Sunday, August 30, 2009

လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလျှင် မည်သို့ကျော်လွှားရမည်နည်း…

စွပ်စွဲခံရခြင်း၊ အထင်မှားခံရခြင်း၊ အပြစ်ပြောခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချီးမွန်းခံရခြင်း စတာတွေဟာ လောကဓံတရားတွေပါ။ လောကဓံဆိုတာ လောကမှာရှိတဲ့သူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် သဘော တွေပါ။ သာမန်လူများမပြောနဲ့ ဘုရား၊ ရဟန္တာတို့တောင်မှ ဒီလိုစွပ်စွဲခံရခြင်းမှ မလွတ်ကင်းနိုင်ကြဘူးဆိုတာ ဘုရားရှင်းအကြောင်း၊ ရဟန္တာများအကြောင်း ဖော်ပြထားတဲ့ ပိဋကတ်စာပေတွေမှာ အများကြည့်တွေ့ရမှာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပဲ တိတ္တိတို့ရဲ့ အမျိုးမျိုး စွပ်စွဲခံရ၊ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များရဲ့ အဆဲအဆို အကြိမ်းအမောင်းတွေကို ခံခဲ့ရပါတယ်။ ဒီလို မဟုတ်မတရား အပြောခံရ၊ စွပ်စွဲခံရတာတွေဟာ လောကဓံ တရားတွေပဲလို့ ပြောလို့ရသလို အကုသိုလ်ရဲ့ အကျိုးဆက် တစ်နည်းအားဖြင့် ၀ဋ်တွေလို့လည်း ပြောလို့ရ ပါတယ်။ အကုသိုလ်အကျိုးဆက် ၀ဋ်တွေဆိုရင်တော့ ပြန်လည်ပေးစပ်ခြင်းဖြင့် ကျေအောင်စပ်ရပါတယ်။ ဒီလိုမှမဟုတ် သာမန်ကြုံရတဲ့ လောကဓံသဘောမျိုးပဲ ဆိုရင်တော့ မတုန်မလှုပ် ခံနိုင်အောင် ကြိုးစားခြင်းဖြင့် ကျော်လွှားနိုင်ရပါမယ်။ အဓိကကတော့ အကုသိုလ် အကျိုးဆက်တွေပဲ ဖြစ်ဖြစ်၊ လောကဓံတရားတွေပဲ ဖြစ်ဖြစ် ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်ဘက်က မှန်နေ၊ ကောင်းနေဖို့ပါပဲ။ မှန်နေ၊ ကောင်းနေဖို့ဆိုတာက ကိုယ်ကျင့်တရားတွေ လုံနေဖို့၊ မဟုတ်တဲ့အကုသိုလ်တွေကို မလုပ်မိနေဖို့ပါ။ ကောင်းတာတွေ လုပ်နေသူတွေ ဟာ သူများအထင်သေးမှာ ကဲ့ရဲ့စွပ်စွဲခံရမှာ မကြောက်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကဘာမှ မဟုတ်တာလုပ်ထားတာ မရှိလို့ပါ။ ဒီလိုသူများအထင်သေး၊ ကဲ့ရဲ့စွပ်စွဲမှာ ကြောက်နေတတ်တာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေလို့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းနေတာဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလတွေ အားနည်းနေသေးလို့ပါ။ ဒါကြောင့် ယုံကြည်မှုများအားကောင်းအောင် ကိုယ့်ကျင့်သီလ ကုသိုလ်တရားများ များနေဖို့အရေးကြီးပါတယ်။ မဟုတ်တာတွေ၊ မကောင်းတာတွေ မလုပ်မိဖို့ အရေးကြီး ပါတယ်။
တကယ်တော့ လူတိုင်းလူတိုင်း မွေးလာကတည်း သေတဲ့အထိ ဒီလိုအကောင်း လောကဓံချည်းနဲ့ပဲ နေသွားရတာ မဟုတ်သလို အဆိုးလောကဓံချည်းနဲပဲ နေသွားရတာမဟုတ်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ပြီးသွားပါလိမ့်မယ်။ အခိုက်အတန့်လေးသာ ဖြစ်ပါတယ်။ အဲ… အဲဒီအခိုက်အတန့် ကာလကို ကိုယ်က ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။ လောကဓံကြောင့် ပျက်ဆီးကြတယ် ဆိုတာလဲ ဒီကြုံလာတဲ့ အခိုက်အတန့်လေးကို မခံနိုင်လို့ ဖြစ်ကြတာပါ။ မင်္ဂလသုတ်မှာ လာသလိုပေါ့.. ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ… စသဖြင့် လောကဓံနဲ့ ကြုံတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ မတုန်လှုပ်ဘူး၊ စိုးရိမ်မှုကင်းတယ်၊ အညစ်အကြေးကင်းတယ်၊ ငြိမ်းချမ်းတယ်ဆိုရင် မင်္ဂလာပါတဲ့.. ဒါကြောင့် ဘယ်လိုလောကဓံနဲ့ ကြုံကြုံ မတုန်မလှုပ် ခံနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
လောကဓမ္မသုတ်အလိုအရ ပြောမယ်ဆိုရင် အရိယာပုဂ္ဂိုလ်များ ကျင့်သလို ကျင့်နိုင်ရင် ဒီလောကဓံကို ကောင်းကောင်း ခံနိုင်သွားပါလိမ့်မယ်။ အရိယာပုဂ္ဂိုလ်များဟာ လောကဓံတရားများနဲ့ ကြုံတွေ့တဲ့အခါ လက္ခဏာရေး သုံးပါးနဲ့ ရင်ဆိုင်ကျော်လွှား ကြတယ်လို့ ဆိုပါတယ်။ သိတဲ့အတိုင်းပဲ လက္ခာဏာရေး သုံးပါးဆိုတာ မမြဲခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ ကိုယ့်အလိုသို့မလိုက် သူ့အလိုလိုဖြစ်နေတဲ့ အစိုးမရခြင်း အနတ္တသဘောကို ပြောတာပါ။ ပုထုဇင်များ ဖြစ်တဲ့အတွက် အရိယပုဂ္ဂိုလ်တို့လို လောကဓံ တရား အပေါ် လက္ခဏာရေးသုံးပါးနဲ့ မရှုပွားနိုင်ပေမယ့် အရာအားလုံးဟာ မမြဲခြင်းသဘော ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ဖြေနိုင်ရင် အတော်အသင့် ခံနိုင်ရည် ရှိလာပါလိမ့်မယ်။ ပြီးတော့ သတိထားရမှာက အာရုံနောက်ကို စိတ်မလိုက်မိဖို့ပါ။ အာရုံနောက်ကို စိတ်လိုက်တယ်ဆိုတာ အရှင်းဆုံးပြောရရင် စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားဖို့ပါ။ စကားလုံးဆိုတာကတော့ ပညတ်သတ်မှတ်ချက်တွေ ဖြစ်တဲ့ အတွက် ကိုယ်နဲ့အဆင်ပြေ သင့်မြတ်နေရင် အကောင်းပြောကြမှာဖြစ်ပြီး အဆင်မပြေရင်တော့ အပြစ်ပြော၊ ကဲ့ရဲ့အစွပ်စွဲခံရမှာပါ။ ဒါကြောင့် ဘယ်သူတွေဘာပဲ ပြောပြော အဲဒီပြောတဲ့ စကားလုံးတွေနောက်ကို ကိုယ့်ရဲ့စိတ်က လိုက်ပြီးတွေးတော ခံစားမနေဖို့ပါ။ လစ်လျူရှုနိုင်အောင် ကြိုးစား ဖို့ပါ။ ဒါလည်းပဲ ပြီးသွားမှာပဲ ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုသာ သံသရာကောင်းစေဖို့ အကောင်းတွေနဲ့ ပြည့်အောင်ကြိုးစားနေဖို့ပါ။ စွပ်စွဲပြောဆိုကဲ့ရဲ့သူတွေ ဘယ်လိုပဲပြောနေကြပါစေ နောက်ဆုံးသံသရာခရီးသွားတဲ့အခါ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ စေတနာကံတွေကသာ ကိုယ်နဲ့တစ်ပါတည်း ပါသွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဘာမှမမြဲတဲ့ လောကကြီးမှာ အခိုက် အတန့်ဖြစ်တဲ့ အချိန်လေးလောက်ပဲ ဖြစ်ပေါ်တတ်တဲ့ စွပ်စွဲခံရခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ အထင်သေးခံရခြင်းတွေကို လိုက်ပြီးခံစားမဘဲ အားလုံးကို ဥပေက္ခာပြု လစ်လျူရှုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ပေးနိုင်တဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရား၊ ကုသိုလ်တရားတွေကိုသာ များသထက်များ၊ ပြည့်သထက်ပြည့်အောင် ကြိုးစားဖို့ လိုပါတယ်။ သေချာတာက ဘာမှမမြဲဘူးဆိုတာပါပဲ…

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive