကဲ့သို့ နေပြခြင်းသည် ဘုရားရှင်ကို ပူဇော်ရာရောက်၏။ ဘုရားရှင်၏ အဆုံးအမကို နှလုံးသားဝယ် အမှန်တကယ် တည်ပြရာရောက်၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် နှလုံးသားဝယ် ဘုရားတည်ရာရောက်အောင် ``ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူ တတ်သည်ဖြစ်၍ အရဟံ`` ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသည့် ဘုရားရှင်၏ဂုဏ်ကို အာရုံပြု ကြည်ညိုပြီး မိမိတို့လည်း ဆိတ်ကွယ်ရာအရပ်တွင် ရှိသည့် အခါ မကောင်းမှု အကုသိုလ်ကို မပြုဖြစ်အောင် ကြိုးစားကာ ဘုရားရှင်အား ပူဇော်ကြပါစို့ ဟူ၍….

ဒီလိုဆက်ဆံကြည့်ပါ…

လောကမှာ လူတွေဟာ ပုံစံအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့ အတွက်ကြောင့် ဆက်ဆံပေါင်းသင်းရတာ အတော်ခက်တယ်လို့ ပြောလေ့ရှိတတ်ကြပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်၊ မတူညီတဲ့ ဘာသာစကား၊ မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ စရိုက်စတဲ့ အချက်တွေကြောင့် ကိုယ်နဲ့အ်ံဝင်ခွင်ကျ မဖြစ်ဘဲရှိတတ် တယ်လို့ ပြောကြပါတယ်။ ကိုယ့်ကိုယ်ကိုရော အံဝင်ခွင်ကျဖြစ်ရဲ့လား… စိတ်တိုင်းကျ ဖြစ်ရဲ့လား… လို့ ပြန်မေးကြည်ရင်လည်း မဖြစ်ပြန်ပါဘူးတဲ့… အဲဒါဆို ဘယ်လိုလုပ်ကြမလဲပေါ့…။ ထားပါတော့။ တကယ်တော့ လောကမှာ လူတွေဘယ်လောက်ပဲ အမျိုးမျိုးကွဲပြား ခြားနားကြပါစေ သေသေချာချာ ခွဲခြားလိုက်ရင် သုံးမျိုးပဲရှိပါတယ်။

၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ
၂။ ကိုယ့်ထက်သာတဲ့သူ
၃။ ကိုယ်အောက်နိမ့်တဲ့သူ ဒီသုံးမျိုးပါပဲ။

ဆိုတော့ အဲဒီသုံးမျိုးကို အဆင်ပြေအောင်၊ အကုသိုလ် မဖြစ်အောင် ဘယ်လို ဆက်ဆံကြည့်မလဲ... ဘယ်လိုဆက်ဆံ သင့်သလဲ….။ ဆရာတော်ကြီးတစ်ပါးကတော့ ဗြဟ္ဗာစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့ ညွှန်ပြထားပါတယ်။ ပြီးတော့ အောက်ပါအတိုင်း ဆောင်ပုဒ်လေး လုပ်ပေးထားပါတယ်။ အဲဒီဆောင်ပုဒ်လေး ဖတ်ပြီးကြိုးစား ဆက်ဆံကြည့်ကြစို့..

၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်။ ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
မှန်ပါတယ်။ ကိုယ်နဲ့ တန်းတူဖြစ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်နဲ့ ဆက်ဆံပါတဲ့။ အသက်၊ သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ စတာတွေ တူညီတဲ့သူကို ကိုယ်နဲ့တန်းတူဖြစ်သူလို့ ဆိုလိုပါတယ်။ ဒီလိုတန်းတူဖြစ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်လေးနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ အကျိုးလိုလားခြင်းပါ။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ တစ်နည်းအားဖြင့် နားလည် ခြင်းကို ပြောတာပါ။ နားလည်မှုရှိနေရင် ချစ်လို့ရနေတာပါပဲ။ နားလည်ပေးနေတာဟာ မေတ္တာရှိနေလို့ပါပဲ။ အဲလိုမေတ္တာစိတ်မရှိရင် တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်လေးတွေ ဖြစ်လာတတ်ပါတယ်။ ပြိုင်လာပြီဆိုရင် ပုထုဇင်တွေ သဘာဝ မဟုတ်တာတွေ၊ မလုပ်သင့်တာတွေ လုပ်လာပြီး အများအားဖြင့် မကောင်းတဲ့ ဘက်ကိုပဲ ဦးတည်သွားတတ်ကြပါတယ်။ အဲဒီအခါ တစ်ဦးနဲ့တစ်ဦး ဒေါသအာဃာတတွေပွားပြီး အမုန်း တွေသာ တိုးလာကာ နောက်ဆုံးဆက်ဆံရေး အဆင်မပြေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် တန်းတူဖြစ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်ဖြင့် ဆက်ဆံကြပါလို့ ဆရာတော်ကြီးက ဆုံးမခြင်း ဖြစ်ပါ တယ်။ အဲလိုမှမဟုတ်ရင် ဆက်ဆံရေးအတွက် အဆင်မပြေဖြစ်နိုင်တဲ့ ပြိုင်ဆိုင်မှုတွေ ၀င်လာတတ်တဲ့ အတွက်ပါ။

၂။ ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်ဣဿာ ယိုင်တတ်သည်။
ယိုင်မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်က အထူးသတိပြုရမယ့် အချက်ပါ။ ကိုယ့်ထက်သာတဲ့သူနဲ့ ဆက်ဆံတဲ့အခါ မုဒိတာ တရား လက်ကိုင်ထာပြီး ဆက်ဆံတတ်ဖို့လိုပါတယ်။ မုဒိတာဆိုတာ သူတစ်ပါးကြီးပွားတိုးတက် အောင်မြင်တဲ့ အပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပေးတာပါ။ ဒီလို ကိုယ့်ထက်သာတဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မုဒိတာ တရားမထားနိုင်ရင်တော့ သူတစ်ပါးကြီးပွား တိုးတက်တာကို မနာလိုဖြစ်တဲ့ ဣဿာက ဦးစီးသွားပြီး ကိုယ့်ကိုယ်ကိုလည်း အကျိုးမရှိ သူတစ်ပါးအတွက်လည်း အကျိုးမရှိတာတွေ လုပ်မိတတ်ပါတယ်။ ဒီဣဿာဆိုတဲ့ အကုသိုလ်တရားဟာ တော်တော်ကြောက်စရာ ကောင်းပါတယ်။ ဒီတရားကိုယ့်သန္တာန်မှာ ကိန်းလာပြီဆိုရင်တော့ ဘယ်သူဘာလုပ်လုပ် အကောင်းမမြင်တော့ဘဲ အဆိုးတွေသာ တွေးမြင်နေတတ်ပါ တယ်။ ဒါဟာ သူနဲ့ဆန့်ကျင်ဘက် တရားဖြစ်တဲ့ မုဒိတာတရား ကိုယ့်သန္တာန်မှာ မကိန်းတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် သူ့ကံနဲ့သူ၊ သူ့ကြိုးစားမှုနဲ့သူ ဖြစ်လာတဲ့အပေါ်မှာ ငါဝမ်းမြောက်နိုင်အောင် ကြိုးစားမယ် ဆိုတဲ့ အတွေးနဲ့ ကိုယ့်ထက်သာတဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံတဲ့အခါ မုဒိတာတရား လက်ကိုင်ထားပြီး ဆက်ဆံဖို့ ဆုံးမခြင်းပါ။ ဒီလိုမှ စိတ်မထားတတ်ရင် နှစ်ဦးဆက်ဆံရေးကြားမှာ ဣဿာဆိုတဲ့ အကုသိုလ်တရားက ၀င်ရောက်နှောက်ယှက်တတ်တဲ့ အတွက်ပါ။

၃။ ကိုယ့်အောက်ငယ်လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်။ နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်ကတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများ အလွယ်တကူ ဆင်ခြင်လိုက်နာနိုင်တဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများဟာ သူတစ်ပါးကြီးပွားတာကို ၀မ်းမြောက်ပေးရမယ့် မုဒိတာတရားသာ ဖြစ်ဖို့ခက်တာ သူတစ်ပါးအပေါ် သနားတတ်တဲ့ ကရုဏာတရားကတော့ အလွယ်တကူ ဖြစ်တတ်တဲ့အတွက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ထက် အသက်၊ သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ စတာတွေ နိမ့်ကျတဲ့ သူတွေအပေါ်မှာ သနားကြင်နာတတ်တဲ့ ကရုဏာတရားနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်အောက်နိမ့်တဲ့သူတွေ အပေါ်မှာ အနိုင်ယူတတ်တဲ့ လုပ်ရပ်တွေ မဖြစ်ပေါ်မှာပါ။ ချီးမြှောက်ထောက်ပံ့ စောင့်ရှောက်မှုတွေ ဖြစ်လာမှာပါ။ တကယ်တော့ ဒီလိုကိုယ့်အောက် ငယ်တဲ့သူတွေ နိမ့်ကျတဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံတဲ့အခါ ချီးမြှောက်ထောက်ပံ့မှုတွေ မရှိရင်နေပါစေ အနိုင်ယူမှုတွေ၊ နိုင်ထက်စီးနင်းလုပ်မှု တွေ မရှိဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်အောက်ငယ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ အနိုင်ယူမှုတွေမရှိဘဲ ဆက်ဆံရေး ကောင်းမွန်အဆင်ပြေစေဖို့ ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့ ဆရာတော်ကြီးက ဆုံးမတော်မှုခြင်း ဖြစ်ပါတယ်။
ဒါကြောင့် လောကမှာ ဘယ်သူတွေ ဘာတွေပဲကွဲကွဲ လူတန်းစားအားဖြင့် သုံးမျိုးပဲ ရှိတဲ့အတွက် ဒီလူတန်းစား သုံးမျိုးနဲ့ အဆင်ပြေ ဆက်ဆံနိုင်ဖို့အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာစတဲ့ ဗြဟ္မာစိုရ်တရား လက်ကိုင်ထားကာ ဆက်ဆံကြည့်ကြပါလို့ တိုက်တွန်းရင်း တန်ဖိုးရှိတဲ့ ဒီဆက်ဆံနည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ…

ခုတစ်လောနာရေးသတင်းတွေ မကြာမကြာ ကြားသိနေရပါတယ်။ တစ်ယောက်ကလည်း ငါးထပ် တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်တဲ့…။ ခုတစ်ယောက်ကျပြန်တော့လည်း လုပ်ငန်းခွင်မှာ ရုတ်တရက် ပြင်းထန်စွာ ထိခိုက်ပြီး ဆေးရုံမှာ သေသွားတာတဲ့…။ ကြည့်လိုက်တော့ အသက်တွေက ငယ်ငယ် အရွယ်ကောင်းလေးတွေဖြစ်ပြီး ရုပ်ရည်ကလည်း သန့်သန့်ပြန့်ပြန့်လေးတွေချည်းပဲ..။ ဒါပေမယ့် သူတို့တွေကတော့ ခုမရှိတော့ပါဘူး…။ ဘယ်ဘ၀ကိုရောက်လို့ ဘာတွေဖြစ်ကုန်ကြပြီလဲ ဆိုတာတော့ သူတို့ ကိုယ်တိုင်ပဲ သိကြမှာပါ။ သေသွားသူတွေရဲ့ အခြေအနေတွေ ကြည့်လိုက်ရင် သက်သောင့်သက်သာ သေသွားတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ တိုင်းတစ်ပါးမှာလာပြီး ဘ၀အတွက် ကြိုးစားရုန်းကန်နေကြရင်း သေသွားကြတာဆိုတော့ ဘယ်မှာလာပြီး သက်သောင့်သက်သာ ရှိပါ့မလဲ…ပေါ့။ သေသူတွေက သေသွားကြ ပေမယ့် ကျန်တဲ့သူတွေမှာ ပြဿနာပါ။ ကိုယ့်တိုင်းပြည်မှာလို ဗုဒ္ဓဘာသာ အစဉ်အလာ ဓလေ့ထုံးစံများအရ သေသူတွေအတွက် လုပ်ပေးချင်ပေမယ့် လုပ်ပေးခွင့်မရ ဖြစ်ရပြန်ပါတယ်။ အလုပ်တွေ မအားကြတာ တွေရယ်… ပိတ်ရက်မဟုတ်တာတွေရယ်… စတာတွေက သေသွားသူတွေအတွက် နောက်ဆုံးခရီးမှာ အခက်တွေ့ကြရပြန်ပါတယ်။ တတ်နိုင်သမျှ နောက်ဆုံးခရီးကို စည်စည်ကားကား လုပ်ပေးလိုက်ကြချင် ပေမယ့် အားလုံးက စိတ်သွားတိုင်း ကိုယ်မပါတဲ့ အခြေအနေ ဖြစ်နေကြပြန်ပါတယ်။ သူ့ဆန်စား ရဲစေဆို သလို သူများဆီမှာ ပိုက်ဆံယူ အလုပ်လာလုပ်နေကြတာ ဖြစ်တဲ့အတွက် သူတို့မျက်နှာ ကြည့်နေကြရ တော့ ကိုယ့်လူမျိုးအချင်းချင်း ကူညီသင့်တာတောင်မှ မကူညီနိုင်တဲ့ဘ၀…။ တွေးကြည့်ရင် ရင်နာစရာတွေ ချည်းပါပဲ…။ ဒါကြောင့်ပဲ သူတို့ရဲ့ နောက်ဆုံးခရီးကို အဆင်ပြေသလို စီစဉ်လိုက်ရတာတွေ ဖြစ်ကုန်တာပါ။ နောက်ဆုံး အရင်းစစ်တော့ သူများတိုင်းပြည်မှာ ဖြစ်နေလို့လို့ ပြောလို့ရပေမယ့် တစ်ဘက်က ဖြေကြည့် ပြန်တော့လည်း ``လောကကြီးက ကိုယ်ဖြစ်ချင်သလို ဖြစ်မနေဘဲ သူဖြစ်ချင်သလို ဖြစ်နေတာပါ လား`` ဆိုတဲ့ ကောက်ချက်အဖြေတစ်ခုတော့ ထွက်ခဲ့ကြတာပေါ့…။
ရှိစေတော့။ သေသူတွေကတော့ သေသွားခဲ့ကြပါပြီ။ မသေသေးဘဲ အသက်ရှင် ကျန်နေသေးတဲ့ ကိုယ့် အတွက်ကော ဘယ်လိုလုပ်ကြမလဲ…။ ဘယ်လိုနေကြမလဲ…။ ပြီးတော့ ကိုယ့်အလှည့်ကျရင်ကော ဘယ်လိုသေကြမလဲ…။ ရှေ့မှာသေသွားကြသူတွေကိုကြည့်ပြီး ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ဆိုတဲ့ အတွေးလေးနဲ့ တွေးကြည့်၊ သံဝေဂယူကြည့်မိရင်တော့ သိပ်ကောင်းမှာပါ။ ဒါပေမယ့် တစ်ရာတစ်ယောက် ဒီအတွေး မဖြစ်ခဲ့ကြပါဘူး။ ဖြစ်ခဲ့ရင်လည်း ခဏတဒင်္ဂပဲ ဖြစ်ကြပြီး နောက်တော့လည်း ကိုယ့်ကိုယ်ကို မသေကြတော့မယ့် သူတွေလို သောက်သောက်စားစား ဟိုလိုလိုဒီလိုလိုနဲ့ပဲ အချိန်ကုန်သွားကြတော့တာပါပဲ။ ရှေ့ကတရားပြသွားသူတွေ ရှိပေမယ့် ကျန်ခဲ့တဲ့သူတွေကတော့ ကိုယ့်ကိုယ်ကို မသေတော့မယ့် သူတွေလို ကိုယ်ကျင်လည် လုပ်ကိုင်နေရတဲ့ ဘ၀လေးမှာပဲ တပ်မက်တွယ်တာပြီး အချိန်တွေကို ကုန်ဆုံးနေကြတော့ တာပါပဲ။ ပိုဆိုးတာက သေခြင်းတရားကို ဆင်ခြင်ဖို့ဝေးစွ အားလုံးသေကြရမယ့် သူတွေချင်းအတူတူ မာန၊ အာဃာတ၊ ဒေါသ၊ မနာလို၊ ၀န်တိုမှု တွေနဲ့သာ ဆက်ဆံနေကြလေတော့ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှု၊ စိတ်မချမ်းသာမှုတွေသာ တိုးနေကြကုန်တော့တာပါ။ အကယ်၍များ ဒီမကောင်းတဲ့ စိတ်တွေနဲ့သာ သေသွား ကြမယ်ဆိုရင်…
တကယ်တော့ လောကကြီးမှာ နေဖို့ခက်သလောက် သေဖို့လည်း ခက်ကြပါတယ်။ ဒါကြောင့် နေဖို့ကြိုးစား ကြသလို သေဖို့လည်းကြိုးစားသင့်ပါတယ်။ အနေချောင်ဖို့ ကြိုးစားကြသလို အသေချောင်ဖို့လည်း ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အနေချောင်ဖို့ ကြိုးစားရင်း အသေမချောင်ဘဲ ဖြစ်နေကြ တာတွေပဲ များနေတာကို တွေ့ရပါတယ်။ ဆရာတော်ကြီးတစ်ပါး အမိန့်ရှိဖူးတာ အမှတ်ရမိပါတယ်။ ``အနေချောင်ရင် အသေကြပ်မယ်၊ အနေကြပ်မှ အသေချောင်မယ်``တဲ့။
ဟုတ်ပါတယ်။ တစ်ချို့ နေရတဲ့အချိန်လေးမှာ ပေါ့ပေါ့ပါးပါး သွားသွားလာလာနေနေကြပြီး ဘာပဲလုပ်လုပ် အလွယ်လုပ်လိုက်တတ်ကြပါတယ်။ ပြီးပြီးရောသဘောမျိုးနဲ့ ဘာမှမတွေး၊ ဘာမှမကြောက်ဘဲ လုပ်လိုက် တတ်ကြပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းတဲ့အလုပ်လား၊ မကောင်းတဲ့အလုပ်လားဆိုတာ မတွေးဘဲ လုပ်တတ်ကြပါတယ်။ ဘ၀မှာ ဘာမှလေးလေးနက်နက်မရှိ ဖြစ်သလိုလေးပဲ နေတတ်ကြပါတယ်။ ပိုဆိုး တာက မကောင်းတဲ့အလုပ်တွေမှာ သာယာပျော်ပါးနေတတ်တာပါ။ ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို ထိန်းသိမ်းပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရမယ့်အစား ကံသုံးပါးကို အလိုလိုက် စိတ်ကြိုက် နေလိုက်တတ်ကြပါတယ်။ လုပ်ချင်ရာ လုပ်ပစ်လိုက်တတ်ကြပါတယ်။ ဒီလိုနေတတ်တဲ့ သူတွေကိုကြည့်ရင် သူတို့ရဲ့ဘ၀လေးတွေဟာ ပေါ့ပါးလိုက်တာ၊ ချောင်လည်လိုက်တာ၊ သက်သောင့်သက်သာ ဖြစ်လိုက်တာလို့ တွေးမြင်နိုင်ပေမယ့် သူတို့ဟာ နေတဲ့အခိုက်မှာသာ ချောင်လည်ကြတာပါ။ သေတဲ့ အခါမှာတော့ ကိုယ့်မှာဘ၀သံသရာ အားကိုးစရာဘာမှ မပါတဲ့အတွက် ကြပ်ကုန်ကြပါတယ်။ အနေချောင်ပေမယ့် သူတို့မှာ အသေကြပ်ကုန်ပါတယ်။
တစ်ချို့ကြတော့ အဲလိုမဟုတ်ပါဘူး။ နေတဲ့အခိုက်မှာ အတတ်နိုင်ဆုံး မကောင်းမှုတွေကို မလုပ်ဖြစ်အောင် ကြိုးစားကြပါတယ်။ ကိုယ်ကျင့်သီလကို လုခြုံအောင် ထိန်းကြပါတယ်။ စိတ်ကို အလိုမလိုက်ဘဲ ထိန်းချုပ် ကြပါတယ်။ မဖြစ်သေးတဲ့အကုသိုလ်တွေကို မဖြစ်အောင်၊ ဖြစ်ပြီးသား အကုသိုလ်တွေကို ပယ်နိုင်အောင်၊ မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်ပေါ်အောင်၊ ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီးတိုးပွားအောင် ကြိုးစား ကြပါတယ်။ ကာမဂုဏ်အာရုံတွေမှာ လိုက်စားပျော်ပါးမှုတွေကို လျော့ပြီး ကောင်းတာတွေနဲ့ ပျော်နိုင်အောင် ကြိုးစားကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ စိတ်အမူအရာတွေကို ကောင်းအောင် ကြိုးစားကြပါတယ်။ ဒီလိုသူတွေကို ကြည့်ရင် အရာရာ ထိန်းချုပ်ပြီးနေရတဲ့အတွက် အနေကြပ်လိုက်တာ၊ ပင်ပန်းလိုက်တာလို့ မြင်နိုင်ပါတယ်။ တကယ်လည်းပင်ပန်းပါတယ်။ ဒါပေမယ့် သူတို့ဟာ တဒင်္ဂနေရတဲ့ အခိုက်မှာ အနေကြပ် ပေမယ့် သေတဲ့အခါမှာတော့ အသေချောင်သွားကြပါတယ်။ ဘ၀သံသရာ အားကိုးစရာတွေ ပါသွားတဲ့ အတွက် သေတဲ့အခါ ဘာမှစိုးရိမ်ကြောက်လန့်စရာ မရှိ သက်သောင့်သက်သာ သေသွားနိုင်ကြပါတယ်။ သူတို့ရဲ့ဘ၀ဟာ အနေကြပ်ပေမယ့် အသေချောင်သွားပါတယ်။ ဒါကြောင့် ဆရာတော်ကြီးက အသေချောင် ချင်ရင် နေတဲ့အခိုက်မှာ အနေကြပ်ခံ၊ အပင်ပန်းခံပြီး ကိုယ့်ရဲ့ကိုယ်နှုတ်စိတ် အမူအရာတွေကို မမေ့မလျော့ ထိန်းချုပ်ပါလို့ ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။
ဒါကြောင့် နေရတဲ့အခိုက်ဟာ ခဏလေးဖြစ်တဲ့ ဒီဘ၀မှာ သေခြင်းတရားဟာလည်း အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး ရောက်လာတတ်တဲ့အတွက် သေသွားတဲ့သူများကို ကြည့်ပြီး သတိပြုဆင်ခြင်ကြဖို့ လိုပါတယ်။ ဘယ်သူမှတော့ ဒီလိုနေရာမျိုး၊ ဒီလိုအခြေအနေမျိုး၊ ဒီလို အသက်အရွယ်မျိုးမှာ သေချင်ကြမှာ မဟုတ်ပါဘူး။ ရှောင်မရ ပုန်းမရလို့သာ သေမင်းခေါ်ရာနောက်ကို ပါသွားကြတာပါ။ ရှေ့မှာ တရားပြသွားတဲ့ သူတွေကလည်း သွားကြပါပြီ။ ကျန်ခဲ့တဲ့ ကိုယ့်အတွက်က သူတို့နဲ့စာရင် အခုမသေသေးတဲ့အတွက် အချိန်မီ သံဝေဂယူ ပြုပြင်သွားမယ်ဆိုရင် မီနိုင်ပါသေးတယ်။ သေမင်းရောက်လာမှ ရောက်လာပေရော အခုအချိန်ဟာ အကောင်းဆုံးအချိန်၊ အရေးကြီးဆုံးအချိန်လို့ တွေးပြီး ကိုယ့်ရဲ့ သေခြင်းတရားအတွက် ဆင်ခြင်သင့်ပါတယ်။ သေမင်းကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။ ဒီအတွက် သေမင်းမလာခင် နေရတဲ့အချိန်လေးမှာ အနေအထိုင်ကိုလည်း ရွေးချယ်သင့်ပါတယ်။ နေဖို့လည်း ပြင်ဆင်သင့်ပါတယ်။ ကိုယ်ရွေးချယ်မှုဟာ ကိုယ့်ထံပြန်ရောက်လာမှာ ဖြစ်တဲ့အတွက် ခုကတည်းက သတိတရားနဲ့ ရွေးချယ်သင့်ပါတယ်။ ဘယ်လို ရွေးချယ်မလဲ…။ အနေချောင်မှုကို ရွေးချယ်မလား…။ အသေချောင်ဖို့ ရွေးချယ်မလား…။ အနေချောင်တာကို ရွေးချယ်ရင်တော့ သေတဲ့အခါ အသေကြပ်ပါလိမ့်မယ်။ အသေချောင်ဖို့ ရွေးချယ်ရင်တော့ နေတဲ့အခါ အနေချောင်မှာ မဟုတ်ပါဘူး။ ကိုယ်ံနှုတ်စိတ်တွေကို ထိန်းသိမ်းပြီး နေကြရပါတော့မယ်။ အရင်လို ပေါ့ပေါ့ပါးပါး ဖြစ်သလို နေလို့မရတော့ပါဘူး။ အကုသိုလ်တွေကို ရှောင်ပြီးကုသိုလ်တွေနဲ့ နေနိုင်အောင် ကြိုးစားရပါတော့မယ်။ လောကမှာ ထိန်းချုပ်ဖို့အခက်ဆုံးဟာ စိတ်ပဲဖြစ်တဲ့အတွက် ဒီလိုကံသုံးပါးကို လုံခြုံအောင်ကြိုးစားခြင်းဟာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ အခက်ခဲဆုံး အလုပ်ပါ။ နေထိုင်ရတာ အကြပ်ဆုံး အလုပ်ပါ။ ဒါပေမယ့် ဒီလိုအနေကြပ်အောင် ကြိုးစားနေထိုင်ခြင်းရဲ့ အကျိုးကတော့ သေတဲ့အခါ အသေချောင်မယ်ဆိုတာပါပဲ။ အသေချောင်ရင်တော့ သံသရာဘ၀ကူးလည်း ကောင်းပြီပေါ့။ ဒါကြောင့် စာဖတ်သူအနေဖြင့် ဘာကိုရွေးချယ်မလဲ…။ အနေချောင်ပြီး အသေကြပ်တာကို ရွေးချယ်မလား…။ ဒါမှမဟုတ် အနေကြပ်ပြီး အသေချောင်တာကို ရွေးချယ်မလား…။ အချိန်မရှိတော့ပါသဖြင့် အမြန်ဆုံး ရွေးချယ်လိုက်ကြပါ။ ပြီးရင်တော့….

နို့ဘိုးကျေရုံမကပါ...

ဗုဒ္ဓဘာသာအများ တစ်လွဲအမှတ်မှား နားလည်မှုမှားနေတာလေး ရှိပါတယ်။ ဘာလဲဆိုတော့ မိဘကျေးဇူးနဲ့ ပတ်သက်ပြီး မိဘကျေးဇူးကြီးမားပုံကို ခိုင်းနှိုင်းပြောဆိုတဲ့စကားလေးပါ။ “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေပါတယ်”တဲ့။ ဘယ်သူကို ဘယ်လိုစလိုက်တယ်မသိ ဒီစကားဟာ ဗုဒ္ဓဘာသာတွေ ကြားမှာပြောဆိုသုံးစွဲ ဥပမာပေးနေတဲ့ စကားဖြစ်နေပါတယ်။ မသိရင်တော့ ဘုရားရှင်ပဲ ဟောခဲ့သလိုလို ပိဋကတ်စာပေတွေမှာပဲ ပါပါသလိုလို ဖြစ်နေပါတယ်။ တကယ်တော့ ဒီစကားဟာ ဘုရားရှင် ကိုယ်တိုင်လည်း မဟောခဲ့သလို ပိဋကတ်စာပေတွေမှာလည်း လုံးဝမပါပါဘူး။ အဲဒီလို ဘုရားဟော မဟုတ်တာကို အဟုတ် လုပ်ပြီး ယုံကြည်ပြောဆိုနေကြမယ်ဆိုရင် အလွန်အပြစ်ကြီးပြီး လမ်းကြောင်းလွဲချော် သွားတတ်ပါတယ်။

မိဘကျေးဇူးကြီးမားပုံကို ခိုင်းနှိုင်းပြောဆိုတာ အမတန်ကောင်းပေမယ့် ဘုရားရှင်နဲ့ ဒီလိုခိုင်းနှိုင်းတာတော့ မကောင်းပါဘူး။ ဘုရားရှင်ရဲ့ အနန္တဂုဏ်တော်တွေကို ပြက်ရယ်ပြုရာရောက်ပါတယ်။ တစ်ခြားနည်းတွေနဲ့ ခိုင်းနှိုင်းပြောဆိုရင် ပိုကောင်းပါတယ်။ ဥပမာ မိဘကျေးဇူးဟာ မြင့်မိုရ်တောင်မက ကြီးမားတယ်၊ မြင့်မားတယ် စသဖြင့်ပေါ့။ တကယ်တော့ ဘုရားရှင်ဟာ မိဘကျေဇူး၊ အထူးသဖြင့် မိခင်ကျေးဇူးကို နို့တစ်လုံးဘိုး မဟုတ်ပါဘူး။ အကုန်းလုံး အလုံးစုံကျေအောင် ဆပ်သွားနိုင်တဲ့ အတုမရှိ မိဘကျေးဇူး အထူးကျေပွန်တော် မူတဲ့ အရှင်မြတ်ပါ။ မိခင်ရင်း မယ်တော်မာယာကို မပြောပါနဲ့ဦး မိထွေးတော်ဖြစ်တဲ့ မယ်တော်ဂေါတမီ ကိုတောင် ကျေပွန်အောင် ဆက်သွားနိုင်ပါတယ်။ ဘုရားရှင်ဟာ ဉာတတ္ထစရိယခေါ်တဲ့ ဆွေမျိုးတွေရဲ့ အကျိုး ကို အတုမရှိဆောင်ရွက် တော်မူတဲ့အရှင်မြတ်ပါ။

ဒီနေရာမှာ ဘုရားရှင်ရဲ့ ကျေးဇူးဆပ်နည်းနဲ့ လောကသားတို့ရဲ့ ကျေးဇူးဆပ်နည်းကတော့ ကွဲပြားပါတယ်။ ဘုရားရှင်က ဓမ္မ(တရား)နဲ့ ကျေးဇူးဆပ်တာပါ။ တစ်ခြား အာမိသခေါ် ပစ္စည်းဥစ္စာစတာတွေနဲ့ ကျေးဇူး ဆပ်နည်း ကတော့ တစ်ဘ၀အတွက် ကျေပေမယ့် နောက်နောက်ဘ၀တွေအတွက်တော့ အာမခံပေးလို့ မရပါဘူး။ နိဗ္ဗာန် မရသေးလို့ကတော့ အမျိုးမျိုးသော ဘ၀တွေမှာ ကျင်လည်နေကြရဦးမှာ ဖြစ်တဲ့အတွက် ဒုက္ခပင်လယ်ဝေနေကြ ရဦးမှာပါ။ ဘုရားရှင်ကတော့ ဒီဒုက္ခတွေက ကင်းတဲ့နိဗ္ဗာန်အထိ ရောက်အောင်ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားရှင်ကိုမွေးပြီး ခုနှစ်ရက်မြောက် မှာပဲ ကွယ်လွန်သွားပြီး တာဝတိံသာနတ်ပြည်မှာ သန္တုဿီတနတ်သားအဖြစ် ပြန်လည် မွေးဖွားပါတယ်။ ဘုရားရှင်ဘုရားဖြစ်တော်မူပြီး ခုနှစ်ဝါမြောက်မှာပဲ မယ်တော်ထံကြွရောက်ကာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောပြီးမိဘ ကျေးဇူးကို ဆပ်တော်မူပါတယ်။ အဲဒီမှာ မယ်တော်မာယာဟာ သောတာပန်တည်သွားပါတယ်။ သောတာပန် ဖြစ်ပြီးရင် လူ့ဘ၀သို့မဟုတ် နတ်ဘ၀အများဆုံး ခုနှစ်ဘ၀ပဲ ကျင်လည်ရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်။ ဒါကြောင့်ဘုရားရှင်ဟာ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာကိုလည်း နိဗ္ဗာန်ရောက်တဲ့အထိ နို့နှစ်လုံးဘိုးကို ကျေအောင်ဆပ်သွားပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကိုလည်း ဘိက္ခုနီမအဖြစ်ခွင့်ပြုပြီး ဒီဘ၀မှာပဲ ရဟန္တာဖြစ်တဲ့အထိ ကျေဇူးတရားတွေကို ကျေပွန်အောင်ဆပ်သွားပါတယ်။ ဒုက္ခပင်လယ် အပေါင်းမှ ကယ်တင်ပြီး နိဗ္ဗာန်ရောက်သည်အထိ ပို့ဆောင် တော်မူသွားပါတယ်။ ဒီထက်ပိုပြီး မိဘကျေးဇူးကို ကျေအောင်ဆပ်တဲ့ နည်းကတော့ မရှိတော့ပါဘူး။
ဒါကြောင့် “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်ပါတယ်” ဆိုတဲ့ တစ်လွဲနားလည် အမှတ်မှားနေတာတွေ၊ ပြောဆိုခိုင်းနှိုင်းနေတာတွေကို ခုချိန်မှစပြီး ရပ်တန့်ကြဖို့ လိုပါပြီ။ အမှန်မဟုတ်တဲ့ အပြစ်ရှိတဲ့ ပြောဆိုမှုတွေကို ဖယ်ရှားပစ်ဖို့ အချိန်တန်ပါပြီ။ ဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဘိုးမက ကြေအောင်ဆပ်သွားနိုင်သူအဖြစ် ဥပမာယူပြီး မိမိတို့လည်း မိဘကျေးဇူးကို တကယ် ကြေချင်ရင် ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါစို့လို့ပဲ တိုက်တွန်းလိုက်ပါတယ်။

လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလျှင် မည်သို့ကျော်လွှားရမည်နည်း…

စွပ်စွဲခံရခြင်း၊ အထင်မှားခံရခြင်း၊ အပြစ်ပြောခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချီးမွန်းခံရခြင်း စတာတွေဟာ လောကဓံတရားတွေပါ။ လောကဓံဆိုတာ လောကမှာရှိတဲ့သူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် သဘော တွေပါ။ သာမန်လူများမပြောနဲ့ ဘုရား၊ ရဟန္တာတို့တောင်မှ ဒီလိုစွပ်စွဲခံရခြင်းမှ မလွတ်ကင်းနိုင်ကြဘူးဆိုတာ ဘုရားရှင်းအကြောင်း၊ ရဟန္တာများအကြောင်း ဖော်ပြထားတဲ့ ပိဋကတ်စာပေတွေမှာ အများကြည့်တွေ့ရမှာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပဲ တိတ္တိတို့ရဲ့ အမျိုးမျိုး စွပ်စွဲခံရ၊ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များရဲ့ အဆဲအဆို အကြိမ်းအမောင်းတွေကို ခံခဲ့ရပါတယ်။ ဒီလို မဟုတ်မတရား အပြောခံရ၊ စွပ်စွဲခံရတာတွေဟာ လောကဓံ တရားတွေပဲလို့ ပြောလို့ရသလို အကုသိုလ်ရဲ့ အကျိုးဆက် တစ်နည်းအားဖြင့် ၀ဋ်တွေလို့လည်း ပြောလို့ရ ပါတယ်။ အကုသိုလ်အကျိုးဆက် ၀ဋ်တွေဆိုရင်တော့ ပြန်လည်ပေးစပ်ခြင်းဖြင့် ကျေအောင်စပ်ရပါတယ်။ ဒီလိုမှမဟုတ် သာမန်ကြုံရတဲ့ လောကဓံသဘောမျိုးပဲ ဆိုရင်တော့ မတုန်မလှုပ် ခံနိုင်အောင် ကြိုးစားခြင်းဖြင့် ကျော်လွှားနိုင်ရပါမယ်။ အဓိကကတော့ အကုသိုလ် အကျိုးဆက်တွေပဲ ဖြစ်ဖြစ်၊ လောကဓံတရားတွေပဲ ဖြစ်ဖြစ် ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်ဘက်က မှန်နေ၊ ကောင်းနေဖို့ပါပဲ။ မှန်နေ၊ ကောင်းနေဖို့ဆိုတာက ကိုယ်ကျင့်တရားတွေ လုံနေဖို့၊ မဟုတ်တဲ့အကုသိုလ်တွေကို မလုပ်မိနေဖို့ပါ။ ကောင်းတာတွေ လုပ်နေသူတွေ ဟာ သူများအထင်သေးမှာ ကဲ့ရဲ့စွပ်စွဲခံရမှာ မကြောက်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကဘာမှ မဟုတ်တာလုပ်ထားတာ မရှိလို့ပါ။ ဒီလိုသူများအထင်သေး၊ ကဲ့ရဲ့စွပ်စွဲမှာ ကြောက်နေတတ်တာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေလို့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းနေတာဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလတွေ အားနည်းနေသေးလို့ပါ။ ဒါကြောင့် ယုံကြည်မှုများအားကောင်းအောင် ကိုယ့်ကျင့်သီလ ကုသိုလ်တရားများ များနေဖို့အရေးကြီးပါတယ်။ မဟုတ်တာတွေ၊ မကောင်းတာတွေ မလုပ်မိဖို့ အရေးကြီး ပါတယ်။
တကယ်တော့ လူတိုင်းလူတိုင်း မွေးလာကတည်း သေတဲ့အထိ ဒီလိုအကောင်း လောကဓံချည်းနဲ့ပဲ နေသွားရတာ မဟုတ်သလို အဆိုးလောကဓံချည်းနဲပဲ နေသွားရတာမဟုတ်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ပြီးသွားပါလိမ့်မယ်။ အခိုက်အတန့်လေးသာ ဖြစ်ပါတယ်။ အဲ… အဲဒီအခိုက်အတန့် ကာလကို ကိုယ်က ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။ လောကဓံကြောင့် ပျက်ဆီးကြတယ် ဆိုတာလဲ ဒီကြုံလာတဲ့ အခိုက်အတန့်လေးကို မခံနိုင်လို့ ဖြစ်ကြတာပါ။ မင်္ဂလသုတ်မှာ လာသလိုပေါ့.. ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ… စသဖြင့် လောကဓံနဲ့ ကြုံတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ မတုန်လှုပ်ဘူး၊ စိုးရိမ်မှုကင်းတယ်၊ အညစ်အကြေးကင်းတယ်၊ ငြိမ်းချမ်းတယ်ဆိုရင် မင်္ဂလာပါတဲ့.. ဒါကြောင့် ဘယ်လိုလောကဓံနဲ့ ကြုံကြုံ မတုန်မလှုပ် ခံနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
လောကဓမ္မသုတ်အလိုအရ ပြောမယ်ဆိုရင် အရိယာပုဂ္ဂိုလ်များ ကျင့်သလို ကျင့်နိုင်ရင် ဒီလောကဓံကို ကောင်းကောင်း ခံနိုင်သွားပါလိမ့်မယ်။ အရိယာပုဂ္ဂိုလ်များဟာ လောကဓံတရားများနဲ့ ကြုံတွေ့တဲ့အခါ လက္ခဏာရေး သုံးပါးနဲ့ ရင်ဆိုင်ကျော်လွှား ကြတယ်လို့ ဆိုပါတယ်။ သိတဲ့အတိုင်းပဲ လက္ခာဏာရေး သုံးပါးဆိုတာ မမြဲခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ ကိုယ့်အလိုသို့မလိုက် သူ့အလိုလိုဖြစ်နေတဲ့ အစိုးမရခြင်း အနတ္တသဘောကို ပြောတာပါ။ ပုထုဇင်များ ဖြစ်တဲ့အတွက် အရိယပုဂ္ဂိုလ်တို့လို လောကဓံ တရား အပေါ် လက္ခဏာရေးသုံးပါးနဲ့ မရှုပွားနိုင်ပေမယ့် အရာအားလုံးဟာ မမြဲခြင်းသဘော ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ဖြေနိုင်ရင် အတော်အသင့် ခံနိုင်ရည် ရှိလာပါလိမ့်မယ်။ ပြီးတော့ သတိထားရမှာက အာရုံနောက်ကို စိတ်မလိုက်မိဖို့ပါ။ အာရုံနောက်ကို စိတ်လိုက်တယ်ဆိုတာ အရှင်းဆုံးပြောရရင် စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားဖို့ပါ။ စကားလုံးဆိုတာကတော့ ပညတ်သတ်မှတ်ချက်တွေ ဖြစ်တဲ့ အတွက် ကိုယ်နဲ့အဆင်ပြေ သင့်မြတ်နေရင် အကောင်းပြောကြမှာဖြစ်ပြီး အဆင်မပြေရင်တော့ အပြစ်ပြော၊ ကဲ့ရဲ့အစွပ်စွဲခံရမှာပါ။ ဒါကြောင့် ဘယ်သူတွေဘာပဲ ပြောပြော အဲဒီပြောတဲ့ စကားလုံးတွေနောက်ကို ကိုယ့်ရဲ့စိတ်က လိုက်ပြီးတွေးတော ခံစားမနေဖို့ပါ။ လစ်လျူရှုနိုင်အောင် ကြိုးစား ဖို့ပါ။ ဒါလည်းပဲ ပြီးသွားမှာပဲ ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုသာ သံသရာကောင်းစေဖို့ အကောင်းတွေနဲ့ ပြည့်အောင်ကြိုးစားနေဖို့ပါ။ စွပ်စွဲပြောဆိုကဲ့ရဲ့သူတွေ ဘယ်လိုပဲပြောနေကြပါစေ နောက်ဆုံးသံသရာခရီးသွားတဲ့အခါ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ စေတနာကံတွေကသာ ကိုယ်နဲ့တစ်ပါတည်း ပါသွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဘာမှမမြဲတဲ့ လောကကြီးမှာ အခိုက် အတန့်ဖြစ်တဲ့ အချိန်လေးလောက်ပဲ ဖြစ်ပေါ်တတ်တဲ့ စွပ်စွဲခံရခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ အထင်သေးခံရခြင်းတွေကို လိုက်ပြီးခံစားမဘဲ အားလုံးကို ဥပေက္ခာပြု လစ်လျူရှုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ပေးနိုင်တဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရား၊ ကုသိုလ်တရားတွေကိုသာ များသထက်များ၊ ပြည့်သထက်ပြည့်အောင် ကြိုးစားဖို့ လိုပါတယ်။ သေချာတာက ဘာမှမမြဲဘူးဆိုတာပါပဲ…

စေတီတန်ခိုးပြခြင်း ပြဿနာ…

မိလိန္ဒမင်း…
အရှင်ဘုရား နာဂသေန ပရိနိဗ္ဗာန် စံတော်မူပြီးကုန်သော ဘုရားရှင် (ရဟန္တာ) အားလုံးတို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်ပါသလော၊ သို့မဟုတ် အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌သာ တန်ခိုး ပြာဋိဟာသည် ဖြစ်ပါသလော…

အရှင်နာဂသေန…
မင်းမြတ်အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌ဖြစ်၏။ အချို့သော ဘုရား(ရဟန္တာ)တို့၏ စေတီ၌ မဖြစ်။
မိလိန္ဒမင်း…
အရှင်ဘုရား အဘယ်ဘုရားရှင်တို့၏ စေတီ၌ဖြစ်ပါသနည်း…။ အဘယ်ဘုရားရှင်တို့၏ စေတီ၌ မဖြစ်ပါ သနည်း…။
အရှင်နာဂသေန…
မင်းမြတ် သုံးယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်၏ အဓိဋ္ဌာန်ကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ အဘယ်သုံးယောက် သော ပုဂ္ဂိုလ်တို့နည်း ဟူမူ…
မင်းမြတ် ဤသာသနာတော်၌ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ``ဤမည် ဤမည်သော တန်ခိုးပြာဋိဟာသည် စေတီ၌ ဖြစ်စေသတည်း``ဟု အဓိဋ္ဌာန်ပြု၏။ ထိုရဟန္တာ ပုဂ္ဂိုလ်၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ဤသို့လျှင် ရဟန္တာပုဂ္ဂိုလ် အဓိဋ္ဌာန်ပြုသည်၏ အစွမ်းဖြင့် ပရိနိဗ္ဗာန် စံတော်မူပြီးကုန်သော ဘုရား(ရဟန္တာ)တို့၏ စေတီတော်၌ တန်ခိုး ပြာဋိဟာသည် ဖြစ်၏။
မင်းမြတ် နောက်တစ်မျိုးကား နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရား ရှင်၏ စေတီတော်၌ ``ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်း တရားတည်းဟူသော သာသနာသည် အမြဲ ချီးမြှောက်အပ်သည် ဖြစ်လတ္တံ့၊ လူတို့သည်လည်း ကြည်ညိုကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှု တိုးပွားကုန်လတ္တံ့``ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။ ဤသို့လျှင် နတ်တို့အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန် စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။
မင်းမြတ် နောက်တစ်မျိုးကား မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ယုံကြည်မှု သဒ္ဓါအားရှိသော၊ ရတနာသုံးပါး၌ ကြည်ညိုတတ်သော၊ ပညာရှိသော၊ လိမ္မာသော၊ ထိုးထွင်းနိုင်သော ပညာရှိသော၊ အသိဉာဏ်နှင့် ပြည့်စုံ သောသူသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ အ၀တ် ပုဆိုးကိုလည်းကောင်း၊ တစ်ခုခုသော လှူဖွယ်ဝတ္ထု တစ်စုံတစ်ရာကိုလည်းကောင်း ``ဤသို့သော တန်ခိုး ပြာဋိဟာမည်သည် ဖြစ်ပါစေသတည်း``ဟု အဓိဋ္ဌာန်၍ စေတီတော်၌ တင်မြှောက်၏။ ထိုသူ၏ အဓိဋ္ဌာန် အစွမ်းဖြင့်လည်း ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ဤသို့လျှင် လူတို့၏အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုး ပြာဋိဟာသည် ဖြစ်၏။
မင်းမြတ် ဤသို့လျှင် သုံးယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်၏ အဓိဋ္ဌာန် အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ မင်းမြတ် ထိုပုဂ္ဂိုလ်တို့၏ အဓိဋ္ဌာန်ပြုခြင်းသည် အကယ်၍ မဖြစ်ငြားအံ့ စေတီတော်၌ တန်ခိုးပြာဋိဟာသည် မဖြစ်။ (မိလိန္ဒပဥှာ၊ မြန်မာပြန်၊ နှာ ၃၁၈-၃၁၉)

Friday, August 28, 2009

မြတ်ဗုဒ္ဓ…

ဘီစီ ၆၂၃ခုနှစ် မေ(ကဆုန်လ)၏ လပြည့်နေ့တွင် ကမ္ဘာပေါ်၌ အကြီးမြတ်ဆုံးသော ဆရာအရှင်ဖြစ်ရန် ပါရမီပါလာသည့် သိဒ္ဓတ္ထအမည်ရှိ အိန္ဒိယမင်းသားတစ်ပါး နီပေါဒေသအတွင်း ဖွားမြင်တော်မူခဲ့သည်။ စည်းစိမ်ရင်ခွင်တွင် ကြီးပြင်းရလျက် မင်းသားတစ်ပါး တတ်မြောက်သင့်သော အတတ်ပညာကို ရရှိပြီးနောက် လူသားတစ်ယောက် အနေဖြင့် မင်းသားသိဒ္ဓတ္ထသည် အိမ်ထောင်ပြု၍ သားတစ်ယောက် ထွန်းကားခဲ့သည်။

မင်းသား၏ စဉ်းစားမြော်မြင်တတ်သော သဘာဝနှင့် အနှိုင်းမဲ့ ကရုဏာ တရားက မင်းသားဘ၀ရှိ မတည်မြဲ သည့် ရုပ်ပိုင်းပျော်ရွှင်မှုကို ခံစားရန် မင်းသားအား ခွင့်မပြုခဲ့ပါချေ။ မင်းသားသိဒ္ဓတ္ထသည် ဘ၀ဒုက္ခကို နားမလည်သော်လည်း ဆင်းရဲနေကြသည့် လောကသားတို့အပေါ် နက်နက်ရှိုင်းရှိုင်း သနားကရုဏာ ဖြစ်ခဲ့ သည်။ သာယာချမ်းမြေ့ပြီး ပြည့်စုံသောဘ၀တွင် မင်းသားသိဒ္ဓတ္ထသည် သောက၏ ကျယ်ပြောနက်ရှိုင်းပုံကို သဘောပေါက်ခဲ့သည့်။ ကရုဏာရှင် မင်းသားသိဒ္ဓတ္ထအဖို့ လောကီပျော်ရွှင်ဖွယ် အလုံးစုံနှင့်ပြည့်စုံသည့် စံနန်းဆောင်သည် နှစ်လိုဖွယ်နေရာ တစ်ခုမဟုတ်တော့ချေ။ ထွက်တော်မူ နန်းကခွာရန် အချိန်ရောက်ခဲလေ ပြီ။ အာရုံငါးပါးဆိုင်ရာ ပျော်ရွှင်မှုများ၏ အချည်းနှီးဖြစ်ပုံကို သိမြင်သွားခြင်းက သက်တော် ၂၉နှစ်မြောက်တွင် လောကီပျော်ရွှင်မှု အားလုံးကိုစွန့်ပြီး အ၀ါရောင် ရဟန်းဝတ်ရုံကို ၀တ်ဆင်လျက် သစ္စာတရားကို ရှာဖွေရင်း အသပြာမရှိ တစ်ကိုယ်တည်း လှည့်လည်ခဲ့သည်။
ယင်းဖြစ်ရပ်ကား မဖြစ်စဖူးထူးကဲသော ဥဒါန်းတွင်ရစ်သည့် မဟာဘိနိက္ခမန (ကြီးမြတ်သော တော ထွက်ခြင်း) ဖြစ်သည်။ အကြောင်းမူ မင်းသားသိဒ္ဓတ္ထသည် အသက်အရွယ် အိုမင်းရင့်ရော်ချိန်တွင် မဟုတ်ဘဲ ငယ်ရွယ်စဉ်မှာပင် တောထွက်ခဲ့ခြင်း၊ ဆင်းရဲ့မွဲတေ၍ မဟုတ်ဘဲ ကြွယ်ဝကုံလုံ ပြည့်စုံစဉ်မှာပင် တောထွက်ခဲ့ ခြင်းတို့ကြောင့် ဖြစ်သည်။ တင်းကျပ်ပြီး အပြင်းအထန် ခြိုးခြံသည့် ရဟန်းကျင့်စဉ် (ဒုက္ကရစရိယ)ကို မကျင့်သုံးဘဲ ၀ိမုတ္တိ (လွတ်မြောက်မှု)ကို မရနိုင်ဟု ရှေးခေတ်က ယုံကြည်ယဆကြသောကြောင့် မင်းသား သိဒ္ဓတ္ထသည် ပြင်းထန်သည့် ကျင့်စဉ်ပုံစံအားလုံးကို အသည်းအသန် အားထုတ်ခဲ့သည်။ ``နိုးကြားပြီးရင်း နိုးကြားရင်း၊ ခြိုးခြံပြီးရင်း ခြိုးခြံရင်းတို့ဖြင့် ထပ်လောင်းလျက်`` မင်းသားသည် ခြောက်နှစ်တိုင်တိုင် မဟာပုရိသတို့၏ အားထုတ်မှုကို ပြုတော်မူသည်။
မင်းသား၏ ခန္ဓာကိုယ်သည် အရိုးစုနီးပါးသို့ လျော့ကျသွားသည်။ မိမိခန္ဓာကိုယ်ကို ညှဉ်းဆဲလေ မိမိ၏ ပန်းတိုင်းသည် မိမိမှ ပိုမိုဝေးစွာ ကျန်ခဲ့လေဖြစ်သည်။ မင်းသား ပြင်းထန်စွာအားထုတ်ခဲ့သည့် နာကျင် ခံခက်ပြီး မအောင်မြင်သော ဒုက္ကရစရိယသည် လုံးဝအချည်းနှီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ မင်းသားသည် ယခုအခါ (ယင်း) ကိုယ်ပိုင်အတွေ့အကြုံအားဖြင့် ခန္ဓာကိုယ်ကို အားနည်းစေပြီး စိတ်ဓာတ်ငြီးငွေ့ ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေသည့် အတ္တကိလမထ (မိမိကိုယ်ကိုညှဉ်းပန်းခြင်း)၏ လုံးဝအကျိုး မရှိပုံကို အကြွင်းမဲ့ သိမြင်သွားသည်။
အဖိုးမဖြတ်နိုင်သည့် ယင်းကိုယ်ပိုင်တွေ့ကြုံသိရှိမှု၏ လမ်းညွှန်ချက်ဖြင့် ဗုဒ္ဓလောင်းလျာမင်းသားသည် နောက်ဆုံး၌ ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ချမ်းသာ ပျော်ရွှင်ခံစားမှု)နှင့် အတ္တကိလမထာနုယောဂ (ကိုယ်ခန္ဓာကို နှိပ်စက်ညှဉ်းပန်းမှု) ဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ရှားလျက် ဒုက္ကရစရိယ မဟုတ်သည့် ကျင့်စဉ်တစ်ရပ်ကို လိုက်နာရန် ဆုံးဖြတ်ခဲ့သည်။ ကာမသုခလ္လိကာနုယောဂသည် စိတ်ပိုင်းဘ၀ တိုးတက်မှုကို ဆုတ်ယုတ်စေပြီး အတ္တကိလမထာနုယောဂမူကား ဆင်ခြင်တုံတရားကို ဆုတ်ယုတ်စေသည်။ ဗုဒ္ဓလောင်းလျာ မင်းသားကိုယ်တိုင် တွေ့ရှိခဲ့သည့် နည်းလမ်းသစ်ကား မစ္ဇျိမပဋိပဒါ (အလယ်အလတ် လမ်းစဉ်) ဖြစ်ပြီး ယင်းသည် နောင်အခါတွင် ဗုဒ္ဓဓမ္မ၏ ၀ိသေသလက္ခဏာတစ်ရပ် ဖြစ်လာခဲ့သည်။
နှစ်လိုဖွယ် တစ်နံနက်တွင် ကမ္မဋ္ဌာန်းရှုမှတ်မှု၌ နက်ရှိုင်းစွာ အာရုံဝင်းစားခိုက် မည်သည့်တန်ခိုးစွမ်းအားရှင်၏ ကူညီခြင်း လမ်းညွှန်ခြင်းမျှမရှိဘဲ မိမိ၏လုံ့လ အားထုတ်မှုနှင့် အသိပညာကိုသာ အမှီသဟဲပြု၍ ကိလေသာ အလုံးစုံကို ပယ်ရှားပစ်ခြင်း၌ စိတ်ဓာတ်စင်ကြယ်လျက် သဘ၀အမှန်ကို အရှိအတိုင်း သိမြင်သွားပြီးနောက် သက်တော် ၃၅နှစ်အရွယ်၌ သဗ္ဗညုတဉာဏ်ကိုရ (ဗုဒ္ဓဖြစ်) တော်မူသည်။ ဗုဒ္ဓဘုရားအဖြစ်ဖြင့် မွေးဖွားလာ ခဲ့သည် မဟုတ်ဘဲ မိမိ၏ ကျင့်ကြံအားထုတ်မှုဖြင့် ဗုဒ္ဓဖြစ်လာသည်။ ရှင်တော်မြတ် ဟောကြားခဲ့သော ကျင့်စဉ်အားလုံး၏ ပြီးပြည့်စုံသည့် စံပြပုံစံအနေဖြင့် အနှိုင်းမဲ့ မဟာကရုဏာတော်အားလျော်သော သဗ္ဗညုတ ဉာဏ်တော်နှင့် ပြည့်စုံလျက် မြတ်ဗုဒ္ဓသည် မည်သည့် တစ်ကိုယ်ရည် ပုဂ္ဂလိက ရည်ရွယ်ချက်ကိုမျှ အဓိကမထားဘဲ မိမိ၏ အဖိုးတန်လှသည့် ကျန်ရှိသည့်ဘ၀ သက်တမ်းကို လောကအား ပြုစုစောင့်ရှောက်ရန် မြှုပ်နှံခဲ့သည်။
၄၅နှစ်ကြာ အလွန်အောင်မြင်သည့် ဘ၀သက်တမ်း ကုန်ဆုံးပြီးနောက် မြတ်ဗုဒ္ဓသည် အခြားလူသား သတ္တ၀ါ အားလုံးကဲ့သို့ပင် ရှောင်လွဲမရသည့် မတည်မမြဲပြောင်းလဲမှု ကုန်ဆုံးပြီးနောက် မြတ်ဗုဒ္ဓသည် နောက်ဆုံး၌ မိမိ၏ တပည့်သာဝကများအား မိမိဟောကြားခဲ့သည့် ဓမ္မကို ဆရာအဖြစ် မှန်ယူရန် မိန့်ကြားလျက် သက်တော်၈၀ အရွယ်၌ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။
ဗုဒ္ဓရှင်တော်မြတ်သည် လူသားတစ်ယောက်ဖြစ်သည်။ လူသားတစ်ယောက်အဖြစ် မွေးဖွားခဲ့ပြီး လူသား တစ်ယောက်ကဲ့သို့ နေထိုင်လျက် လူသားတစ်ယောက်ကဲ့သို့ပင် ဘ၀အဆုံးသတ်တော်မူသွားသည်။ လူသား တစ်ယောက်ဖြစ်သော်လည်း ဗုဒ္ဓသည် အံ့ဖွယ်မဟာလူသား (အစ္ဆရိယမနုဿ) ဖြစ်လျက် နတ်ဘုရား အနေဖြင့် (မိမိကိုယ်ကို) လုံးဝမိန့်ဆိုခြင်း မရှိခဲ့ပေ။ ဗုဒ္ဓရှင်တော်မြတ်သည် ဤအရေးပါသည့်အချက်ကို အလေးပေး မိန့်ကြားတော်မူခဲ့ပြီး ကိုယ်တော်မြတ်အနေဖြင့် ထာဝရတည်မြဲသူ နတ်ဗြဟ္မာဖြစ်သည့်ဟု မည်သူမျှ မှားယွင်းစွာ ထင်မြင်ယူဆသွားစေရန် တစ်စွန်းတစ်စမျှ ချန်မထားခဲ့ချေ။ ဗုဒ္ဓရှင်တော်မြတ် ကိစ္စနှင့်ပတ်သက်၍ နတ်ဘုရားကဲ့သို့ ကိုးကွယ်ပသခြင်းမျိုး မရှိသည်မှာ ကံကောင်းသည်။ သို့တစေ ``ဖန်ဆင်းရှင် ထာဝရဘုရားကို တစ်စက်မျှ မယုံသော်လည်း ဗုဒ္ဓရှင်တော်မြတ်ကဲ့သို့ အလုံးစုံသိ ဘုရားနှင့် တူသူ`` ဆရာမျိုး တစ်ဦးတစ်ယောက်မျှ မရှိကြောင်း မှတ်သင့်သည်။
ဗုဒ္ဓရှင်တော်မြတ်သည် အချို့ယူဆသကဲ့သို့ ဟိန္ဒူဘုရား ဗိသျှနုဝင်စားသူ မဟုတ်သကဲ့သို့ တစ်ကိုယ်ရေ လွတ်မြောက်မှုဖြင့် အခြားပုဂ္ဂိုလ်များအား မိမိစိတ်တိုင်းကျ ကယ်တင်ပေးသူလည်း မဟုတ်ချေ။ စင်ကြယ်မှု ရော ညစ်ကျူမှုပါ မိမိတို့အပေါ်တွင်သာ တည်မှီသောကြောင့် မိမိတို့ လွတ်မြောက်မှုအတွက်လည်း မိမိတို့အပေါ်တွင်သာ တည်မှီကြောင်း တပည့်သာဝကများအား ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည်။ မိမိနှင့် မိမိသာဝကတို့၏ ဆက်နွယ်ပတ်သက်မှုကို ရှင်းလင်းစွာ ဖော်ပြပြီး ကိုယ့်ကိုယ်ကို အားကိုးမှုနှင့် တစ်ကိုယ်ရေ လုံ့လကြိုးကုတ်မှု၏ အရေးပါမှုကို အထူးပြု မြွက်ဟလျက် ``ဘိက္ခုတို့ … ကိုယ်တိုင် အားထုတ်ကြရမည်။ တထာဂတ (ဘုရားရှင်)တို့ကား လမ်းညွှန်သူများသာ ဖြစ်ကြ၏``ဟု ရှင်းလင်းစွာ ဖော်ပြတော်မူသည်။
ဗုဒ္ဓသည် လမ်းစဉ်ကို ညွှန်ပြလျက် ကျွန်ုပ်တို့၏ စင်ကြယ်မှုကို ရရှိရေးအတွက် လိုက်နာကျင့်သုံးရန် ယင်းလမ်းစဉ်ကို ကျွန်ုပ်တို့အဖို့ ထားခဲ့သည်။ ``ကယ်တင်ခံရခြင်းအတွက် အခြားပုဂ္ဂိုလ်များအား အားကိုး ခြင်းမှာ ဖြစ်နိုင်ခြေမရှိသော်လည်း မိမိကိုယ်ကို အားကိုးခြင်းကား အကျိုးရှိသည်။`` သူတစ်ပါးအား အားကိုးခြင်းဟူသည် မိမိ၏လုံ့လ စွမ်းပကားကို အရှုံးပေးခြင်းဟု ဆိုလိုရာရောက်သည်။
မိမိကိုယ်ကို အားကိုးရန် တပည့်သာဝကများအား ရှင်းလင်းရာ၌ ဗုဒ္ဓရှင်တော်မြတ်က မဟာပရိနိဗ္ဗာန သုတ်တော်၌ ``သင်တို့သည် မိမိကိုယ်ကို ကျွန်းကဲ့သို့ပြု၍ နေထိုင်ကြလော့။ မိမိကိုယ်ကို အားကိုးရာပြု၍ နေထိုင်ကြလော့။ အခြားအရာများ၌ အားကိုးရာကို မရှာကြနှင့်``ဟု မိန့်တော်မူသည်။ ယင်းမြင့်မြတ်လှသည့် စကားတော်များကား ကိုယ့်ကိုယ်ကို မြှင့်တင်ပေးလျက်ရှိကြသည်။ မိမိ၏ ရည်ရွယ်ချက် အောင်မြင်ပြီး မြောက်ဖို့ မိမိကိုယ်တိုင် လုံ့လအားထုတ်ရန် မည်မျှအရေးပါကြောင်းနှင့် အပြစ်ကို ခွင့်လွှတ်သည်ဆိုသည့် ကယ်တင်ရှင်များထံမှ ထုတ်နှုတ်ရွေးချယ်ခံရမှုကို ရှာဖွေခြင်းနှင့် စိတ်ကူးယဉ် နတ်ဘုရားများအား တောင်းပန်ဝပ်လျှိုးမှု သို့မဟုတ် အကျိုးမတုံ့ပြန်သော တောင်းဆုချွေမှုနှင့် အဓိပ္ပါယ်မဲ့ ယဇ်ပူဇော်မှုများဖြင့် နောက်ဘ၀တစ်ခုက မသေချာ မရေရာသော ပျော်ရွှင်မှုကို တောင့်တခြင်းတို့မှာ မည်မျှပေါ့ပျက်ပြီး အချည်းနှီး ဖြစ်ကြောင်း ယင်းစကားတော်များက ဖော်ပြသည်။
တစ်ဖန် ဗုဒ္ဓရှင်တော်မြတ်သည် ဗုဒ္ဓအဖြစ်ကို ငါသာပိုင် လက်ဝါးကြီးအုပ် မတောင်းဆိုချေ။ အမှန်စင်စစ် ဗုဒ္ဓအဖြစ်ဟူသည် မည်သည့်အထူးကောင်းချီးပေးခံရသူ၏ သီးခြားပိုင်ဆိုင်မှုမျှ မဟုတ်ချေ။ ဗုဒ္ဓရှင်တော် မြတ်သည် မည်သူမဆို မျှော်လင့်တောင့်တနိုင်သော ဖြစ်နိုင်ခြေရှိ ပါရမီတို့၏ အမြင့်ဆုံးအဆင့်သို့ ဆိုက်ရောက်ခဲ့ပြီး ဆရာစား (အာစရိယမုဋ္ဌိ) မချန်ဘဲ ယင်းနောက်ဆုံး အဆင့်သို့ ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းဖြောင့်လမ်းမှန်ကို ဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓ၏ ဟောကြားချက်များအရ မည်သူမဆို လိုအပ်သည့် လုံ့လကြိုးကုတ်ကို ပြုလုပ်ခဲ့မူ ယင်းအမြင့်ဆုံး ပြည့်စုံမှုအဆင့်ကို မျှော်မှန်းနိုင်သည်။ ဗုဒ္ဓ ရှင်တော်မြတ်သည် လူသားတို့အား ကောက်ကျစ်သည့် အပြစ်ရှိသူများဟု ခေါ်ဝေါ်လျက် ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ ယင်းသို့ပြုမည့်အစား လူသည် သန္ဓေပါအရ နှလုံးသားစင်ကြယ်ကြောင်း မိန့်ကြားလျက် လူသားတို့ကို နှစ်သိမ့် အားပေးတော်မူသည်။ ဗုဒ္ဓရှင်တော်မြတ်၏ အမြင်တွင် လောကသည် မကောက်ကျစ်၊ သို့တစေ အ၀ိဇ္ဇာ ဖုံးလွှမ်းမြှေးယှက်ခြင်း ခံကြရသည်။ မိမိတပည့်များအား စိတ်ပျက်စေခြင်းနှင့် မြင့်မြတ်သည့် အခြေအနေကို မိမိသာထိုက်တန်ကြောင်း ပြဆိုခြင်းတို့အစား လူတိုင်းတွင် ဗုဒ္ဓအဖြစ် အနုသယဓာတ် တည်ရှိနေသဖြင့် တပည့်သာဝကတို့အား မိမိကို အတုလိုက်၍ ကျင့်သုံးရန် အားပေးတိုက်တွန်းတော်မူသည်။ နောက်တစ်မျိုး ဆိုရမူ လူတိုင်းဗုဒ္ဓဘုရား ဖြစ်နိုင်သည်။
ဗုဒ္ဓဖြစ်ရန် စိတ်အားထက်သန်သူအား ဗောဓိသတ္တဟုခေါ်ပြီး စာပေနည်းဖြင့် အသိပညာ (ပွင့်လန်းမည့်) ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရသည်။ ယင်းဘုရားလောင်းအယူအဆသည် ဤအတ္တဗဟိုပြုလောကအား ထာဝစဉ် အပ်နှင်းထားပြီးဖြစ်သည့် အလှပဆုံး အရည်မွန်ဆုံးသော ဘ၀ကျင့်စဉ် ဘ၀နေနည်း တစ်ရပ်ဖြစ်သည်။ အကြောင်းမူ (လောကအား) အလုပ်အကျွေးပြုလျက် စင်ကြယ်သည့် ဘ၀တစ်ခုထက် ပိုမိုမြင့်မြတ်သည့် မည်သည့်အရာ အဘယ်မှာရှိပါအံ့နည်း..။
ဗုဒ္ဓရှင်တော်မြတ်သည် လူသားတစ်ယောက်အနေဖြင့် ဗုဒ္ဓအဖြစ်ကို ရရှိခဲ့ပြီး ကိန်းဝပ်နေသည့် မမြင်နိုင်ကောင်းသော ဖြစ်နိုင်ခြေများနှင့် လူသား၏ ဖန်တီးနိုင်စွမ်းကို လောကသို့ ကြေငြာတော်မူခဲ့သည်။ လူသား၏ ကံကြမ္မာကို စိတ်တိုင်းကျ ချုပ်ကိုင်ထားသူ မမြင်တွေ့ရသည့် အနန္တတန်ခိုးရှင် တစ်ဆူတည်းသော ထာဝရဘုရားသခင်ကို လူသားတို့ အပေါ်မှာ ထားရှိပြီး လူသားအား အနန္တတန်ခိုးတစ်ရပ်ကို ကျိုးနွံစေမည့် အစား လူ့တန်ဖိုးကို မြှင့်တင်ပေးခဲ့သည်။ လူသည် မိမိ လွတ်မြောက်မှု (၀ိမုတ္တိ)နှင့် စင်ကြယ်မှု (၀ိသုဒ္ဓိ)တို့ကို ပြင်ပရှိ ဖန်ဆင်းရှင်ဘုရားသခင် သို့မဟုတ် ဟောပြောသူ ဓမ္မဆရာများကို အမှီအခိုမပြုဘဲ ကိုယ်ပိုင်ကျင့်ကြံ အားထုတ်မှုဖြင့် ရရှိနိုင်ကြောင်း ဟောကြားတော်မူသည်မှာ ဗုဒ္ဓရှင်တော်မြတ်သာ ဖြစ်ချေသည်။ အတ္တဗဟိုပြု လောကအား ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုဟူသော မြင့်မြတ်သည့် အယူအဆကို ဟောကြားခဲ့သည်မှာ ရှင်တော်ဗုဒ္ဓပင်ဖြစ်သည်။ ဂုဏ်ကျက်သရေကို သိမ်ငယ်စေသည့် အမျိုးဇာတ်စနစ်ကို တော်လှန်ဆန့်ကျင်ပြီး လူသားချင်း တန်းတူညီမှုကို ဟောကြားလျက် ဘ၀ခရီးတစ်လျှောက် ၎င်းတို့ကိုယ်တိုင်အား တောက်ပြောင် စေရန် အားလုံးအတွက် တူညီသည့် အခွင့်အရေးများကို ပေးအပ်ခဲ့သည်မှာ မြတ်ဗုဒ္ဓပင် ဖြစ်သည်။
ဘ၀ကဏ္ဍသစ်ဖွင့်ပြီး ပြည့်စုံမှုကို လိုလားသူဖြစ်မည့် ဇာတ်နိမ့်ဇာတ်မြင့် သူတော်စင် လူသတ်သမားဟူသော ဘ၀အခြေအနေတိုင်းမှ လူအားလုံးတို့အတွက် အောင်မြင်မှုနှင့် ကြီးပွားချမ်းသာမှု တံခါးကို ဖွင့်ထားကြောင်း ဗုဒ္ဓရှင်တော်မြတ်က မြွက်ဟတော်မူသည်။ အမျိုးဇာတ် အသားရောင် သို့မဟုတ် ရာထူးတို့ကို ခွဲခြားခြင်း မပြုဘဲ ဗုဒ္ဓရှင်တော်မြတ်သည် ထိုက်တန်သူ အမျိုးသား အမျိုးသမီး နှစ်ရပ်လုံးအတွက် ဒီမိုကရေစီနည်း ကျကျ ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့အစည်း တစ်ရပ်ကို တည်ထောင်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည် မိမိ၏တပည့်များအား ဓမ္မ၏ကျေးကျွန်ဖြစ်ရန်ရော မိမိကိုယ်တိုင်၏ လက်အောက်ခံ ဖြစ်ရန်အတွက်ပါ တွန်းအားမပေးဘဲ လုံးဝအတွေးအမြင် လွတ်လပ်မှုကို ပေးအပ်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည် ကိုယ်တော် မြတ်၏ အားပေးစကားများဖြင့် မိသားစုနှင့် ကွေကွင်းသူများအား သက်သာရာ ရစေတော်မူခဲ့သည်။ စွန့်ပစ်ခံ နာမကျန်းသူများအား ပြုစုစောင့်ရှောက်ခဲ့သည်။ လျစ်လျူရှုခံရသည့် ဆင်းရဲသားများအား ကူညီစောင့်ရှောက် ခဲ့သည်။ လမ်းပျောက်နေသူများအား ဂုဏ်တက်အောင် ဆောင်ရွက်ပေးပြီး ရာဇ၀တ်မှု ကျူးလွန်သူတို့၏ စာရိတ္တပျက်ပြားမှုဘ၀ကို စင်ကြယ်စေသည်။ အားငယ်သူများအား အားပေးပြီး ကွဲပြားနေသူများအား ညီညွတ်စေသည်။ မသိမိုက်မဲသူများအား အသိဉာဏ်ပွင့်လင်းစေသည်။ နက်နဲသည့်အရာကို ဖြေဆိုရှင်းလင်း ပေးသည်။ အသိပညာ နည်းပါးသူများအား လမ်းညွန်ပေးသည်။ အောက်ခြေမှ ပုဂ္ဂိုလ်များအား မြင့်တင်ပေး သည်။ မြင့်မြတ်သူများအား ပိုမိုကျက်သရေ ရှိစေသည်။ ဆင်းရဲချမ်းသာ သူတော်စင် လူမိုက်မဟူ ရှင်တော်မြတ်အား ထပ်တူညီမျှ ချစ်ခင်မြတ်နိုးကြသည်။ အာဏာထန်ပြင်းသူ၊ ဖြောင့်မတ်သူ ဘုရင်များ၊ ထင်ရှားမထင်ရှား မင်းညီမင်းသားများနှင့် အထက်တန်းလွှာများ၊ ရက်ရောသူ ကပ်စေးနှဲသူ သန်းကြွယ် သူဌေးများ၊ မာနထောင်လွှားသူ နိမ့်ချသူ ပညာရှင်များ၊ ခိုကိုးရာမဲ့ သူဆင်းရဲများ၊ အောက်တန်းကျသူ အမှိုက်ပုံတွင် ရှာဖွေစားသောက်ရသူများ၊ ကောက်ကျစ်သူ၊ လူသတ်သမာများ၊ အထင်သေးခံရသူ ပြည့်တန်ဆာများ၊ ယင်းသို့သော ပုဂ္ဂိုလ်အားလုံးသည် ဗုဒ္ဓရှင်တော်မြတ်၏ ပညာ၊ ကရုဏာ (ပြဋ္ဌာန်းသည့်) စကားလုံးများကြောင့် အကျိုးဖြစ်ထွန်းကြသည်။
ဗုဒ္ဓရှင်တော်မြတ်၏ မြင့်မြတ်သည့် စံနမူသည် သတ္တ၀ါအားလုံးအဖို့ အားတက်ဖွယ် အကြောင်း တစ်ရပ်ဖြစ်သည်။ ဗုဒ္ဓရှင်တော်မြတ်၏ တည်ငြိမ်အေးချမ်းသော သွင်ပြင်သည် ကြည်ညိုသူပုဂ္ဂိုလ်များ၏ အမြင်တွင် စိတ်သက်သာရာ ရစေသည့် ရုပ်ပုံတစ်ရပ်ဖြစ်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်၏ ငြိမ်းချမ်းရေးနှင့် သည်းခံရေး တရားတော်အား လူအားလုံးက ဖော်မပြနိုင်သော ပျော်ရွှင်မှုဖြင့် ကြိုဆိုခဲ့ကြပြီး ယင်းသည် ကြားနာခွင့် လိုက်နာကျင့်သုံးခွင့် ရှိခဲ့သူတိုင်းအား ထာဝရ အကျိုးဖြစ်ထွန်းစေခဲ့သည်။
ဗုဒ္ဓဓမ္မ ထိုးဖောက်ထွန်းတောက်ခဲ့သည့် နေရာတိုင်းတွင် ယင်းဓမ္မသည် အသီးသီးသော လူမျိုးများ၏ စရိုက်လက္ခဏာအပေါ် ခိုင်မြဲသည့် စွဲမက်ဖွယ် ထင်ဟပ်မှုတစ်ရပ်ကို ထားပစ်ခဲ့သည်။ ဗုဒ္ဓဘာသာနိုင်ငံ အားလုံး၏ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခြင်းမှာ အဓိကအားဖြင့် ဗုဒ္ဓ၏ အထက်တန်းကျသော အဆုံးအမ များကြောင့် ဖြစ်ရသည်။ အမှန်သော် သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ ဗီယက်နာမ်၊ လော၊ နီပေါ၊ တိဗက်၊ တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်စသည်ကဲ့သို့သော ဗုဒ္ဓဘာသာ နိုင်ငံအားလုံးသည် ဗုဒ္ဓ၀ါဒတည်းဟူသော ပုခက်အတွင်းက ကြီးပြင်းခဲ့ကြသည်။ ဤမြင့်မြတ်သည့် ဆရာအရှင် ပရိနိဗ္ဗာန် စံလွန်ခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း ရှင်တော်မြတ်၏ အနှိုင်းမဲ့ နှစ်လိုဖွယ် လက္ခဏာသည် ရှင်တော်မြတ်အား သိလာသူ အားလုံးအပေါ် လွှမ်းမိုးမှုတစ်ရပ်ကို ဖြစ်စေခဲ့သည်။
ဗုဒ္ဓရှင်တော်မြတ်၏ သံမဏိစိတ်ဓတ်၊ နက်နဲသည့် ပညာ၊ အနန္တမေတ္တာ၊ မဟာကရုဏာ၊ ကိုယ်ကျိုးမဲ့ဆောင်ရွက်မှု၊ သမိုင်းတွင်ရစ်သည့် မဟာဘိနိက္ခမန (လောကီစည်းစိမ်ကို စွန့်လွတ်မှု)၊ အလုံးစုံ စင်ကြယ်မှု၊ ဆွဲဆောင်သည့် ဥပဓိရုပ်၊ ဓမ္မပြန့်ပွားရန် ဆောင်ရွက်ခဲ့သည့် စံပြနည်းစနစ်နှင့် ရှင်တော်မြတ်၏ အဆုံးစွန် အောင်မြင်မှု ဤအလုံးစုံသော အချက်များသည် ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံခန့်မျှအား ရှင်တော်မြတ် အား မိမိတို့၏ ဘာသာတရားဆိုင်ရာ ဆရာအရှင်အဖြစ် ၀မ်းသာစွာ လက်ခံရန် တွန်းအားပေးခဲ့ပြီး ဖြစ်သည်။
ဗုဒ္ဓရှင်တော်မြတ်အား တောက်ပြောင်သည့် ထောမနာပေးခြင်းပြုလျက် သီရိရာဓကရစ်ရှနာ (Sri Radhakarishna)က ဤသို့ဖော်ပြသည်။ ``ဗုဒ္ဓဂေါတမနှင့် စပ်လျှင် ကျွန်ုပ်တို့မှာ တွေးခေါ်မြော်မြင်မှုနှင့် လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘ၀အပေါ် သြဇာလွှမ်းမိုးသလောက် မည်သူမဆို (ယှဉ်လျှင်) ဒုတိယ နေရာတွင် မရှိသူ၊ ၎င်း၏လွှမ်းမိုးမှုသည် အခြားမည်သူထက်မဆို ကျယ်ပြန့်နက်ရှိုင်းမှု ယုတ်လျော့ခြင်း မရှိဘဲ ဘာသာတရား အစဉ်အလာတစ်ရပ်ကို တည်ထောင်သူအဖြစ် အားလုံး၏ လေးစားရိုသေမှုကို ခံရသူ အရှေ့တိုင်းမှ ပညာရှိတစ်ဆူ ရရှိကြခြင်းဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်အား ကမ္ဘာအတွေးအခေါ် သမိုင်း၏ ပိုင်ဆိုင်ခြင်းကို ခံရသူ၊ ရည်မွန်သည့် လူသားအားလုံး၏ အများဆိုင် အမွေအနှစ်ဖြစ်ချေ၏။ အကြောင်းမူ အသိပညာဂုဏ်ရှိန်၊ ကိုယ်ကျင့်တရားရေးရာ ပြင်းပြမှုနှင့် စိတ်ပိုင်းဘ၀ ထိုးထွင်းသိမြင်မှုတို့ဖြင့် ဆုံးဖြတ်ခံရပါမူ ဗုဒ္ဓသည် သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်များအနက် တစ်ဆူဖြစ်ရသည်မှာ သံသယဖြစ်ဖွယ် မလိုသောကြောင့်တည်း။``

အိပ်ခ်ျ ဂျီ ၀ဲလ် (H.G. Wells) က ``သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်သုံးယောက် (Three greatest Men in History)``ကျမ်း၌ ဤသို့ရေးသည်။ ``ဗုဒ္ဓအား ရိုးသားသော ကိုင်းရှိုင်းသော တစ်ကိုယ်တည်းနေသော ဉာဏ်အလင်းအတွက် ကြိုးပမ်းနေသော လူသားတစ်ယောက်၊ ထင်ရှားသည့် လူသားဥပဓိရုပ် ရှိသူအဖြစ် ရှင်းလင်းစွာတွေ့ရပြီး စိတ်ကူးယဉ် နတ်ဒေ၀ါအဖြစ် မတွေ့ရချေ။ ဗုဒ္ဓသည် လူသားအားလုံးနှင့်ဆိုင်သော ကိုယ်ကျင့်တရားရေးရာ တရားဓမ္မကိုလည်း လူသားတို့အား ပေးအပ်ခဲ့၏။ ကျွန်ုပ်တို့၏ အကောင်းဆုံးသော ခေတ်သစ် အတွေးအမြင်များသည် ဗုဒ္ဓ၏ ဓမ္မနှင့် အနီးစပ်ဆုံး လိုက်လျောညီထွေရှိ၏။ ဗုဒ္ဓက ဆင်းရဲဒုက္ခအားလုံးနှင့် မကျေနပ်မှု အားလုံးသည် တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဖြစ်ရကြောင်း ဟောကြားခဲ့၏။ လူသားတစ်ဦးသည် တည်ငြိမ်မှု ဖြစ်မလာနိုင်မီတွင် ၎င်း၏အာရုံတရားများအတွင်း သို့မဟုတ် ၎င်းကိုယ်တိုင်အတွင်း အသက်ရှင်ရမှုကို ရပ်စဲရမည်ဖြစ်၏။ ယင်းနောက်လူသားသည် ကြီးမြတ်သူအဖြစ်သို့ ရောက်ရှိ၏။ ဗုဒ္ဓသည် ခရစ်မပေါ်မီ နှစ်ပေါင်း ၅၀၀ခန့်ကပင် မတူခြားနားသည့် ဝေါဟာဖြင့် လူသားတို့အား ကိုယ်ကျိုးစွန့်မှုတရားကို ဟောကြားတိုက်တွန်းတော်မူခဲ့၏။ အခြားတစ်နည်း ဆိုရမူ ဗုဒ္ဓသည် ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့် ပိုမိုနီးစပ်ခဲ့၏။ ဗုဒ္ဓသည် ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ အရေးပါမှု အကျိုးဆောင်ရွက်မှုတွင် ခရစ်တော်ထက် ပိုမိုရှင်းလင်းပြီး ထာဝရတည်မြဲသူ ပုဂ္ဂိုလ်ဖြစ်သလောဟူသော အချက်နှင့် ပတ်သက်၍မူ (ခရစ်တော်ထက်) သံသယဖြစ်စရာ ပိုနည်း၏။ စိန့်ဟီလေရီ (St. Hilaire) က ``ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည့် ကိုယ်ကျင့်တရား အားလုံး၏ ပြီးပြည့်စုံသော ပုံစံဖြစ်သည့် ရှင်တော်မြတ်၏ဘ၀သည် ယင်းကိုယ်ကျင့်တရားအပေါ် စွန်းထင်မှု မရှိချေ။``ဟု မှတ်ချက်ပြုသည်။ ဖော့စ်ဗိုးလ် (Fausboll)က ``ဗုဒ္ဓရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ရှင်တော်မြတ်အပေါ် ကြည်ညိုလေ ဖြစ်ပါ၏။``ဟု ဆိုသည်။ ရှင်တော်မြတ်၏ ကျိုးနွံသူ တပည့်တစ်ယောက်အနေဖြင့် ``ရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ရှင်တော်မြတ်အပေါ် ကြည်ညိုရလေ၊ ရှင်တော်မြတ်အပေါ် ကြည်ညိုရလေ ရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ`` ဖြစ်ပါ၏ဟု ဆိုမည်ဖြစ်သည်။

ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…

ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…
(အရှင်နာရဒမထေရ် (သီရိလင်္ကာ)၏ အင်္ဂလိပ်လို ရေးသားမှုအား အရှင်ကေလာသ (မြန်မာ)မှ မြန်မာဘာသာသို့ ပြန်ဆိုပူဇော်သည်။)
ကျွန်ုပ်တို့သည် လုံးဝညီမျှမှုမရှိသည့် ကမ္ဘာလောကနှင့် ရင်ဆိုင်နေကြရသည်။ ကျွန်ုပ်တို့သည် လူသားတို့၏ မညီမျှမှုများ ဘ၀ကံကြမ္မာ အထွေထွေနှင့် စကြာဝဠာအတွင်းရှိ သတ္တ၀ါ အဆင့်အတန်း အဖုံဖုံတို့ကို တွေ့မြင်နေကြရသည်။ စိတ်ထားကောင်းမွန်လျက် ကိုယ်ကျင့်တရား ရုပ်ပိုင်းအရည်အချင်းများနှင့် ပြည့်စုံ ကြွယ်ဝသည့် အခြေအနေတွင် မွေးဖွားလာသူများနှင့် မွဲတေဆင်းရဲပြီး ပျက်ဆီးယိုယွင်းသည့် အခြေအနေဖြင့် မွေးဖွားလာကြသူများကို တွေ့ကြရသည်။ စိတ်နှလုံးကောင်းပြီး မြင့်မြတ်သော်လည်း ၎င်း၏မျှော်လင့်ချက်ကို ဆန့်ကျင်လျက် ကံမကောင်းခြင်းနှင့် အမြဲတမ်း ဆုံတွေ့နေရသူရှိသည်။ ကောက်ကျစ်သောလောကသည် ထိုပုဂ္ဂိုလ်၏ ရည်ရွယ်ချက်များ လိုအင်ဆန္ဒများနှင့် ဆန့်ကျင်လျက် ဖြစ်စေသည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ ရိုးသားသော ဆောင်ရွက်ချက် ဘာသာတရား ကိုင်းရှိုင်းမှုတို့ ရှိလင့်ကစား ဆင်းရဲပြီး စိတ်ဆင်းရဲရသည်။ စရိုက်ဆိုးပြီး မိုက်မဲသော်လည်း ယင်းနှင့်ဆန့်ကျင်လျက် ကံကြမ္မာ၏ ချစ်မြတ်နိုးခြင်းခံရသည့် အခြားပုဂ္ဂိုလ် တစ်ယောက်လည်း ရှိပြန်သည်။ ထိုပုဂ္ဂိုလ်သည် ၎င်း၏ယုတ်နိမ့်ပြီး အကုသိုလ်ဖြင့် ဘ၀နေနည်းအစား ကောင်းခြင်းပုံစံမျိုးစုံနှင့် ကြုံဆုံရသည်။
အဘယ့်ကြောင့် တစ်ယောက်က နိမ့်ပြီး အခြားတစ်ယောက်မူ အထက်တန်းဖြစ်ရသနည်းဟု မွေးခွန်းထုတ် နိုင်သည်။ တစ်ယောက်မှု ချစ်မြတ်နိုးသူ မိခင်၏လက်တွင်းမှ ဆွဲယူခြင်းခံရပြီး၊ အခြားတစ်ယောက်မူ နှစ်အတန်ကြာ နေနိုင်လျက်၊ အခြားတစ်ယောက်မူ လူ့စည်းစိမ်ခံစားရင်း သေဆုံး သို့မဟုတ် အသက် ရှစ်ဆယ် တစ်ရာ ကြီးရင့်ချိန်၌ သေဆုံးကြသနည်း။ တစ်ယောက်မူ ဖျားနာမကျန်းမာဖြစ်ပြီး အခြား တစ်ယောက်မူ ခွန်အားဗလနှင့် ကျန်းမာသနည်း။ တစ်ယောက်က ချောမောလှပပြီး အခြားတစ်ယောက်မူ ရုပ်ဆိုးအကျည်းတန် အားလုံး၏ ရွံရှာခြင်း ခံရသနည်း။ တစ်ယောက်မူ စည်းစိမ်ရင်ခွင်မှာ ကြီးပြင်းရလျက် တစ်ယောက်မူ လုံးဝဆင်းရဲပြီး အမြဲဝမ်းနည်းဖွယ်နှင့် ကြုံရသည်။ တစ်ယောက်က သန်းကြွယ်သူဌေး တစ်ယောက်က လူမွဲဖြစ်ရသနည်း။ တစ်ယောက်မူ စိတ်ပိုင်းအရ အလွန်အဆင့်မြင်သူဖြစ်ပြီး တစ်ယောက်မူ ညံ့ဖျင်းသနည်း။ အချို့မှာ မွေးကတည်းက ဘာသာဗေဒ ပညာရှင် အနုပညာရှင် သင်္ချာပါရဂူ သို့မဟုတ် ဂီတပညာရှင် ဖြစ်ရသနည်း။ အချို့မှာ မွေးရာပါ မျက်မမြင်များ၊ နားမကြားသူများ ဖြစ်ကြသနည်း။ အချို့မှာ မွေးကတည်းက ကောင်းချီးပေးခံရပြီး အချို့မှာ အဘယ့်ကြောင့် ကျိန်စာမိကြရသနည်း။ တွေးခေါ်မြော်မြင် တတ်သူ အားလုံး၏စိတ်ကို ရှုတ်ထွေးစေသည့် ပြဿနာအချို့ ရှိကြသည်။ လောက၏ ယင်းမမျှတမှု အားလုံးနှင့် လူသားတို့၏ ဆိုခဲ့ပါ မညီမျှတမှု အထွေထွေကို မည်သို့စဉ်းစားမည်နည်း။ ယင်းတို့မှာ မျက်ကန်း အခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသလော။
ကမ္ဘာပေါ်တွင် မည်သည့်အရာမျှ မျက်ကန်းအခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသော အရာဟူ၍ မရှိချေ။ မည်သည့်အရာမဆို တိုက်ဆိုင်မှုကြောင့် ဖြစ်ရသည်ဆိုမူ သင်ဖတ်နေသော စာအုပ်သည် ဤနေရာသို့ သူ့အလိုလို ရောက်လာသည်ဟု ဆိုခြင်းထက် ပို၍မှန်မည်မဟုတ်ချေ။ အတိအကျဆိုရသော် တစ်ခုမဟုတ် တစ်ခုသော အကြောင်းတရားအတွက် မဖြစ်ထိုက်တန်ဘဲ မည်သည့်အရာမှ လူသားတို့မှာ ဖြစ်ပေါ်သည်မဟုတ်ချေ။ ယင်းသည် တာဝန်မယူသူ ဖန်ဆင်းရှင်တစ်ယောက်၏ အမိန့်ဖြစ်သလော။
ဟပ်စလေ (Huxley)က ဤသို့ ရေးသည်။ ``အကယ်၍ ဤအံ့ဖွယ် စကြာဝဠာကို တစ်စုံတစ်ယောက် (ဖန်ဆင်းသူ)က တမင်သက်သက် ဖြစ်ပေါ်စေခဲ့သည်ဟု ယူဆလျှင် ယင်းစကားလုံးများကို ကျွန်ုပ်နားလည်သမျှဖြင့် ထိုပုဂ္ဂိုလ်သည် ကောက်ကျစ်စဉ်းလဲပြီး မမျှတခြင်းထက်ပို၍ သဘောကောင်းခြင်း၊ မျှတခြင်း လုံးဝမရှိသည်မှာ လုံးဝ ထင်ရှား၏။``
အိုင်စတိုင်း (Einstein)၏ အလိုမှာ ဤသို့ဖြစ်သည်။ ``အကယ်၍ ထိုသတ္တ၀ါ (ဖန်ဆင်းရှင်ထာဝရ)သည် အနန္တတန်ခိုး ရှိသည်ဆိုမူ လူသားတို့ အပြုအမူ အတွေးအကြံ ခံစားမှုနှင့် ရည်မှန်းချက်အားလုံး အပါအ၀င် ဖြစ်ရပ်အားလုံးလည်း ထိုပုဂ္ဂိုလ်၏ လက်ချက်ပင်ဖြစ်ရမည်။ ယင်းသို့သော အနန္တတန်ခိုးရှင် ပုဂ္ဂိုလ်၏ ရှေ့မှောက်က လူသားတို့အား ၎င်းတို့၏ အပြုအမူ အကြံအစည်များအတွက် တာဝန်ရှိသည်ဟု ယူဆရန် မည်သို့ဖြစ်နိုင်မည်နည်း။ ပြစ်ဒဏ်များ ဆုလာဘ်များပေးရာက ယင်းထာဝရသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ မိမိကိုမိမိ စီရင်ဆုံးဖြတ်ချက်ကို ဖြတ်သန်းရေလမ့်မည်ဖြစ်။ ယင်းသည် ၎င်းဖန်တီး သည်ဟု ယူဆရသော ကောင်းခြင်း၊ ဖြောင့်မတ်ခြင်းများနှင့် မည်သို့ဆက်စပ် ပတ်သက်လိမ့်မည်နည်း။``
စပင်စာ လီဝစ်စ် (Spencer Lewis)က အောက်ပါအတိုင်းဆိုသည်။ ``ဘုရားသခင်ယုံကြည်သည့် ဘာသာရေး အခြေခံများအရ လူသားတစ်ယောက်သည် တမင်သက်သက် မိမိ၏ ဆန္ဒမရှိဘဲ ဖန်ဆင်းခံရပြီး ဖန်ဆင်းဆဲခဏက ထာဝရကောင်းချီးပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းကိုလည်း ခံရသည်။ သို့ဖြစ်၍ လူသည် ကိုယ်ခန္ဓတည်ဆောက်မှုဖြစ်စဉ် ပထမအဆင့်မှစ၍ နောက်ဆုံးသေသည့်ခဏတိုင်အောင် ၎င်း၏ပုဂ္ဂလိက ဆန္ဒများ၊ မျှော်လင့်ချက်များ ရည်ရွယ်ချက်များ၊ ရုန်းကန်လှုပ်ရှားမှုများ၊ သို့မဟုတ် ဆုတောင်းဝတ်ပြုမှုများကို မငဲ့ကွက်ဘဲ ကောင်းသူ၊ ဆိုးသွင်းသူ၊ ကံကောင်းသူ၊ ကံခေသူ၊ မြင့်မြတ်သူ၊ ယုတ်နိမ့်သူ ဖြစ်ရ၏။ ယင်းသို့ဖြစ်ခြင်းကား ဘာသာရေး (ယုံကြည်မှု)နှင့်ဆိုင်သော ဘုရားသခင်ယိုးမယ်စွဲဝါဒ ဖြစ်၏။``
ချားလ်စ် ဗရက်လောက် (Charles Bradlaugh) ကမူ ဤသို့ဆို၏။ ``မကောင်းမှုတည်ရှိခြင်းသည် ထာဝရဘုရား ယုံကြည်သူများအဖို့ ကြောက်စရာကောင်းသည့် ဆူးငြောင့်ခလုတ်ဖြစ်၏။ နာကျင်မှု၊ ၀မ်းနည်းပက်လက် ဖြစ်ရမှု၊ လူသတ်မှု၊ ဆင်းရဲမွဲတေမှုတို့က ထာဝရကောင်းခြင်း သဘောကို ထိပ်တိုက်တွေ့ စေပြီး အလုံးစုံကောင်း၊ အလုံးစုံ ပညာရှိ၊ အန္တတန်ခိုးရှင် ထာဝရဘုရားအဖြစ် ကြေငြာချက်အပေါ် အဖြေမပေးနိုင်သော စွမ်းရည်ကို စိန်ခေါ်၏။``
ရှိုပင်ဟောင်ဝါ (Schopenhauer)၏ စကားဖြင့် ဆိုရမူ ဤသို့ဖြစ်သည်။ ``မိမိကိုယ်ကို ဘာမှမဟုတ် သည့်အရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆသူ မည်သူမဆိုသည် ဘာမျှဖြစ်လာမည် မဟုတ်ဟူသည်ကိုလည်း စဉ်းစားသင့်၏။ အကြောင်းမူ ထာဝရဖြစ်သော အရာသည် ၎င်းမရှိမီကတည်းက လွန်သွားပြီးနောက် ယင်းမှတစ်ဆင့် ၎င်းအနေဖြင့် လုံးဝမရပ်မစဲ ဖြစ်ပေါ်မည်ဖြစ်သော ဒုတိယထာဝရ အရာတစ်ခု စတင်ခဲ့ပြန် လျက် ၎င်းအနေဖြင့် အလွန်စပ်ဆုပ်ဖွယ် တွေးခေါ်မှု တစ်ရပ်သို့ ကျရောက်သွား၏။ အကယ်၍ မွေးဖွားခြင်းသည် လုံးဝအစဖြစ်သည်ဆိုမူ ယင်းသို့ဖြစ်ပါက သေခြင်းသည် လုံးဝယင်း၏ အဆုံးဖြစ်ရမည်။ ဘာမျှမဟုတ်သည့် အရာဖြင့် လူကိုပြုလုပ်ခဲ့သည်ဟု ယူဆခြင်းသည် သေခြင်းတရားသည် ယင်း၏ လုံးဝ အဆုံးဖြစ်သည်ဟု ယူဆခြင်းသို့ မဖြစ်မနေ ဦးတည်စေ၏။``
လူသားတို့၏ ဒုက္ခများနှင့် ထာဝရဘုရားကို မှတ်ချက်ပြုရာ၌ ပါမောက္ခ ဂျေ ဘီ အက်စ် ဟာလ်ဒန် (J.B.S. Haldane)က ဤသို့ရေးသည်။ ``လူသားတို့၏ စရိုက်လက္ခဏာ ကောင်းမွန်စေရန် ဒုက္ခကို အလိုရှိအပ်၏။ သို့မဟုတ် ထာဝရဘုရားသည် အနန္တစွမ်းအားရှိသူမဟုတ်။ ပထမအဆိုမှာ ဒုက္ခကို အနည်းငယ်မျှသာ ခံးစားကြပြီး ၎င်းတို့၏ မျိုးရိုးနှင့် ပညာရေးကံကောင်းကြသူ အချို့မှာ အလွန်ကောင်းမွန်သော သွင်ပြင်များ ရှိကြသည့် အချက်က မဟုတ်မှန်ကြောင်း ဖော်ပြပြီးဖြစ်၏။ ဒုတိယအဆိုအား ငြင်းဆိုရခြင်းမှာ အနန္တစကြာဝဠာနှင့် အလုံးစုံ ပယ်သတ်သမျှတွင် တန်ခိုးရှင်တစ်ယောက်၏ မှန်ကန်ကြောင်း အဆိုပြုချက်ဖြင့် ဖြည့်သွင်းရန် တစ်ုခုခုသော အသိပညာ စဉ်းစားဆင်ခြင်မှု ကွက်လပ်ရှိခြင်းဖြစ်၏။ ထို့ပြင် ဖန်ဆင်းရှင် တစ်ယောက်သည် ထင်မြင်ချက်ဖြင့် သူ သို့မဟုတ် ၎င်းအလိုရှိတိုင်း ဖန်ဆင်းနိုင်၏။``
ပညာရှိ ရပ်ဆယ်လ် (Lord Russell)က ဤသို့ ဖော်ပြသည်။ ``ကမ္ဘာလောကကို ကောင်းမြတ်ပြီး အလုံးစုံသိ တန်ခိုးရှင် ထာဝရဘုရားက ဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့ကို ပြောကြ၏။ ကမ္ဘာလောကကို မဖန်ဆင်းမီက သူသည် ယင်းကမ္ဘာလောက၌ ပါဝင်မည့် နာကျင်မှုနှင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြိုတင်သိမြင်ခဲ့၏။ သို့ဖြစ်၍ ထိုထာဝရသည် ထိုအရာအားလုံးတို့အတွက် တာဝန်ရှိသူဖြစ်၏။ ကမ္ဘာပေါ်ရှိ နာကျင်ခံခက်မှုသည် (လူသားတို့ ကျူးလွန်သည့်) အပြစ်ကြောင့် ဖြစ်ရသည်ဟူသည်ကို ငြင်းခုံနေခြင်းမှာ အသုံးမကျချေ။ အကယ်၍ ထာဝရဘုရားသည် လူသားတို့ ကျူးလွန်မည်ဖြစ်သော အပြစ်များကို ကြိုသိခဲ့မူ လူသားတို့ကို ဖန်ဆင်းရန် ဆုံးဖြတ်သောအခါ ထိုပြစ်မှုအားလုံးကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ၎င်းကတာဝန်ရှိသည်မှာ ထင်ရှား၏။``
ပညာရှိ တင်နိုင်ဆန် (Lord Tennyson)က ၎င်းအသက်ကြီးပြီးမှ ရေးသော `မျှောင်လင့်ချက်ကုန်ဆုံးခြင်း (Despair) ` ကဗျာတွင် ဟေရှာယအနာဂတ္တိကျမ်း (၄၅း၇)၌ မှတ်တမ်းတင်ထားသည့်အတိုင်း ``ငါသည့် ငြိမ်သက်ခြင်း (ငြိမ်းချမ်းမှု)ကို ဖြစ်စေပြီး အမင်္ဂလာ (မကောင်းမှု)ကိုလည်း ဖန်ဆင်း၏``ဟုဆိုသော ထာဝရဘုရားသခင်အား ဤသို့ရဲရင့်စွာ တိုက်ခိုက်ထားသည်။ ``မည်သို့နည်း၊ ငါတို့အား ယင်းသို့ အလွန်ကောင်းမွန်စွာ ကယ်တင်ခဲ့ပြီးဖြစ်သော အနန္တမေတ္တာရှင်ထံ ဆုတောင်းသင့်ပါသလော၊ အမှန်ဆိုရလျှင် ထာဝရငရဲကို ဖန်ဆင်းခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ငါတို့ကို ဖန်ဆင်းခဲ့သော ငါတို့ကို ကြို၍သိခဲ့သော ကြို၍ဒဏ်ခတ်ခဲ့သော ထို့ထက် ၎င်းဆန္ဒရှိသည်ကို ၎င်းဘာသာ ပြုလုပ်ခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ကျွန်ုပ်တို့၏ ညည်းညူသံကို လုံးဝ ကြားသိတော် မမူသော သေဆုံးသူ ကြမ်းကြုတ်မိခင်အား ပို၍ကောင်းအောင် ပြုပေးပါ။``
``လူအားလုံးမှာ အပြစ်ကျူးလွန်သူများ ဖြစ်ကြပြီး အာဒမ်၏ မရှိမဖြစ် လိုအပ်သော ပြစ်မှုရှိသည်ဟူသော ဟောကြားချက်သည် မျှတမှု ကရုဏာ မေတ္တာနှင့် အကြွင်းမဲ့ ညီမျှမှု ဆိုသည်တို့အတွက် စိန်ခေါ်ချက် တစ်ရပ်ဖြစ်သည်``မှာ သေချာသည်။ အချို့သော ရှေးဟောင်းစာရေးသူများက ထာဝရဘုရားသည် ၎င်းကိုယ်ပိုင် ရုပ်သွင်ဖြင့် လူကိုဖန်ဆင်းခဲ့ကြောင်း ယုံကြည်ချက် ပြင်းပြစွာဆိုသည်။ အချို့ခေတ်သစ် တွေးခေါ်ရှင်များကမူ ယင်းနှင့် ဆန့်ကျင်လျက် လူက ထာဝရဘုရားကို ၎င်း၏စိတ်ကူးဖြင့် ဖန်ဆင်းခဲ့ကြောင်း ဆိုကြသည်။ လူ့ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ ထာဝရဘုရား အယူအဆသည်လည်း ပို၍ပို၍ ရှင်းလင်းလာသည်။ သို့ဖြစ်ရကား ယင်းသိုပ သတ္တ၀ါတစ်ယောက်အား ဤစကြာဝဠာအတွင်းမှာ ဖြစ်စေ၊ အပြင်မှာဖြစစေ တည်ရှိကြောင်း ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။

ဤပုဂ္ဂိုလ်သတ္တ၀ါမျိုးစုံသည် မျိုးရိုးစဉ်ဆက်နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သလော။ သိပ္ပံပညာရှင်တို့ ဖော်ထုတ်ခဲ့သည့် ဤဓာတု ရုပ်ပိုင်းဖြစ်စဉ်အားလုံးမှာ တစ်စိတ်တစ်ဒေသအားဖြင့် နည်းလမ်းအဖြစ် အသုံးပြုနိုင်သော အရာများဖြစ်သော်လည်း ယင်းတို့သည် ပုဂ္ဂိုလ်အသီးသီး၌ တည်ရှိသော သိမ်မွေ့သည့် ခြားနားချက်များနှင့် ကျယ်ပြန့်သည့် မတူညီမှုများအတွက် လုံးဝဥဿုံ တာဝန်ယူ(ဖြေရှင်း) နိုင်မည်မဟုတ်ချေ။ ကိုယ်ခန္ဓာအားဖြင့် တူညီပြီး တူညီသည့် မျိုးဗီဇကို ရရှိကြလျက် တူညီသည့် ပြုစုစောင့်ရှောက်မှု အခွင့်အရေး ရရှိကြသော ထပ်တူညီအမြွာများသည် အဘယ့်ကြောင့် ဗီဇစိတ်ရင်း ကိုယ်ကျင့်တရားနှင့် အသိဉာဏ်အားဖြင့် လုံးဝကွဲပြား ခြားနားရသနည်း။
မျိုးဗီဇတစ်ခုတည်းဖြင့် ယင်းကွဲပြားခြားနားမှုမျိုးစုံကို မရှင်းပြနိုင်ချေ။ အတိအကျဆိုမူ မျိုးဗီဇအကြောင်း တရားသည် ယင်း(အမြွပူး)တို့၏ ခြားနားမှု အများစုကိုထက် ဆင်တူညီမှုများကိုသာ ပိုမိုယုတ္တိရှိစွာ ဆိုသည်။ မိဘများထံမှ ဆက်ခံရရှိသည့် အလွန့်အလွန် သေးငယ်လှသည့် တစ်လက်မ၏ သန်းပေါင်းသုံးဆယ်ပုံ တစ်ပုံမျှလောက်ရှိသော ဓာတုရုပ်ဝတ္ထု မျိုးစေ့သည် လူသား၏ ရုပ်ပိုင်းတည်ဆောက်မှုအတွက် အစိပ်အပိုင်း တစ်ခုကိုသာ ရှင်းပြနိုင်သည်။ ပိုမိုရှုတ်ထွေးပြီး သိမ်မွေ့နက်နဲသည့် စိတ်ပိုင်း၊ အသိဉာဏ်၊ ကိုယ်ကျင့်တရား ခြားနားမှုတို့နှင့် ပတ်သက်၍မူ ကျွန်ုပ်တို့အနေဖြင့် အသိပညာ ပွင့်လင်းရန် များစွာလိုသေးသည်။ မျိုးဗီဇသီအိုရီသည် ရှည်လျားသည့် မိကောင်းဖခင် မျိုးရိုးစဉ်ဆက်အတွင်း ရာဇ၀တ်သား မွေးဖွားလာခြင်း၊ မကောင်းသတင်း ကျော်စောသည့် မိသားစုက သူတော်စင် သို့မဟုတ် မြင့်မြတ်သူ မွေးဖွားလာခြင်း၊ အရွယ်နှင့်မလိုက်အောင် ထူးချွန်သည့် ကလေးများ၊ ထူးချွန်ထက်မြက်သူများနှင့် ဘာသာရေးဆိုင်ရာ ဆရာအရှင်များ မွေးဖွားလာခြင်းတို့အပေါ် နှစ်သက်ကျေနပ်လောက်အောင် အဖြေပေးနိုင်စွမ်း မရှိချေ။
ဗုဒ္ဓ၀ါဒအလိုအရ ယင်းသို့ဖြစ်ခြင်းသည် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ သဘာဝနှင့် ဖန်တီးဓမ္မတို့ကြောင့်သာမက ကျွန်ုပ်တို့၏ ပြုမူဆောင်ရွက်မှု နောက်တစ်မျိုးဆိုရမူ ကျွန်ုပ်တို့ ဆက်ခံရရှိသည့် အတိတ်က ဆောင်ရွက်ချက် များနှင့် ယခုပြုလုပ်ချက်များ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ဆောင်မှုများနှင့် ပျော်ရွင်မှု စိတ်ဆင်းရဲမှုတို့အတွက် ကျွန်ုပ်တို့ကိုယ်တိုင်တွင် တာဝန်ရှိသည်။ ကျွန်ုပ်တို့၏ ငရဲကို ကျွန်ုပ်တို့ကိုယ်တိုင် တည်ဆောက်သည်။ ကျွန်ုပ်တို့၏ နတ်ပြည်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်ဆင်းသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကံကြမ္မာ၏ ဗိသုကာများ ဖြစ်ကြသည်။ အချုပ်အားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ ကံ(အပြုအမူ)များ ဖြစ်သည်။
အခါတစ်ပါး၌ သုဘအမည်ရှိ လုလင်ငယ်တစ်ယောက်သည် ဗုဒ္ဓထံချဉ်းကပ်ပြီး အဘယ်မည်သော အကြောင်းတရားကြောင့် လူသတ္တ၀ါများအတွက် အနိမ့်အမြင့် သဘောရှိသနည်းဟု မေးမြန်းခဲ့သည်။ ၎င်းက ဆက်လက်၍ ``အကြောင်းမှာ လူသားတို့အကြား အသက်ရှည်သူ၊ အသက်တိုသူ၊ အဆင့်အတန်းနိမ့်သူ၊ အဆင့်အတန်းမြင့်သူ၊ အသိဉာဏ် ကင်းမဲ့သူ အသိဉာဏ် ကြွယ်ဝသူများကို တွေ့ရသောကြောင့် ဖြစ်ပါသည်``ဟု လျှောက်ထားသည်။ ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း အတိုချုပ်ဖြေကြားသည်။ ``သက်ရှိသတ္တ၀ါအားလုံးသည် ၎င်းပြုလုပ်သောကံကို ပိုင်ဆိုင်ကြ၏၊ ကံအမွေကို ခံကြရ၏၊ ကံသာလျှင် အကြောင်းတရားရှိ၏၊ ကံသာလျှင် ဆွေမျိုးဖြစ်၏၊ ကံသာလျှင် ကိုးကွယ်အားထားရာဖြစ်၏၊ ကံတရားသည် အနိမ့်အမြင့်အားဖြင့် သတ္တ၀ါအားလုံးကို ခွဲခြားပေး၏။`` ယင်းနောက် ဗုဒ္ဓရှင်တော်မြတ်က ကိုယ်ကျင့်တရား၊ ကြောင်းကျိုးနိယာမအရ ယင်းသို့သော ကွဲပြားခြားနားချက်များ၏ အကြောင်းတရားကို ရှင်းလင်းဟောကြား တော်မူသည်။
သို့ဖြစ်၍ ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ကျွန်ုပ်တို့၏ မျက်မှောက် စိတ်အခြေအနေ၊ အသိပညာ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာ ခြားနားမှုများသည် အတိတ် ပစ္စုပ္ပန် နှစ်ရပ်လုံးနှင့်ဆိုင်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ ပြုမူဆောင်ရွက်ချက်နှင့် စိတ်စေတနာများကြောင့် အဓိကဖြစ်ရသည်။ ကမ္မ(ကံ)ဟူသည် စာပေးနည်းအရ ပြုလုပ်မှုဟု အဓိပ္ပါယ်ရသည်။ သို့ရာတွင် ၎င်း၏တရားကိုယ်အရမှာ ကုသိုလ်၊ အကုသိုလ်စေတနာ ဖြစ်သည်။ ကမ္မ(ကံ)သည် ကောင်းဆိုးနှစ်မျိုးကို တည်ဆောက်သည်။ ကောင်းသောကံသည် ကောင်းသောအရာ ဖြစ်စေသည်။ မကောင်းသောကံသည် မကောင်းသောအရာကို ဖြစ်စေသည်။ ကျေနပ်နှစ်သက်မှုသည် ကျေနပ်နှစ်သက်မှုကို ဆွဲငင်သည်။ ဤသည်မှာ ကမ္မနိယာမဖြစ်သည်။ အချို့သော အနောက်တိုင်း စာရေးဆရာအချို့ ဆိုလိုချင်သကဲ့သို့ပင် ကမ္မဟူသည် ``ပြုလုပ်မှုသြဇာ လွှမ်းမိုးခြင်း``ဖြစ်သည်။
ကျွန်ုပ်တို့ စိုက်ပျိုးပြီးသည်ကို ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ ကျွန်ုပ်တို့ ကြဲချခဲ့သည်ကို တစ်ချိန်ချိန် တစ်နေရာရာတွင် ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ နောက်တစ်မျိုးဆိုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ် (ဖြစ်ခဲ့သည်)၏ အကျိုးဆက်ပြီးပြီး ကျွန်ုပ်တို့ ပစ္စုပ္ပန်(ဖြစ်ဆဲ)၏ အကျိုးဆက်ဖြစ်လိမ့်မည်။ အခြားတစ်မျိုး ဆိုရမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ်၏ အကျိုးဆက်လည်း လုံးလုံးလျားလျား မဟုတ်ဘဲ ကျွန်ုပ်တို့ ပစ္စုပ္ပန်၏ အကျိုးဆက်လည်း အကြွင်းမဲ့ ဖြစ်လိမ့်မည်မဟုတ်ချေ။ ဥပမာအားဖြင့် ယနေ့ ရာဇ၀တ်သမား တစ်ယောက်သည် မနက်ဖြန်တွင် သူတော်ကောင်း တစ်ယောက် ဖြစ်လာနိုင်သည်။ ယင်းသို့ ကွဲပြားခြားနား မှုကို ဗုဒ္ဓ၀ါဒက ကံကြောင့်ဟု ယူဆသော်လည်း အရာခပ်သိမ်းကို ကံကြောင့်ဟု ယူဆရန် မကြိုးစားချေ။
အကယ်၍ အရာခပ်သိမ်း ကံကြောင့်ဖြစ်သည်ဟု ယူဆခဲ့သော် ဆိုးသွမ်းရခြင်းမှာ ၎င်း၏ ကံကြောင့်ဖြစ်သဖြင့် ထိုလူဆိုးသည် ထာဝစဉ် လူဆိုးသာ ဖြစ်ရချိန်မည်။ ရောဂါကို ကုသဖို့ ဆရာဝန်နှင့် တိုင်ပင်ရန်ပင် မလိုတော့ချေ။ အကြောင်းမူ မိမိ၏ကံသည် ယင်းသို့သဘောရှိခဲ့သော် (ယင်းကံကပင်) ရောဂါကို ကုသမည်ဖြစ်သောကြောင့်တည်း။ ဗုဒ္ဓ၀ါဒအလိုအရ ရုပ်ပိုင်းနှင့် စိတ်ပိုင်းနယ်ပယ်တွင် တည်ရှိသော ဖြစ်စဉ်နိယာမတရား ငါးမျိုးရှိသည်။
၁။ ကမ္မနိယာမ - ပြုလုပ်မှုနှင့် ယင်း၏အကျိုးတရား ဖြစ်စဉ် (ဥပမာ- နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အပြုအမူများသည် ကောင်းကျိုးနှင့် မကောင်းကျိုးကို ကိုယ်စားပြု၍ ဖြစ်ပေါ်စေသည်။)
၂။ ဥတုနိယာမ - ဥတုရာသီတို့၏ ဖြစ်စဉ် (ဥပမာ- လေတိုက်ခြင်း၊ မိုးရွာခြင်းတို့၏ ဥတုရာသီအလိုက် ဖြစ်ပေါ်ခြင်း သဘာဝ)
၃။ ဗီဇနိယာမ - မျိုးစေ့တို့၏ ဖြစ်စဉ် (သက်မဲ့ရုပ်ဖြစ်စဉ်)။ (ဥပမာ- ဆန်စေ့မှ ဆန်ကိုပေါက်ရောက်စေသည်။ ကြံပင်သည် ချိုသောအရသာကို ပေးသည်။ သိပ္ပံနည်းကျ ကလာပ်စည်း မျိုးဗီဇသီအိုရီနှင့် အမြွပူးနှစ်ယောက်၏ ရုပ်ပိုင်းတူညီမှုသည် ဤနိယာမအရ ဖြစ်နိုင်သည်။)
၎။ စိတ္တနိယာမ - စိတ်ဖြစ်စဉ် နိယာမ။ (ဥပမာ- စိတ်တို့၏ဖြစ်စဉ်၊ စိတ်စွမ်းအင်စသည်။)
၅။ ဓမ္မနိယာမ - ဓမ္မသဘာဝဖြစ်စဉ်၊ (ဥပမာ - နောက်ဆုံးဘ၀က ဗောဓိသတ္တတစ်ဆူ ပွင့်ပေါ်လာခြင်း ကဲ့သို့သော သဘာဝတရား၊ ကမ္ဘာ့ဆွဲငင်အားစသည်။) စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းသဘောတရားတိုင်းကို ၎င်းတို့ကိုယ်တိုင် နိယာမတစ်ခုဖြစ်သည့် အကုန်ခြုံငုံမိသော ဖော်ပြပါ ဖြစ်စဉ်ငါးမျိုးဖြင့် ရှင်းပြနိုင်သည်။

သို့ဖြစ်၍ ကံဟူသည် စကြာဝဠာအတွင်း တည်ရှိနေသည့် ဖော်ပြပါ သဘာဝနိယာမ ငါးမျိုးအနက် တစ်ခုသာဖြစ်သည်။ ကံဟူသည် သဘာဝဖြစ်စဉ် တစ်ခုမျှသာဖြစ်သည် ဆိုလိုက်သဖြင့် ယင်းသဘာဝဖြစ်စဉ်ကို ချမှတ်ပေးသူ ရှိရမည်ဟု မဆိုလိုချေ။ ကမ္ဘာဆွဲငင်အားကဲ့သို့သော သာမန် သဘာဝနိယာမများသည် ယင်းသဘာဝနိယာမကို ချမှတ်မည့်သူ မလိုချေ။ ယင်းနိယာမသည် လွတ်လပ်သည့် ပြင်ပအုပ်ချုပ်သူ အဖွဲ့၏ ၀င်ရောက်စွက်ဖက်မှု မရှိဘဲ မိမိ၏နယ်ပယ်အတွင်း ဆောင်ရွက်သည်။
ဥပမာဆိုသော် မီးသည်ပူရမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ စီမံသည်မဟုတ်ချေ။ ရေသည် မျက်နှာပြင်ပေါ်၌ ညီနေရမည်ဟု မည်သူတစ်ဦးတစ်ယောက်မှ အမိန့်ပေးသည် မဟုတ်ချေ။ ရေ၌ ဟိုက်ဒရိုဂျင်နှစ်ဆ အောက်ဆီဂျင်တစ်ဆ ပါရမည်ဖြစ်ပြီး အေးမြခြင်းသည် ၎င်းပိုင်ဆိုင်သော သတ္တိဖြစ်ရ မည်ဟု မည်သည့် သိပ္ပံပညာရှင်ကမှ အမိန့်ပေးသည် မဟုတ်ချေ။ ယင်းတို့မှာ သူ့အလိုလို ဖြစ်နေသော သဘာဝလက္ခဏာများ ဖြစ်ကြသည်။ ကံဟူသည် ကျွန်ုပ်တို့ မျှော်လင့်ချက်မဲ့စွာ လက်မြှောက်အရှုံးပေးရမည့် စိတ်ကူးယဉ် မသိမမြင်နိုင်သော စွမ်းအင်တစ်ခု၏ ခြယ်လှယ်ခြင်းခံရသော ယုံကြည်မှု သို့မဟုတ် ယင်းသို့ ခြယ်လှယ်ခံရမှုကို မျက်စိမှိတ် လက်ခံမှုလည်း မဟုတ်ချေ။ ယင်းသည် တစ်စုံတစ်ယောက်၏ ကိုယ်တိုင် အပြုအမူအတွက် တန်ပြန်ဖြစ်ပေါ်မှု ဖြစ်သဖြင့် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုသော အတိုင်းအတာ အထိ ကံအကြောင်းတရားကို ရှောင်လွဲရန် ဖြစ်နိုင်သည်။ မည်သည့်အတိုင်း အတာအထိ ရှောင်လွဲနိုင် သနည်းဟူသည်မှာ ထိုပုဂ္ဂိုလ်အပေါ်၌သာ တည်မှီသည်။
ကံအကြောင်းနှင့် ပတ်သက်သော ဆွေးနွေးမှုများအတွင်း ကောင်းချီးပေးခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်း များဟူသော စကားစုများကို ထည့်သွင်းခွင့် မပြုသင့်ကြောင်း ဆိုရမည်ဖြစ်သည်။ ဗုဒ္ဓ၀ါဒအဖို့မူ ဖန်ဆင်းခံပုဂ္ဂိုလ်များအား စိုးမိုးပြီး ယင်းစိုးမိုးမှုကြောင့် ဆုလာဘ်နှင့် ဒဏ်ပေးတတ်သော အနန္တတန်ခိုးရှင် တည်ရှိမှုကို အသိအမှတ် မပြုချေ။ ယင်းနှင့်ဆန့်ကျင်လျက် ဗုဒ္ဓ၀ါဒီတို့သည် မိမိတို့ တွေ့ကြုံခံစားရသည့် စိတ်ဆင်းရဲမှုနှင့် ပျော်ရွှင်မှုတို့သည် မိမိတို့ ပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုတို့၏ သဘာဝရလာဒ် ဖြစ်ကြောင်း ယုံကြည်ကြသည်။ ကမ္မသဘာဝတွင် ဆက်လက်ဖြစ်ပေါ်သော တန်ပြန်ခံရသော အခြေခံရှိကြောင်း ဖော်ပြရ မည်ဖြစ်သည်။
ကံတရား၌ ရှိနေသော သဘာဝကား သင့်တော်သော အကျိုးဆက်ကို ဖြစ်ပေါ်စေမည့် ဖြစ်နိုင်ခြေဖြစ်သည်။ အကြောင်းတရားသည် ယင်း၏ အကျိုးတရားကို ဖြစ်ပေါ်စေသည်။ အကျိုးတရား၌ ယင်း၏ အကြောင်းတရား ကို ရှင်းပြသည်။ မျိုးစေ့က အသီးကိုဖြစ်ပေါ်စေသည်။ ယင်းအသီးက အစေ့နှင့်အသီးတို့ကြား အပြန်အလှန် ဆက်စပ်မှုကို ရှင်းပြသည်။ ထို့အတူပင် ကံနှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုတို့ ဆက်စပ်ပတ်သက်မှု ရှိသည်။ အကျိုးတရားသည် အကြောင်းတရား၌ ပွင့်လင်းနေပြီးဖြစ်သည်။ ကမ္မ၀ါဒကို ပြည့်စုံစွာ ယုံကြည်သူ ဗုဒ္ဓ၀ါဒီတစ်ယောက်အဖို့ ကယ်တင်ခံရရန် အခြားပုဂ္ဂိုလ်တစ်ယောက်ထံ ဆုတောင်းခြင်း မပြုဘဲ ယင်းကမ္မ၀ါဒ သည် မိမိကိုယ်ကို အားကိုးရန် သင်ကြားသည့်အတွက် မိမိ၏စင်ကြယ်မှုအတွက် မိမိအပေါ်မှာသာ တည်မှီ ကြောင်း နှစ်နှစ်ကာကာ ယုံကြည်သည်။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အား ဖြေသိမ့်မှု၊ မျှော်လင့်ချက်၊ မိမိကိုယ်ကို မှီခိုအားထားမှုနှင့် ကိုယ်ကျင့်သီလ ဖြည့်စွမ်းမှု သတ္တိတို့ကို ပေးသည်မှာ ကံကိုယုံကြည်သည့် တရားအဆုံးအမပင် ဖြစ်သည်။ မိမိ၏လုံ့လကို ပြည့်စုံစေ၍ ၎င်း၏စိတ်ဓာတ်ပြင်းပြမှုကို ထွန်းညှိပေးပြီး ၎င်းအား ထာဝစဉ် ကြင်နာစေ၊ သည်းခံစေ၊ ညှာတာ ထောက်ထားစေသည်မှာ ကံယုံကြည်ချက်ကြောင့် ဖြစ်သည်။ မကောင်းမှုမှ ရှောင်ရှားရန် ကောင်းမှုကိုပြုလုပ် ရန်နှင့် မည်သည့် ပြစ်ဒဏ်ခက်မှုကိုမှ ကြောက်ရွံ့ဖွယ် မည်သည့် ကောင်းချီးပေးခံရမှုကိုမှ မျှော်လင့်ဖွယ် မလိုဘဲ လူကောင်းတစ်ယောက်ဖြစ်ရန် မိမိအား တိုက်တွန်းပေးသည်မှာလည်း မြဲမြံသော ဤကံယုံကြည်မှု ကြောင့် ဖြစ်သည်။ ဒုက္ခပြဿနာ သို့မဟုတ် အခြားဘာသာတရားများ၏ စီမံချမှတ်ပြီးသား ကြမ္မာဟုဆိုသော အရာ၏ လျှို့ဝှက်ချက်နှင့် အထူးသဖြင့် လူသားတို့၏ မညီမျှမှုတို့ကို ဖြေရှင်းနိုင်သည်မှာ ကမ္မ၀ါဒပင်ဖြစ်သည်။ ကမ္မနှင့် ဘ၀သံသရာကို နဂိုမှန်အဆိုအဖြစ် လက်ခံသည်။

ashinsaccanyanablogspot

Followers

Blog Archive