Sunday, August 30, 2009

နို့ဘိုးကျေရုံမကပါ...

ဗုဒ္ဓဘာသာအများ တစ်လွဲအမှတ်မှား နားလည်မှုမှားနေတာလေး ရှိပါတယ်။ ဘာလဲဆိုတော့ မိဘကျေးဇူးနဲ့ ပတ်သက်ပြီး မိဘကျေးဇူးကြီးမားပုံကို ခိုင်းနှိုင်းပြောဆိုတဲ့စကားလေးပါ။ “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေပါတယ်”တဲ့။ ဘယ်သူကို ဘယ်လိုစလိုက်တယ်မသိ ဒီစကားဟာ ဗုဒ္ဓဘာသာတွေ ကြားမှာပြောဆိုသုံးစွဲ ဥပမာပေးနေတဲ့ စကားဖြစ်နေပါတယ်။ မသိရင်တော့ ဘုရားရှင်ပဲ ဟောခဲ့သလိုလို ပိဋကတ်စာပေတွေမှာပဲ ပါပါသလိုလို ဖြစ်နေပါတယ်။ တကယ်တော့ ဒီစကားဟာ ဘုရားရှင် ကိုယ်တိုင်လည်း မဟောခဲ့သလို ပိဋကတ်စာပေတွေမှာလည်း လုံးဝမပါပါဘူး။ အဲဒီလို ဘုရားဟော မဟုတ်တာကို အဟုတ် လုပ်ပြီး ယုံကြည်ပြောဆိုနေကြမယ်ဆိုရင် အလွန်အပြစ်ကြီးပြီး လမ်းကြောင်းလွဲချော် သွားတတ်ပါတယ်။

မိဘကျေးဇူးကြီးမားပုံကို ခိုင်းနှိုင်းပြောဆိုတာ အမတန်ကောင်းပေမယ့် ဘုရားရှင်နဲ့ ဒီလိုခိုင်းနှိုင်းတာတော့ မကောင်းပါဘူး။ ဘုရားရှင်ရဲ့ အနန္တဂုဏ်တော်တွေကို ပြက်ရယ်ပြုရာရောက်ပါတယ်။ တစ်ခြားနည်းတွေနဲ့ ခိုင်းနှိုင်းပြောဆိုရင် ပိုကောင်းပါတယ်။ ဥပမာ မိဘကျေးဇူးဟာ မြင့်မိုရ်တောင်မက ကြီးမားတယ်၊ မြင့်မားတယ် စသဖြင့်ပေါ့။ တကယ်တော့ ဘုရားရှင်ဟာ မိဘကျေဇူး၊ အထူးသဖြင့် မိခင်ကျေးဇူးကို နို့တစ်လုံးဘိုး မဟုတ်ပါဘူး။ အကုန်းလုံး အလုံးစုံကျေအောင် ဆပ်သွားနိုင်တဲ့ အတုမရှိ မိဘကျေးဇူး အထူးကျေပွန်တော် မူတဲ့ အရှင်မြတ်ပါ။ မိခင်ရင်း မယ်တော်မာယာကို မပြောပါနဲ့ဦး မိထွေးတော်ဖြစ်တဲ့ မယ်တော်ဂေါတမီ ကိုတောင် ကျေပွန်အောင် ဆက်သွားနိုင်ပါတယ်။ ဘုရားရှင်ဟာ ဉာတတ္ထစရိယခေါ်တဲ့ ဆွေမျိုးတွေရဲ့ အကျိုး ကို အတုမရှိဆောင်ရွက် တော်မူတဲ့အရှင်မြတ်ပါ။

ဒီနေရာမှာ ဘုရားရှင်ရဲ့ ကျေးဇူးဆပ်နည်းနဲ့ လောကသားတို့ရဲ့ ကျေးဇူးဆပ်နည်းကတော့ ကွဲပြားပါတယ်။ ဘုရားရှင်က ဓမ္မ(တရား)နဲ့ ကျေးဇူးဆပ်တာပါ။ တစ်ခြား အာမိသခေါ် ပစ္စည်းဥစ္စာစတာတွေနဲ့ ကျေးဇူး ဆပ်နည်း ကတော့ တစ်ဘ၀အတွက် ကျေပေမယ့် နောက်နောက်ဘ၀တွေအတွက်တော့ အာမခံပေးလို့ မရပါဘူး။ နိဗ္ဗာန် မရသေးလို့ကတော့ အမျိုးမျိုးသော ဘ၀တွေမှာ ကျင်လည်နေကြရဦးမှာ ဖြစ်တဲ့အတွက် ဒုက္ခပင်လယ်ဝေနေကြ ရဦးမှာပါ။ ဘုရားရှင်ကတော့ ဒီဒုက္ခတွေက ကင်းတဲ့နိဗ္ဗာန်အထိ ရောက်အောင်ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားရှင်ကိုမွေးပြီး ခုနှစ်ရက်မြောက် မှာပဲ ကွယ်လွန်သွားပြီး တာဝတိံသာနတ်ပြည်မှာ သန္တုဿီတနတ်သားအဖြစ် ပြန်လည် မွေးဖွားပါတယ်။ ဘုရားရှင်ဘုရားဖြစ်တော်မူပြီး ခုနှစ်ဝါမြောက်မှာပဲ မယ်တော်ထံကြွရောက်ကာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောပြီးမိဘ ကျေးဇူးကို ဆပ်တော်မူပါတယ်။ အဲဒီမှာ မယ်တော်မာယာဟာ သောတာပန်တည်သွားပါတယ်။ သောတာပန် ဖြစ်ပြီးရင် လူ့ဘ၀သို့မဟုတ် နတ်ဘ၀အများဆုံး ခုနှစ်ဘ၀ပဲ ကျင်လည်ရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်။ ဒါကြောင့်ဘုရားရှင်ဟာ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာကိုလည်း နိဗ္ဗာန်ရောက်တဲ့အထိ နို့နှစ်လုံးဘိုးကို ကျေအောင်ဆပ်သွားပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကိုလည်း ဘိက္ခုနီမအဖြစ်ခွင့်ပြုပြီး ဒီဘ၀မှာပဲ ရဟန္တာဖြစ်တဲ့အထိ ကျေဇူးတရားတွေကို ကျေပွန်အောင်ဆပ်သွားပါတယ်။ ဒုက္ခပင်လယ် အပေါင်းမှ ကယ်တင်ပြီး နိဗ္ဗာန်ရောက်သည်အထိ ပို့ဆောင် တော်မူသွားပါတယ်။ ဒီထက်ပိုပြီး မိဘကျေးဇူးကို ကျေအောင်ဆပ်တဲ့ နည်းကတော့ မရှိတော့ပါဘူး။
ဒါကြောင့် “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်ပါတယ်” ဆိုတဲ့ တစ်လွဲနားလည် အမှတ်မှားနေတာတွေ၊ ပြောဆိုခိုင်းနှိုင်းနေတာတွေကို ခုချိန်မှစပြီး ရပ်တန့်ကြဖို့ လိုပါပြီ။ အမှန်မဟုတ်တဲ့ အပြစ်ရှိတဲ့ ပြောဆိုမှုတွေကို ဖယ်ရှားပစ်ဖို့ အချိန်တန်ပါပြီ။ ဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဘိုးမက ကြေအောင်ဆပ်သွားနိုင်သူအဖြစ် ဥပမာယူပြီး မိမိတို့လည်း မိဘကျေးဇူးကို တကယ် ကြေချင်ရင် ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါစို့လို့ပဲ တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive