Friday, August 21, 2009

'ညီလေး အတွက် ဖတ်စာ

ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ညီလေးရေ........
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive