Thursday, August 27, 2009

တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ...

၁။ မြတ်စွာဘုရားဟာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် ဥရုဝေလတော၊ နေရဉ္ဇရာမြစ်ကမ်း ဘေးရှိ မဟာဗောဓိပင်ရင်းမှာ တင်ပလ္လင်ခွေထိုင်တော်မူပြီး ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန်နှလုံးသွင်း ဆင်ခြင်ကာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီခုနှစ် ရက်ကို ပလ္လင်္ကသတ္တာဟလို့ ခေါ်ပါတယ်။
၂။ အဲဒီက ခုနှစ်ရက်လွန်ပြီးနောက်မှာ ဗောဓိပင်ရင်းမှ အဇပါလညောင်ပင် (ဆိတ်ကျောင်းသားတို့ နားခိုရာညောင်ပင်)သို့ ကြွတော်မူပြီး ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးနေတော်မူပါတယ်။ အဲဒီအချိန်မှာ ဟုံဟုံကအမည်ရတဲ့ ပုဏ္ဏားကြီးရောက်လာပြီး ဘုရားရှင်နှင့် ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက် စကား ပြောဆိုကာ ပုဏ္ဏာကြီးက “အရှင်ဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါသနည်း၊ ဗြာဟ္မာအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ်တို့ပါနည်း”ဟု လျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က “အကြင်ရဟန္တာသည် မကောင်းမှုမှ အပပြုပြီးဖြစ်၏။ တဟုံဟုံ မာန်မူခြင်းကို မပြုတတ်။ ကိလေသာ တည်းဟူသော ဖန်ရည်မရှိ။ ဘာဝနာစီးဖြန်းအားထုတ်သော စိတ်ရှိ၏။ မဂ်ဉာဏ်တို့၏အဆုံး အရဟတ္တဖိုလ်သို့ ရောက်၏။ မြတ်သောအကျင့်ကို ကျင့်သုံး၏။ ထိုရဟန္တာသည် ဟုတ်မှန်သော သဘောဖြင့် ဗြာဟ္မာဟူသော စကားကို ပြောဆိုထိုက်၏။ ယင်းရဟန္တာပုဂ္ဂိုလ်အား လောကအားလုံးဝယ် တစ်စုံတစ်ခုသော အာရုံတပ်မက်မှု စသည် ဖြစ်ပွားခြင်းတို့ မရှိကုန်“ဟု ဥဒါန်းကျူးရင့်တော်မူပါတယ်။ (ဥဒါန်း ကျူးရင့်ခြင်းသာ ဖြစ်ပါတယ်။ တရားဟောခြင်းမဟုတ်ပါ)။ ဒီ သတ္တာဟကို အဇပါလသတ္တာဟလို့ ခေါ်ပါတယ်။
၃။ အဲဒီက ခုနှစ်ရက်လွန်ပြီးနောက်မှာ မြတ်စွာဘုရားရှင်ဟာ ကျည်းပင်ရင်းသို့ ကြွတော်မူပြီး အဲဒီကျည်းပင် ရင်းမှာ ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးသီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ ခုနှစ်ရက်ပတ်လုံး လေကြီးမိုးကြီး တိုက်ခတ်ရွာသွန်းတဲ့အတွက် မုဉ္စလိန္ဒနဂါးမင်းဟာ ဗိမာန်ကထွက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ကိုယ်တော်ကိုခုနှစ်ပတ်ရစ်ပတ်ပြီး ဦးထိပ်မှာပါးပြင်းမိုးကာ လေမိုးဒဏ်ကို ကာကွယ်ပေး ပါတယ်။ ခုနှစ်ရက်လွန်လို့ လေမိုးဒဏ်ကင်းတဲ့အခါ နဂါးမင်းဟာ ရစ်ပတ်ထားတဲ့အခွေတို့ကို ဖြေပြီး နဂါးအသွင်ဖျောက်ကာ လုလင်အသွင်ဖြင့် မြတ်စွာဘုရားရှင်ကို ရှိခိုးကာ ရှေ့တော်မှောက်မှာ ရပ်တည်နေ ပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က “မဂ်ဉာဏ်လေးပါးတည်းဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ရှားသိပြီးသော တရားရှိသည့် ခပ်သိမ်းသော တရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား (နိဗ္ဗာန်ဟူသော) ၀ိဝေကသည် ချမ်းသာ၏။ လောက၌ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ သတ္တ၀ါအပေါင်းတို့အား မညှင်းဆဲခြင်းသည်လည်းကောင်း ချမ်းသာ၏။ လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟုဆိုအပ်သော စွဲမက်မှုရာဂကင်းသည်၏အဖြစ်သည် ချမ်းသာ၏။ ငါဟူသော မာနကို ဆုံးမနိုင်ခြင်းသည် စင်စစ်အမြတ်ဆုံး သော ချမ်းသာဖြစ်၏“ဟု ဥဒါန်းကျူးရင့်တော်မူပါတယ်။ ဒီ သတ္တာဟကို မုဉ္စလိန္ဒသတ္တာဟလို့ ခေါ်ပါတယ်။
၎။ အဲဒီနောက် မြတ်စွာဘုရားရှင်ဟာ ကျဉ်းပင်ရင်းမှ လင်းလွန်းပင်ရှိရာအရပ်သို့ ကြွတော်မူပြီး လင်းလွန်းပင်ရင်းမှာ ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးနေတော်မူပါတယ်။ အဲဒီအချိန်မှာ တပုဿ၊ ဘလ္လိကကုန်သည် ညီနောင်တို့ဟာ ဥက္ကလာပဇနပုဒ်မှ ဘုရားရှင်ရှိရာအရပ်ကို ခရီးရှည်ထွက် ပါတယ်။ ဒီညီနောင်တို့ရဲ့ ဆွေမျိုးသားချင်းဖြစ်တဲ့ ဘုမ္မစိုးနတ်ဟာ ညီနောင်တို့ကို ဘုရားရှင်းပွင့်တော်မူပြီး အခုလင်းလွန်းပင်ရင်းမှာ သီတင်းသုံးနေတော်မူကြောင်း၊ သွားရောက်ပြီး မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပါက အမြဲထာဝရ စီးပွားချမ်းသာဖြစ်ထွန်း နိုင်ကြောင်းပြောဆိုညွန်ပြပါတယ်။ ညီနောင် နှစ်ယေက်တို့ဟာ ထိုနတ်ညွန်ကြားတဲ့အတိုင်း လင်းလွန်းပင်ရှိရာအရပ်သို့သွားပြီး မြတ်စွာဘုရားရှင်ကို မုန့်ကြွက်ကျစ်နဲ့ ပျားမုန့်ဆွမ်းကို ဆက်ကပ်ပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်အား “ဘုရားရှင်တို့မည်သည် လက်ဖြင့်(သပိတ်မရှိဘဲ) အလှူမခံယူကြကုန်၊ အဘယ်သို့အလှူခံရအံ့နည်း”ဟု အကြံဖြစ်တော်မူပါတယ်။ ဒီအကြံကို အရပ်လေးမျက်နှာမှ နတ်မင်းကြီးလေးယောက်တို့ သိရှိပြီး ကျောက်ညိုဖြင့်ပြီးကုန်သော သပိတ်လေးလုံးတို့ကို ဆက်ကပ်လှူဒါန်းပါတယ်။ ဘုရားရှင်က အဲဒီသပိတ်လေးလုံးကို တစ်လုံးတည်းပြု လုပ်ပြီး ကုန်သည်ညီနောင်တို့ လှူဒါန်းမှုကို ခံယူဘုဉ်းပေးတော်မူပါတယ်။ အဲဒီလို ဘုဉ်းပေးပြီးနောက်မှာ ညီနောင်နှစ်ယောက်ဟာ ဘုရားရှင်ရဲ့ ခြေတော်အစုံကို ဦးခိုက်ရှိခိုးလျှက် “အရှင်ဘုရား…တပည့်တော် တို့သည် ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ)။ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ (ဓမ္မံ သရဏံ ဂစ္ဆာမိ)။ မြတ်စွာဘုရားရှင်သည် တပည့်တော်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါဘုရား” ဟု လျှောက်ပါတယ်။ ဒီကုန်သည် ညီနောင်နှစ်ယောက်တို့ဟာ လောကမှာ ပထမဆုံး ဒွေဝါစိကသရဏဂုံတည်တဲ့ ဥပါသကာတွေဖြစ်ကြပါတယ်။ (သံဃာရတနာ မပေါ်သေးတဲ့အတွက် ဘုရား၊ တရားနှစ်ပါးကိုသာ ကိုးကွယ်ဆည်းကပ်ခွင့် ရခဲ့ကြပါတယ်)။ ဒီသတ္တာဟကို ရာဇာယတန သတ္တာဟလို့ ခေါ်ပါတယ်။
၅။ ဒီနောက် မြတ်စွာဘုရားဟာ လင်းလွန်းပင်ရင်းမှ ခုနှစ်ရက်လွန်ပြီးနောက် ဆိတ်ကျောင်းညောင်ပင်သို့ ကြွရောက်တော်မူပြီး သီတင်းသုံးနေတော်မူပါတယ်။ ဒီနောက် ဆိတ်ကွယ်ရာအရပ်မှာ တစ်ပါးတည်း နေတော်မူပြီး ဘုရားရှင်ရရှိတော်မူပြီးဖြစ်တဲ့ တရားတော်ရဲ့ ခက်ခဲနက်နဲမှု၊ သိမ်မွေ့နူးညံ့မှု ပညာရှိ သူတော်ကောင်းတို့သာ ရရှိခံစားထိုက်တဲ့ မြင့်မြတ်တဲ့တရားဖြစ်မှုစတာတွေကို ဆင်ခြင်ပြီး လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာတွေ ဖုံးလွှမ်းနေတဲ့ သတ္တ၀ါတွေနဲ့ မထိုက်တန်ကြောင်းစတဲ့ နှလုံးသွင်းမှုများဖြင့် တရားမဟောဖို့ စိတ်အကြံဖြစ်တော်မူပါတယ်။ ဒီအကြံကို ဗြာဟ္မာ့ပြည်မှ သဟမ္ပတိဗြာဟ္မာမင်းကြီး သိရှိတော်မူပြီး မြတ်စွာဘုရားရှင်ရှိရာသို့ လာရောက်၍ သတ္တ၀ါများမှာ အမျိုးမျိုးရှိတဲ့အတွက် တရားတော်ကို သိနိုင်တဲ့၊ ကျွတ်ထိုက်တဲ့သတ္တ၀ါအများအပြားရှိကြောင်း စသဖြင့် အမျိုးမျိုးသော ဥပမာများပေးပြီး တရားဟောဖို့အကြိမ်ကြိမ် တိုက်တွန်းလျှောက်ထားတော်မူပါတယ်။ တိုတိုပြောရရင် နောက်ဆုံးမြတ်စွာ ဘုရားရှင်ဟာ တရားဟောဖို့လက်ခံလိုက်ပါတယ်။
၆။ ဒီလို တရားဟောဖို့ လက်ခံပြီးနောက် ဘယ်သူ့ကို အရင်တရားဟောရမလဲ ကြည့်ရှုတဲ့အခါ တရားရှာစဉ်က ဆရာတွေဖြစ်ခဲ့ဖူးတဲ့ အာဠာရကာလာမ နဲ့ ဥဒကရာမပုတ္တတို့ကို အရင်ဟောဖို့အကြံ ဖြစ်ပေမယ့် နှစ်ဦးလုံး ကွယ်လွန်သွားပြီဖြစ်လို့ နောက်ဆုံး တရားအားထုတ်စဉ်အလုပ်အကျွေးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ပထမဦးဆုံး တရားဦးဟောဖို့ အကြံဖြစ်တော်မူပြီး ပဉ္စ၀ဂ္ဂီတို့ရှိရာ ဗာရဏသီပြည် ဣသိပတန မိဂဒါဝုန်တောကို ကြွတော်မူပါတယ်။ လမ်းခရီးမှာ ဥပကအာဇီဝကနဲ့တွေ့ပြီး ဥပကကမြတ်စွာ ဘုရားရှင်ရဲ့ တည်ကြည်သန့်ရှင်းမှု ဣနြေ္ဒရင့်ကျက်မှုစတာတွေကို သိရှိပြီး ဘယ်သူကို ရည်ညွန်းပြီးရဟန်းပြု သနည်း၊ သင့်ဆရာသည် ဘယ်သူနည်း၊ ဘယ်တရားကို နှစ်သက်သနည်းစသဖြည့် လျှောက်ထားတဲ့အခါ ဘုရားရှင်က ကိုယ်ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီး သစ္စာလေးပါးနှင့်သဗ္ဗညုတဉာဏ်တော်တို့ကို ရရှိခဲ့တဲ့ အတွက် ဆရာမရှိကြောင်း လောက၌အတုမရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုတ်မာသော အကုသိုလ်တရား တို့ကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်တဲ့အတွက် ဇိနမည်ကြောင်း စသည်ဖြင့် မိန့်ကြားတော်မူပါတယ်။ ဥပကက ဘာမှမပြောဘဲ သင်ပြောတဲ့အတိုင်း ဟုတ်ပေရာ၏ဟု ဦးခေါင်းကို ညိတ်ကာလမ်းဖယ်သွားပါတယ်။ ဒီနောက်မြတ်စွာဘုရားရှင်ဟာ ပဉ္စ၀ဂ္ဂီတို့ရှိရာ အရပ်ကိုရောက်ရှိပါတယ်။ ပဉ္စ၀ဂ္ဂီတို့ဟာ ဘုရားရှင်ကြွတော်မူ လာတာကို အဝေးကပင်မြင်နေရတဲ့အတွက် ခရီးဦးမကြိုဆို နေရာထိုင်ခင်းမပေးဘဲနေကြဖို့ ကတိပြုထားကြ ပေမယ့် ဘုရားရှင်အနီးရောက်လာတဲ့အခါ ကတိတွေအလိုလိုဖျက်ကာ ခရီးဦးကြိုဆိုခြင်း၊ နေရာခင်းပေးခြင်း စတာတွေကို ပြုကြပါတယ်။ တိုတိုပြောရရင် အဲဒီမှာ ဘုရားရှင်ဟာ ပထမဦးဆုံး တရားဦး ဓမ္မစကြာဒေသနာ တော်ကို ဟောတော်မူပြီး ပဉ္စ၀ဂ္ဂီငါးဥိးတို့ကို အသီသီး တစ်ရက်စီတစ်ရက်စီ သောတပန်တည်ကာ ရဟန္တာအဖြစ်ကို ရောက်စေတော်မူပါတယ်။ (ကျမ်းကိုး = ၀ိနယပိဋက၊ မဟာဝဂ္ဂပါဠိ၊ ပထမက္ခန္ဓက)
လိုရင်းကို အကျဉ်းပဲဖော်ပြဖို့ စိတ်ကူးရှိပေမယ့် သိသင့်တယ်ထင်တာနဲ့ ပါဠိတော်မှာ ပါတဲ့အတိုင်း တစ်ပိုဒ်ချင်း အလျဉ်းသင့်သလို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ပါဠိတော်လာ ဘုရားရှင်ရဲ့ ဒီဖြစ်စဉ်ကို ကြည့်ရင် ဒကာတော်ရဲ့ မေးခွန်းများရဲ့ အဖြေကို နားလည်သဘောပေါက်မှာပါ။ နံပါတ် (၁) အမေးအတွက် ဖြေကြားရရင် ဘုရားရှင်တို့ရဲ့ ဓမ္မတာ (ကျမ်းကိုး = မဟာပဒါသုတ်၊ ဗုဒ္ဓ၀ံသအဋ္ဌကထာ) သုံးဆယ်တွင်ပါဝင်တဲ့ -တရားဟောတော်မူရန် ဗြာဟ္မာမင်းက တောင်းပန်ရခြင်း (ကုန်သည်ညီနောင် နှစ်ဦးသည် ဗြာဟ္မာကြီး မတောင်းပန်ခင် ဘုရားရှင်နှင့်တွေ့)၊ ဣသိပတနမိဂဒါဝုန်တော၌သာ တရားဦး ဒေသနာတော်ကို ဟောတော်မူခြင်းဟူသော ဓမ္မတာသဘောများအရ လည်းကောင်း၊ ပါဠိတော်လာ ဖြစ်စဉ်ဖော်ပြချက်များအရလည်းကောင်း ဓမ္မစကြာဒေသနာသည်သာ တရားဦးဒေသနာဖြစ်ပါတယ်။ နောက် တစ်ချက်က တပုဿဘလ္လိက ကုန်သည်ညီနောင်တို့ဟာ ပဉ္စ၀ဂ္ဂီငါးဦးအရင် ဘုရားရှင်နဲ့တွေ့တာ မှန်ပေမယ့် ဘုရားရှင်ကို ဥပါသကာအဖြစ်သာ လက်ခံဖို့လျှောက်ပြီး တရားဟောဖို့ မလျှောက်ပါဘူး။ (ရာဇာယတန သတ္တာဟလာ စကားရပ်ကို သေချာစွာ ဖတ်ကြည့်ပါရန်)။ ဘုရားရှင်ဟာ သူတို့ကို တရားလည်း မဟောပါဘူး။ ဘုရားရှင်ကို ဖူးတွေ့ကြည်ညိုပြီး ဘယ်သူတိုက်တွန်းမှုမှ မပါဘဲ သူတို့ကိုယ်တိုင် ဥပါသကာအဖြစ်ခံယူကာ ဘုရားရှင်ကိုလည်း ဥပါသကာအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားကြခြင်းဖြစ်ပါတယ်။ နောက်ပိုင်း ဘုရားရှင်က ဧတဒဂ်ရာထူးများ ပေးတဲ့အခါ ကုန်သည်ညီနောင် နှစ်ယောက်ကို ပထဦးစုံး ဒွေဝါစီကသရဏဂုံ တည်သူများအဖြစ် ဧတဒဂ်ပေးပါတယ်။ စာပေတွေမှာလည်း ဒီကုန်သည်ညီနောင်ကို တရားဟောကြောင်း ဖော်ပြချက်များ မပါရှိပါ၊ တွေ့လည်းမတွေ့ရပါ။ မဟာယာနကျမ်းစာများမှာဆိုရင် တပုဿဘလ္လိက အကြောင်း ဖော်ပြချက်တောင်မရှိကြောင်း သိရပါတယ်။ ထေရ၀ါဒကျမ်းများမှာတော့ အထက်ပါဖော်ပြချက်အတိုင်းပါရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြောလိုတာက ဓမ္မစကြာဒေသနာသည်သာ ဘုရားရှင်ရဲ့ တရားဦးဒေသနာဖြစ်ကြောင်း ဖြေကြားလိုရင်းဖြစ်ပါတယ်။
နံပါတ် (၂) မေးခွန်းရဲ့ အဖြေဟာလည်း ပထမအဖြေဖတ်ပြီးရင် သဘောပေါက်မှာပါ။ ဘုရားရှင်ရဲ့ တရားတော်ကို ကိုယ်တိုင်နာယူလိုက်ရတဲ့ ပုဂ္ဂိုလ်များအနက် ပဉ္စ၀ဂ္ဂီငါးဦး အပါအ၀င် အခြားအခြားသော ပုဂ္ဂိုလ်များဟာ အသီသီးတရား ရသွားသူများဖြစ်ကြပါတယ်။ ဒီကုန်သည်ညီနောင်ကတော့ ဘုရားရှင်ကို ကိုယ်တိုင်ဖူးတွေ့ကြရပေမယ့် တရားဟောဖို့ မလျှောက်ကြပါဘူး။ ဒွေဝါစိကသရဏဂုံခံယူပြီး ဥပါသကာ အဖြစ် အသိအမှတ်ပြုဖို့သာ လျှောက်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ သရဏဂုံတည်ရုံအဆင့်သာ ရောက်ရှိသွားကြသူများဖြစ်ပြီး ဘုရားရှင်ရဲ့တရားကို နာခွင့်မရလိုက်သူများဖြစ်ပါတယ်။ ဒါဖြင့် ဓမ္မံ သရဏံ ဂစ္ဆာမိ ဟု ဘာကြောင့်ဆောက်တည်ကြတာလဲလို့ စောဒကတက်စရာ ရှိပါတယ်။ တကယ်တော့ ဘုရားရှင် ပွင့်ပြီဆိုတာနဲ့ ဓမ္မရတနာလည်း ပါပြီးဖြစ်ပါတယ်။ ဘုရားရှင်က မဟောလို့ မနာရပေမယ့် တရားတော်ဟာ ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒွေဝါစိက သရဏဂုံဆောက်တည်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဘုရားရှင်ကိုယ်တော်တိုင်လည်း အရဟတ္တဖိုလ်ချမ်းသာကို ခံစားစဉ်ဖြစ်တဲ့အပြင် တရားဟောဖို့လည်း စိတ်ကူးရှိဟန် မတူပါဘူး။ တရားမဟောဖို့တောင် အကြံဖြစ်ခဲ့ပါသေးတယ် (သဟမ္ပတိဗြာဟ္မာမင်း တောင်းပန်လျှောက်ထားသည့် အပိုင်းကိုကြည့်ပါ)။ ဒါကြောင့် ကုန်သည်ညီနောင်တို့ဟာ တရားနာခွင့်မရ လိုက်တဲ့ အတွက် တရားလည်းမရလိုက်ကြပါဘူး။ တရားမရတဲ့အတွက် သောတာပန်ဖြစ်တယ်လို့လည်း ပြောလို့မရ ပါဘူး။ သူတို့နှစ်ဦးနဲ့ပတ်သက်ပြီး စာပေကျမ်းဂန်တွေမှာလည်း ပထမဆုံး ဒွေဝါစိကသရဏဂုံတည်သူများ၊ ပထမဆုံးသရဏဂုံတည်သူဟူသော ဧတဒဂ်ရသူများ အဖြစ်သာ ဖော်ပြပါတယ်။ အထွေအထူးတရား ရကြောင်း ဖော်ပြတာမတွေ့ရပါ။

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive