Competition ဟူသော စကားလုံးကို ယှဉ်ပြိုင်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ပြိုင်ပွဲဟူ၍ မြန်မာပြန်ဆိုကြသည်။ ယှဉ်ပြိုင်မှုကို ပြုကြသည်မှာ အနိုင်အရှုံးကြောင့်ဖြစ်သည်။ မည်သည့်ပြိုင်ဆိုင်မှုကို ပြုသည်ဖြစ်စေ နောက်ဆုံးထွက်ပေါ်လာသည့် အဖြေမှာ အနိုင် သို့မဟုတ် အရှုံး တစ်ခုခုပင်ဖြစ်သည်။ သရေဖြစ်နေလျှင် အဖြေမဟုတ်၊ ပြိုင်ပွဲ၏အဆုံး မဟုတ်သေးပေ။ သတ္တ၀ါတို့၏ သဘောမှာ အတ္တသားကောင်များ ဖြစ်သည့် အလျှောက် ပြိုင်ဆိုင်မှု ပြုလာလျှင် မိမိကသာ အနိုင်ရလိုကြသည်။ မိမိကိုယ်တိုင်မဟုတ်လျှင် မိမိနှင့် သက်ဆိုင်ရာ၊ မိမိနှင့်နီးစပ်ရာကို အနိုင်ရစေချင်ကြသည်။ အမျိုးချင်းယှဉ်လာလျှင် ကိုယ့်အမျိုး၊ တပည့်ချင်းယှဉ်လာလျှင် ကိုယ့်တပည့်၊ ဆရာချင်းယှဉ်လာလျှင် ကိုယ့်ဆရာ၊ အိမ်ချင်းယှဉ်လာလျှင် ကိုယ့် အိမ်၊ ရပ်ကွက်ချင်းယှဉ်လာလျှင် ကိုယ့်ရပ်ကွက်၊ မြို့ရွာချင်းယှဉ်လာလျှင် ကိုယ့်မြို့ရွာ၊ တိုင်းနှင့် ပြည်နယ်ယှဉ်လာလျှင် ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်၊ နိုင်ငံချင်းယှဉ်လာလျှင် ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံမပါလျှင် ကိုယ်နှင့် နီးစပ်ရာနိုင်ငံ၊ ကိုယ်နှင့်ကိုးကွယ်မှုဓလေ့တူရာနိုင်ငံ စသည်ဖြင့် မိမိနှင့်ပတ်သက်ရာ၊ နီးစပ်ရာကို အနိုင်ရစေလိုကြသည်။ ယုတ်စွအဆုံး ခွေးချင်းကိုက်လျှင်ပင် ကိုယ့်အိမ်ကခွေးပဲ အနိုင်ရစေလိုကြသည်။ ဤသည်မှာ သတ္တ၀ါတို့၏ အတ္တကြောင့်သာ ဖြစ်သည်။
စင်စစ် မိမိတို့ယှဉ်ပြိုင်မှု၏ အနိုင်အရှုံးတွင် အနိုင်ရသည့်ပုဂ္ဂိုလ်သည် အမှန်တကယ် အနိုင်ရမှု ဖြစ်မဖြစ်ဆိုသည်ကို ဆင်ခြင်သုံးသပ်ရန် လိုအပ်ပေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်နှင့် ခိုက်ရန်ဖြစ်၍ တစ်ဘက်သူ ရှုံးနိမ့်ပြီး မိမိက အနိုင်ရလိုက်သည် ဆိုကြပါစို့ အနိုင်ရလိုက်သည့် မိမိမှာ အမှန်တကယ် အနိုင်ရလိုက်ခြင်း ဖြစ်မဖြစ် စဉ်းစားရပေမည်။ ဤသို့သော ပြိုင်ပွဲမျိုးတွင် မိမိအနိုင်ရလိုက် သည်ဟု ထင်ပါက မှားသွားနိုင်သည်။ အမှန်အားဖြင့် မိမိနိုင်လိုက်ခြင်း မဟုတ်ပေ။ ရှုံးနိမ့်သွားခြင်းသာ ဖြစ်သည်။ မိမိသန္တာန်၌ရှိသည့် ခန္တီတရား၊ မေတ္တာတရားများ ရှုံးနိမ့်သွားပြီး ဒေါသတရားသာ ရရှိလိုက်ခြင်းဖြစ်သည်။ ဒေါသမှာ ကုသိုလ်တရားမဟုတ်၊ အကုသိုလ်တရားသာ ဖြစ်သည်။ မိမိသည် ဒေါသဟူသော အကုသိုလ်ကိုသာ ရရှိလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကုသိုလ်မရဘဲ အကုသိုလ်ရ လိုက်ခြင်းသည် အနိုင်ရခြင်းမဟုတ်၊ `ရှုံးနိမ့်သွားခြင်းသာ ဖြစ်သည်။
ဤကဲ့သို့သော အနိုင်ရမှုမျိုးကို ဗုဒ္ဓက အားမပေးပေ။ ဗုဒ္ဓက သူတပါးကို အနိုင်ရခြင်းသည် အမှန်တကယ် အနိုင်ရခြင်း မဟုတ်၊ မိမိကိုယ်ကိုအနိုင်ရခြင်း၊ မိမိ၏သန္တာန်၌ရှိသည့် အကုသိုလ်ကိလေသာ တရားတို့ကို အပြင်မထွက်အောင် ထိမ်းသိမ်းနိုင်ခြင်း၊ ချုပ်တည်းနိုင်ခြင်းကသာ အမှန်တကယ် အနိုင်ရခြင်းဖြစ်သည်ဟု မိန့်တော် မူသည်။
ဗုဒ္ဓလက်ထက်က အနတ္တပုစ္ဆကဟူသော ပုဏ္ဏာတစ်ဦးရှိသည်။ ပုဏ္ဏားကြီးသည် ကြွေအန်ကစားခြင်းဟူသော လောင်းကစားကို အမြဲပြုလုပ်လေ့ရှိသည်။ များသောအားဖြင့် အနိုင်ရသည်သာများသည်။ တစ်နေ့ ပုဏ္ဏားကြီးသည် ဘုရားရှင်ထံသို့ သွားရောက်ဖူးမြှော်၍ အကျိုးစီးပွားရှိမှု မရှိမှုနှင့်စပ်သည့် တရားကို မေးလျှောက်၏ ဗုဒ္ဓက
- နေထွက်အောင်အိပ်ခြင်း
- ပျင်းရိခြင်း
- ကြမ်းကြုတ်ခက်ထန်ခြင်း
- အရက်သေစာသောက်စားမူးယဇ်ခြင်း
- အဓွန့်ရှည်သော ခရီးကို တစ်ယောက်တည်းသွားခြင်း
- သူတပါးသားမယားကို မှီဝဲခြင်းတို့သည် အကျိုးစီးပွားမဲ့စေသည့် တရားများဖြစ်ကြောင်း မိန့်တော်မူ၏။
ယင်းတရားခြောက်းပါးကို နားကြားပြီးနောက် ပုဏ္ဏားကြီးသည် ဘုရားရှင်တို့သည် အကျိုးစီးပွားရှိသည့် တရားကိုသာ သိသည်မဟုတ်၊ အကျိုးမဲ့စေနိုင်သည့် တရားကိုလည်းသိကြောင်း ချီးကျူးပြောဆိုလေသည်။ ထို့နောက် ဗုဒ္ဓက ပုဏ္ဏားကြီးအား
“ပုဏ္ဏားကြီး သင်အဘယ်အမှုဖြင့် အသက်မွေးပါသနည်း”ဟု မေး၏။
ပုဏ္ဏားကြီးက “တပည့်တော် ကြွေအန်ကစားသောအမှုဖြင့် အသက်မွေးပါသည်ဘုရား”ဟု လျှောက်၏။
“ကြွေအန်ကစားသည့်အခါ နိုင်ခြင်းဖြစ်သလော၊ ရှုံးခြင်းဖြစ်သလော”ဟု ဗုဒ္ဓက မေးတော်မူပြန်သည်။
ပုဏ္ဏားကြီးက “အရှင်ဘုရား…နိုင်ခြင်းလည်းဖြစ်ပါသည်။ တစ်ခါတစ်ရံ ရှုံးခြင်းလည်းဖြစ်ပါသည်ဘုရား”ဟု လျှောက်၏။
ထိုအခါ ဗုဒ္ဓက “ပုဏ္ဏားကြီး…ဤသို့ နိုင်ခြင်းသည် အနည်းငယ်သာဖြစ်သည်။ သူတပါးကို အနိုင်ရသောသူ၏ အောင်မြင်ခြင်းသည် မမြတ်၊ အကြင်သူသည် ခန္ဓာကိုယ်အတွင်းမှာရှိသည့် ကိလေသာတို့ကို နိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်၏။ ထိုသူ၏ အောင်မြင်ခြင်းသည်သာ မြတ်၏။ ထိုမိမိကိုယ်ကို အောင်သောသူကို တစ်စုံတစ်ယောက်သော တန်ခိုးရှင် နတ်ဗြဟ္မာတို့သော်မှလည်း ရှုံးနိမ့်အောင်ပြုခြင်းငှါ မတတ်နိုင်သည်သာတည်း”ဟု ဟောကြားတော်မူသည်။
မှန်၏။ အထက်ပါဒေသနာတော် အတိုင်းပင် အနိုင်အရှုံးတစ်ခုခုတွင် မိမိကိုယ်ကို အနိုင်ရခြင်း၊ မိမိ၏အတွင်း ကိလေသာတို့ကို ထိန်းချုပ်နိုင်ခြင်းသည်သာ အမြတ်ဆုံးသော အနိုင်ရခြင်းဖြစ်ကြောင်း သိနိုင်၏။
ဗုဒ္ဓအလိုတော်အရ အနိုင်အရှုံးသတ်မှတ်မှုမှာ ရုပ်ပိုင်းဆိုင်ရာ အနိုင်အရှုံးကို ဆိုလိုသည်မဟုတ်။ စိတ်ပိုင်းဆိုင်ရာ အနိုင်အရှုံးကိုသာ ဆိုလိုရင်းဖြစ်ပေသည်။ သတ္တ၀ါတို့သည် များသောအားဖြင့် မိမိတို့၏ စိတ်ကိုအလိုလိုက်လေ့ ရှိကြသည်။ အာရုံနောက်ကိုလိုက်၍ စိတ်ကိုလွှတ်ထားတတ်သည်။ စိတ်အလိုလိုက်မှုကြောင့် ဆုံးရှုံးမှုများလည်း မရေမတွက်နိုင်အောင် ကြုံခဲ့ကြပြီးဖြစ်သည်။ အာရုံကို အမှီပြု၍ လိုချင်တပ်မက်မှု လောဘတရားများလည်း တိုးပွားခဲ့ဖူးကြလေပြီ။ စိတ်ကို မထိန်းချုပ်နိုင်သဖြင့် ဒေါသတရားများနှင့်လည်း ဘ၀ကိုကျင်လည်ခဲ့ရဖူးပေပြီ။ အချို့ဆိုလျင် စိတ်ကိုအလိုလိုက်မှု စိတ်ကိုမထိန်းချုပ်နိုင်မှုကြောင့် ဤဘ၀တွင်ပင် ဒုက္ခမျိုးစုံကို ကြုံတွေ့ကြရသည်။ မိမိသန္တာန်မှာရှိသည့် လိုချင်တပ်မက်မှု လောဘစိတ်ကို အနိုင်မယူနိုင်၊ မထိန်းချုပ်နိုင်သဖြင့် သူတပါးပစ္စည်း ဥစ္စာများကို မတရားယူမှု အထိကျူးလွန်ကြသည်။ ဤကျူးလွန်မှုသည် ကိုယ်ကျင့်တရား ဖောက်ပြန်မှုပင်ဖြစ်သည်။ ကိုယ်ကျင့်တရားပျက်သူသည် သီလမလုံခြုံသူပင်ဖြစ်သည်။ သီလမလုံခြုံလျှင် ယခုဘ၀မှာပင် အရာရာကို ထိတ်လန့်ကြောက်ရွံ့နေရတတ်သည်။ သီလပျက်ဆီးမှုကြောင့် နောင်ဘ၀တွင်လည်း ဒုဂ္ဂတိဘ၀သို့ ရောက်ရတတ်သည်။ လူ့ဘ၀ဆိုတဲ့ သုဂတိဘ၀ရောက်ပြီးမှ နိမ့်ကျတဲ့ဒုဂ္ဂတိဘ၀ရောက်သွားခြင်းသည် ဘ၀ကို ရှုံးနိမ့်သွားခြင်းသာဖြစ်သည်။
ထို့အတူ မိမိသန္တာန်မှာရှိသည့် ဒေါသတရားကို အနိုင်မယူနိုင်သဖြင့် အရာရာကို ရှုံးနိမ့်သွားရသည့် ပုဂ္ဂိုလ်များလည်း မရေမတွက်နိုင်အောင် ရှိကြသည်။ တရားရုံး၌ အမှုရင်ဆိုင်နေကြရသည့်သူများ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အပြစ်ခံနေကြရသူများကို တွေ့ရလျှင် စာရေးသူစိတ်ထဲတွင် အမြဲစိတ်မကောင်းဖြစ်မိသည်။ သူတို့ကိုကြည့်ပြီး ကရုဏာသတ်မိသည်။ အချို့ဆိုလျှင် ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ပြီး လူသတ်မှုကို ကျူးလွန်သည်အထိဖြစ်ကာ ထောင်နန်းစံခဲ့ရသည်။ ခဏတာဖြစ်ပေါ်လာသည့် ဒေါသစိတ်ကို အနိုင်မယူနိုင်သဖြင့် ထိုဒေါသက မိမိကို အနိုင်ယူသွားခြင်းဖြစ်၏။ ဒေါသက အနိုင်ယူလိုက်သဖြင့် မိမိဘ၀ အရှုံးပေါ်ခဲ့ရသည်။ စင်စစ် ကိလေသာတရားများတွင် ဒေါသတရားသည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ သတ္တ၀ါများကို ဒုက္ခအများဆုံး ဖြစ်ပေါ်စေသည့် တရားလည်းဖြစ်သည်။ “ဒေါသော အတ္တံ နဇာနာတိ” ဟူသော စကားအတိုင်းပင် ဒေါသတရားဖြစ်လာလျှင် အကျိုးအဖြစ်ကို မသိကြတော့ပေ။ ဒေါသကြောင့် အကောင်းအဆိုး၊ အမှားအမှန်ကို မခွဲခြားတတ်ကြတော့ပေ။ ထိုသို့ မခွဲခြားနိုင်သဖြင့် လုပ်မိလုပ်ရာ လုပ်လိုက်တတ်ကြသ်ည။ လုပ်သမျှအရာများသည်လည်း အမှားများသာ ဖြစ်နေတတ်သည်။ နောက်မှ ပြန်သတိရသော်လည်း နောက်ကျသွားပေပြီ။ ပြုပြင်၍ မရနိုင်သည့်အမှားနှင့် နောင်တတရားကိုသာ ရရှိလိုက်ကြသည်။ ထို့အပြင် ဒေါသစိတ်လွန်ကဲသည့် ပုဂ္ဂိုလ်များမှာ ရုပ်အဆင်းပါ ပြောင်းလဲသွား တတ်ကြသည်။ ဒေါသစိတ်ကြောင့် မျက်နှာအမူအရာ နီမြန်းလာပြီး ဣနြေ္ဒမဲ့ဖြစ်ကာ ပတ်ဝန်းကျင်တွင်လည်း အရှက်ရတတ်သည်။ ဒေါသစိတ်ကို အနိုင်မယူနိုင်သဖြင့် ဘ၀မှာ ရှုံးနိမ့်မှုများနှင့်သာ ကြုံတွေ့ကြရတတ် သည်။
စာရေးသူ ငယ်စဉ်က ဦးမှတ်ကြီးဆိုသည့် လူတစ်ယောက်နှင့် ဆုံတွေ့ဖူးသည်။ ဦးမှတ်ကြီးသည် အလွန်စိတ်တိုတတ်သည်။ ဘာမဟုတ်သည့် အကြောင်းအရာလေးကိုပင် သီးမခံနိုင်ဘဲ။ ဒေါသထွက် တတ်သည်။ ဦးမှတ်ကြီး စိတ်တိုလာလျှင် အလွန်ကြောက်စရာကောင်းသည်။ မျက်နှာအမူအရာ ပြောင်းပြီး နီးစပ်ရာနှင့် ကောက်ပေါက်တတ်သည်။ ကလေးလူကြီး မခွဲခြားဘဲ စိတ်မြန်လက်မြန် လုပ်လေ့ရှိသည်။ ဦးမှတ်ကြီး၏ လက်သုံးစကားမှာ “ငါက စိတ်ဆတ်တယ်၊ ဒါ ငါ့အကျင့်ပဲ၊ ဒီလို စိတ်မြန်လက်မြန်ရှိတာ ကိုလည်း ငါဂုဏ်ယူတယ်” ဟူ၍ဖြစ်သည်။ နောက်မှ ကြားရသည့်စကားအရ ယခု ဦးမှတ်ကြီးသေပြီဆိုတာကို သိလိုက်ရသည်။ ထောင်ထဲမှာ သေသည်ဟုလည်း ဆိုသည်။ ဖြစ်ပုံမှာ တစ်နေ့ ဦးမှတ်ကြီး ထင်းခွဲနေစဉ် ကလေးတစ်ယောက်က သွားစမိသဖြင့် ကလေးကို ထင်းခွဲနေတဲ့ ဓားနဲ့ခုတ်လိုက်မိ၍ ကလေးသေပြီး ဦးမှတ်ကြီးလည်း ထောင်ကျသွားကာ ထောင်ထဲမှာပင် သေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဦးမှတ်ကြီးကို သူ့ရဲ့ဒေါသစိတ်က အနိုင်ယူသွားခြင်းဖြစ်သည်။ ဦးမှတ်ကြီး၏ ဆုံးရှုံးမှုသည် ဘ၀ပျက်သည်အထိ ဖြစ်ခဲ့ရသည်။ လူဖြစ်သော်လည်း ဘ၀တန်ဘိုး မဲ့ခဲ့ရသည်။ ဒေါသအစွမ်းကြောင့် ထောင်နန်းစံခဲ့ရပြီး ကုသိုလ်ကောင်းမှုနှင့် ဝေးခဲ့ရသည်။ အကုသိုလ်တရားနှင့် ဘ၀ကို အဆုံးသတ်ခဲ့ရသည်။ ကုသိုလ်မပါဘဲ အသက်ဆုံးသွားသဖြင့် ဘ၀ကူးကောင်းဖို့လည်း မဖြစ်နိုင်ပေ။ ဦးမှတ်ကြီး၏ ဒေါသစိတ်ကို မထိန်းနိုင်ဘဲ ကလေးအပေါ် အနိုင်ယူလိုက်မှုသည် အမှန်စင်စစ် အနိုင်ရလိုက်ခြင်းမဟုတ်ဘဲ ရှုံးနိမ့်သွား ခြင်းသာဖြစ်သည်။ အနိုင်အရှုံးယှဉ်ပြိုင်လိုက်လျှင် ဦးမှတ်ကြီးအားလုံးရှုံးသွားခဲ့သည်။ ပစ္စုပ္ပန်ရော အနာဂတ်ဘ၀အတွက်ရော အရှုံးကိုသာ ရလိုက်သည်။ ဤသို့ အရှုံးသာရလိုက်ခြင်းမှာ မိမိသန္တာန်မှာရှိသည့် ဒေါသစိတ်ကို အနိုင်မယူနိုင်သောကြောင့် ဖြစ်သည်။
စင်စစ်လောက၌ အခက်ခဲဆုံးအလုပ်မှာ စိတ်ကို ထိန်းချုပ်ခြင်းပင်ဖြစ်သည်။ အရာရာကို ဖန်တီးနိုင်စွမ်း ရှိသည်မှာ စိတ်ပင်ဖြစ်သည်။ ဘ၀ကိုလှစေသည်မှာလည်း ဤစိတ်ကြောင့်ပင်ဖြစ်ပြီး ဘ၀ကို ပျက်စေ သည်မှာလည်း ဤစိတ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဗုဒ္ဓက အရာရာမှာ စိတ်သာလျှင် အဓိကကျကြောင်း ဟောထားခြင်း ဖြစ်ပေမည်။ စိတ်ကိုနိုင်လျှင် အရာရာကို အနိုင်ရသည်ဟု မိန့်တော်မူခြင်းဖြစ်ပေမည်။
ဗုဒ္ဓအလိုတော်အရ အတိတ်ကုသိုလ်ကံကြောင့် လူ့ဝကို ရရှိလာသော်လည်း လူ့ဘ၀မှ နိမ့်ကျသည့် ဘုံဘ၀သို့ ရောက်ရှိသွားလျှင် ဤပုဂ္ဂိုလ်သည် အရှုံးသမားသာဖြစ်သည်ဟု ဆိုရပေမည်။ ဤသို့ ရှုံးနိမ့်ရခြင်းသည် မိမိသန္တာန်မှာ ရှိသည့် မကောင်းသည့် အကုသိုလ်စိတ်များကို မထိန်းချုပ်၍ဖြစ်သည်။ စင်စစ်မကောင်းမှုကို အနိုင်ယူနိုင်သည်မှာ ကောင်းမှုကုသိုလ်သာဖြစ်သည်။ ကောင်းမှုကုသိုလ်ဖြစ်ရန် မိမိစိတ်ကို ကောင်းသည့်အာရုံ၌ ပျော်မွေ့နိုင်အောင် ကြိုးစားရပေမည်။ စိတ်ကို ကောင်းမှု၌ ပျော်နိုင်အောင် ထိန်းချုပ်ရပေမည်။ လောဘဖြစ်မည့်စိတ်ကို မဖြစ်အောင်ထိန်နိုင်ခြင်းသည် စိတ်ကိုအနိုင်ရလိုက်ခြင်းဖြစ်၏။ ဒေါသဖြစ်မည့်စိတ်ကို မဖြစ်အောင် ထိန်းနိုင်ခြင်းသည် မိမိစိတ်ကို တစ်နည်းအားဖြင့် မိမိကိုယ်ကို အနိုင်ရလိုက်ခြင်းပင်ဖြစ်သည်။ အပြောလွယ်သလောက် အလုပ်ခက်ဆိုသကဲ့သို့ ဤသို့ စိတ်ကို ထိန်းချုပ်နိုင် ရန်မှာ မိမိသန္တာန်တွင် မမေ့လျော့ခြင်း အပ္ပမာဒသတိတရား ရှိမှဖြစ်ပေမည်။ သတိတရားရှိနေလျှင် စိတ်ကို ထိန်းချုပ်နိုင်ပြီး မိမိကိုယ်ကို အနိုင်ယူနိုင်ပေလိမ့်မည်။ ဤသို့သော အနိုင်ယူမှုမျိုးသည်သာ စစ်မှန်သည့် ဘုရားအလိုကျ အနိုင်ရမှု၊ သူတော်ကောင်းများ ချီးကျူးသည့် အနိုင်ရမှုဖြစ်ပေသည်။
ထို့ကြောင့် အရာရာကို အနိုင်ရလိုပါက သူတပါးအပေါ် အနိုင်မယူဘဲ မိမိကိုယ်ကို အနိုင်ယူနိုင်အောင်၊ မိမိသန္တာန်၌ ရှိသည့် ကိလေသာတရားများကို အပြင်မထွက်အောင် သတိတရားလက်ကိုင်ထားပြီး အနိုင်ယူနိုင်အောင် လေ့ကျင့်ရင်း ဘ၀မှာ ရှုံးနိမ့်များမရှိရအောင် ကြိုးစားအားထုတ်နိုင်ကြစေရန် ဤ ဆောင်းပါးဖြင့် သတိပေး တင်ပြလိုက်ရပါသည်။

No comments:
Post a Comment